News @ M-Media

Tag: SaudiArabia

  • ဆော်ဒီတွင် ပထမဆုံး စမတ်ဆေးဌာန ဖွင့်လှစ်

    ဆော်ဒီတွင် ပထမဆုံး စမတ်ဆေးဌာန ဖွင့်လှစ်

    ဇူလိုင် ၂၂၊ ၂၀၁၈
    M-Media

    – အလိုအလျောက် စက်ပစ္စည်းတွေနဲ့သာလည်ပတ်မယ့် တိုင်းပြည်ရဲ့ ပထမဆုံး စမတ် ဆေးဝါးဌာနကို ဆော်ဒီအာရဗျက အခုသီတင်းပတ်အတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။

    တဘူက်ဒေသက King Fahd Specialist Hospital ဆေးရုံမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီဌာနဟာ တစ်နာရီကို ဆေးဝါးအထုပ်ပေါင်း ၁၅၀၀ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆေးပါကင်ပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းထားနိုင်ပြီး ရက်လွန်ဆေးဝါးတွေကို ဖယ်ရှားတာ၊ တစ်နာရီကို လူ ၂၄၀ လောက်အထိ ဆေးဝါးတွေ ထုတ်ပေးတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

    အလိုအလျောက်စနစ်တွေ အသုံးပြုထားတာကြောင့် ဒီစမတ်ဆေးဌာနဟာ လူနာတွေ၊ ဆရာဝန်တွေရဲ့ အချိန်ကို ချွေတာနိုင်မှာဖြစ်ပြီး ဆေးဝါးတွေကို ပိုမိုစီမံခန့်ခွဲနိုင်ကာ၊ အမှားတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    ဌာနမှာ ကောင်တာ ၆ ခု ထည့်သွင်းပေးထားပြီး တစ်ခုက မသန်စွမ်းသူတွေအတွက် ဖြစ်ပါတယ်။

    အဲဒီစမတ်ဆေးဌာနကို ဖွင့်လှစ်ပေးခဲ့တဲ့ တဘူက်ဒေသ အုပ်ချုပ်ရေးမှူး မင်းသား ဖာဟဒ် ဘင် ဆူလ်တန်က ဒေသ ကျန်းမာရေးဌာနကို ချီးကျူးခဲ့ပြီး၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Arab News

  • စပိန်နှင့်ပေါင်းကာ ဆော်ဒီက စစ်သင်္ဘောသစ်များ တည်ဆောက်မည်

    စပိန်နှင့်ပေါင်းကာ ဆော်ဒီက စစ်သင်္ဘောသစ်များ တည်ဆောက်မည်

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ စစ်ရေယာဉ် ၅ စီး တည်ဆောက်ဖို့အတွက် ဆော်ဒီ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ SMAI ဟာ စပိန်က သင်္ဘောထုတ်လုပ်ရေးလုပ်ငန်း Navantia နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။

    ဒါဟာ Navantia က ဆော်ဒီကို ကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိမယ့် စစ်ရေယာဉ်တွေ ထောက်ပံ့ပေးရေး ဧပြီလက ဆော်ဒီနဲ့ စပိန်တို့အကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

    SMAI နဲ့ Navantia တို့ဟာ Avante 2200 Corvettes စစ်သင်္ဘော ၅ စီးကို အခုနှစ် နွေဦးရာသီမှာ ဆောက်လုပ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ဆော်ဒီကို လွှဲအပ်နိုင်ဖို့ လျာထားပါတယ်။

    သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဆော်ဒီနိုင်ငံအတွင်း ပြုလုပ်မှာဖြစ်ပြီး ၂၀၃၀ ခုနှစ်ရောက်ရင် နိုင်ငံရဲ့ စစ်အသုံးစားရိတ် ၅၀ ရာခိုင်းနှုန်းကို ပြည်တွင်းမှာ သုံးစွဲနိုင်ရမယ်ဆိုတဲ့ ဆော်ဒီရဲ့ ‘၂၀၃၀ စီမံကိန်း’ နဲ့အညီ ဖြစ်ပါတယ်။

    ဆော်ဒီ နိုင်ငံပိုင်ရန်ပုံငွေ Public Investment Fund (PIF) ဟာ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကို ပြီးခဲ့တဲ့နှစ်မှာ စတင် တည်ထောင်ခဲ့ပြီး နိုင်ငံ့စီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို လျော့ချဖို့နဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ၂၀၃၀ ရောက်ရင် SAMI ဟာ နိုင်ငံရဲ့ ဂျီဒီပီကို ကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ အထောက်အကူပြုပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

    Ref: Arabnews

  • တော်ဝင်မိသားစုကို ဝေဖန်သည့် ပညာရှင်တစ်ဦးကို ဆော်ဒီထောင်ချ

    တော်ဝင်မိသားစုကို ဝေဖန်သည့် ပညာရှင်တစ်ဦးကို ဆော်ဒီထောင်ချ

    ဇူလိုင် ၁၇၊ ၂၀၁၈
    M-Media

    ရှိခ် အလ်-ဟာဝါလီဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အားကောင်းခဲ့တဲ့ Sahwa Movement အဖွဲ့က အရေးပါသူ ပညာရှင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာနဲ့ အယူဝါဒဆိုင်ရာမှာ ဒေါက်တာဘွဲ့အထိရထားကြောင်း အာရပ်မီဒီယာတွေက ဖော်ပြပါတယ်။

    – ဘုရင်ဆလ်မန်အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီတွေကို ဝေဖန်ခဲ့တဲ့ အစ္စလာမ့် ဓမ္မပညာရှင်တစ်ဦးနဲ့ သူ့ရဲ့သားတွေကို ဆော်ဒီက ဖမ်းဆီးလိုက်တယ်လို့ သတင်းထွက်လာပါတယ်။

    Moatqali Al-Ray (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) အမည်နဲ့ Twitter စာမျက်နှာက အသက် ၆၈ နှစ်အရွယ် ဓမ္မပညာရှင် အလ်-ဟာဝါလီဟာ သူ့ရဲ့ Muslims and the Western Civilisation (မွတ်စလင်နှင့် အနောက်တိုင်းယဉ်ကျေးမှု) စာအုပ်ကို ထုတ်ဝေပြီး သိပ်မကြာခင်မှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ဖော်ပြခဲ့ပါတယ်။

    အလ်-ဟာဝါလီဟာ Sahwa Movement (နိုးထမှုလှုပ်ရှားမှု) လို့ အမြည်ပေးထားတဲ့ အဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး စာအုပ်မှာ ဆော်ဒီက တော်ဝင်မိသားစုနဲ့ အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇေယဒ်တို့ကို တိုက်ခိုက်ရေးသားထားပါတယ်။

    ဆော်ဒီလုံခြုံရေးတပ်ဖွဲ့တွေဟာ အလ်-ဟာဝါလီရဲ့အိမ်ကို ၀င်ရောက်စီးနင်းခဲ့ပြီး သူနဲ့ သူ့သားတွေကို မျက်နှာအ၀တ်စီး၊ လက်ပြန်ကြိုးတုပ်ကာ ခေါ်ဆောင်သွားတယ်လို့ Moatqali Al-Ray စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

    အလ်-ဟာဝါလီက ဆော်ဒီ တော်ဝင်အသိုင်းအ၀ိုင်းဟာ ‘အလိမ်အညာ စီမံကိန်းတွေနဲ့ ပြည်သူ့ငွေကြေးတွေကို ဖြုန်းတီးပစ်နေကြောင်း’၊ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အစ္စရေးနဲ့ ဆက်ဆံရေးဟာ ‘သစ္စာဖောက်မှု’ ဖြစ်ကြောင်း၊ ယူအေအီးရဲ့နည်းလမ်းကို လိုက်စရာမလိုကြောင်း Muslims and the Western Civilisation စာအုပ်မှာ ရေးသားထားပါတယ်။

    ရှိခ် အလ်-ဟာဝါလီဟာ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အားကောင်းခဲ့တဲ့ Sahwa Movement အဖွဲ့က အရေးပါသူ ပညာရှင်တစ်ယောက်ဖြစ်ပြီး အစ္စလာမ့်ရေးရာနဲ့ အယူဝါဒဆိုင်ရာမှာ ဒေါက်တာဘွဲ့အထိရထားကြောင်း အာရပ်မီဒီယာတွေက ဖော်ပြပါတယ်။

    အလ်-ဟာဝါလီဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့ တည်ရှိမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ ဆော်ဒီထဲ ၀င်လာတာကို ဆန့်ကျင်မှုအတွက် ၁၉၉၀ ပြည့်နှစ်တွေမှာ သူတို့လှုပ်ရှားမှုက အခြားအဖွဲ့ဝင်တွေနဲ့အတူ ထောင်ကျခဲ့ပါတယ်။

    Ref: Middle East Monitor

  • ခြစားမှုဖြင့် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ဆော်ဒီဖမ်းဆီး

    ခြစားမှုဖြင့် ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးကို ဆော်ဒီဖမ်းဆီး

    ဇူလိုင် ၁၁၊ ၂၀၁၈
    M-Media

    ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာန အဆောက်အဦး

    – ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကို ခြစားမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဆော်ဒီ ရှေ့နေချုပ် ရှိခ် ဆာအွဒ် ဘင် အဘ်ဒူလာဟ် အလ်-မူအာဂျဘ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီတာဝန်ရှိသူဟာ ကုမ္ပဏီတစ်ခုထံကနေ မသမာတဲ့နည်းလမ်းနဲ့ ငွေကြေးတွေကို ရယူခဲ့တယ်ဆိုတာ တွေ့ရကြောင်း ရှေ့နေချုပ်က ဆိုပါတယ်။ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မပြုပါဘူး။

    ရှေ့နေချုပ်က အာဏာကို အလွဲသုံးစားလုပ်ပြီး ကန်ဒေါ်လာ ၂၆၀၀၀၀ လာဘ်စားခဲ့တဲ့ အဲဒီသူဟာ ‘ယုံကြည်မှုကို ဖောက်ဖျက်ခဲ့တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီ တာဝန်ရှိသူနဲ့ ဆက်စပ်ပြီး နောက်ထပ် လူ ၂ ဦးကိုလည်း ဆော်ဒီအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ဟာ ဆော်ဒီ တော်ဝင်မင်းသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခြစားမှုစွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

    တစ်ချို့တွေက သူတို့တွေ မသမာတဲ့နည်းလမ်းနဲ့ ရယူထားတဲ့ ငွေကြေးတွေကို နိုင်ငံတော်ကို ပြန်ပေးဖို့ သဘောတူချက်နဲ့ လွတ်မြောက်လာကြပြီး၊ တစ်ချို့တွေကတော့ တရားစွဲဆို ခံခဲ့ရပါတယ်။

    Ref: Alarabiya

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    ဇူလိုင် ၇၊ ၂၀၁၈
    M-Media

    ဖူးကတ်တွင် သင်္ဘောမှောက်သည့် မြင်ကွင်းတစ်ခု

    ဖူးကတ်တွင် သင်္ဘောမှောက်မှုကြောင့် ခရီးသွား ၃၀ ကျော်သေဆုံး
    ============
    ထိုင်းနိုင်ငံက နာမည်ကျော် ဖူးကတ်ကမ်းခြေမှာ ကြာသာပတေးနေ့က ကမ္ဘာလှည့်ခရီးသည်တွေကို တင်ဆောင်သွားတဲ့ ကြိုပို့ မော်တော်ဘုတ်တစ်စင်း နစ်မြုပ်မှုကြောင့် သေဆုံးသူဟာ ၃၇ ဦး ရှိလာပြီး ၁၈ ဦး ပျောက်ဆုံးနေပါတယ်။ မော်တော်ဘုတ်မှာ တရုတ်ခရီးသွား ၉၃ ဦး၊ ထိုင်း သင်္ဘောဝန်ထမ်းနဲ့ ခရီးသွားလမ်းညွှန် ၁၂ ဦးတို့ လိုက်ပါသွားတာပါ။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ တရုတ်က အဖွဲ့တစ်ခု စေလွှတ်ထားပါတယ်။ မော်တော်ဘုတ် တိမ်းမှောက်ရတဲ့ အကြောင်းအရင်းကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

    စပိုက်ဒါမန်းဇာတ်ရုပ်ကို ဖန်တီးသူ အမေရိကန်အနုပညာရှင် ကွယ်လွန်
    =========
    ကမ္ဘာကျော် စပိုက်ဒါမန်း ဇာတ်ရုပ်ကို စတင်ဖန်တီးခဲ့တဲ့ အမေရိကန် အနုပညာရှင် စတီဗ် ဒစ်ကိုကို ဇွန်လ ၂၉ ရက်နေ့က နယူးယောက်မှာရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးလျက် တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အသက် ၉၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဒစ်ကိုဟာ ၁၉၆၀ ပြည့်နှစ်တွေက Marvel Comics စာအုပ်ထုတ်ဝေရေးမှာ စတန်လီနဲ့ ပူးပေါင်းပြီး စပိုက်ဒါမန်း ကာတွန်းရုပ်ပြစာအုပ်ကို ဖန်တီးကာ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ နောက်ပိုင်း စီအီးအိုဖြစ်လာတဲ့ လီနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ၁၉၆၆ ခုနှစ်မှာ ခွဲထွက်ခဲ့ပါတယ်။ သူဟာ The Creeper နဲ့ Doctor Strange တို့လို စူပါဟီးရိုး ဇာတ်ရုပ်တွေကိုလည်း ဖန်တီးခဲ့ပါတယ်။

    တရုတ်၏ မတရားသည့် စီမံကိန်းများအကြောင်း ဘေဂျင်းသွား၍ မဟာသီဆွေးနွေးမည်
    ===========
    နောက်လ တရုတ်ပြည်သွားတဲ့အခါမှာ တရုတ်က ကျောထောက်နောက်ခံပြုထားပြီး မမျှတတဲ့ လုပ်ငန်းတွေကြောင်း အဓိကထား ဆွေးနွေးသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်က စာချုပ်ချုပ်ထားတဲ့ တရုတ်စီမံကိန်း ၃ ခုကို ရပ်ဆိုင်းကြောင်း မလေးရှားအစိုးရက အခုတစ်ပတ်မှာ ကြေငြာခဲ့ပါတယ်။ မဟာသီကတော့ အတိုးနှုန်း အလွန်အမင်း များပြားမှု အပါအ၀င် တရုတ်နဲ့ ဆွေးနွေးစရာတွေ အများအပြား ရှိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဟူသီတို့၏ဒုံးကျည်ကို ပစ်ချခဲ့သည်ဟု ဆော်ဒီထုတ်ပြန်
    ================
    ဂျာဇန်မြို့ကိုဦးတည်ပြီး ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ကြားဖြတ် ဟန့်တားခဲ့ရတယ်လို့ ဆော်ဒီက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လူစည်ကားရာနေရာကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဒါဟာ အီရန်က ဟူသီတွေကို ဆက်လက် ကူညီအားပေးနေတယ်ဆိုတာကို ပြသနေတာဖြစ်ကြောင်း ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကာနယ် တာရ်ကီ အလ်-မာလီကီက ပြောကြားခဲ့ပါတယ်။ မဟာမိတ်တပ်ဖွဲ့ဟာ ဟူသီတွေနဲ့ စစ်ဖြစ်နေတဲ့ ယီမင်အစိုးရကို ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်။

    Ref: CNA, Aljazeera, BBc