News @ M-Media

Tag: SaudiArabia

  • ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၃၀၊ ၂၀၁၈
    M-Media

    ဆော်ဒီစစ်သားများ

    – နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ ထပ်မံဆောင်ရွက်မှု မပြုလျှင် နောက်ထပ် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အီရန်နှင့် ဆော်ဒီတို့ စစ်ဖြစ်လာနိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ဘင် ဆလ်မန်မှာ ယခုတစ်ပတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်အပေါ် ဖိအားပိုဖြစ်စေမည့် ကန့်သတ်မှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာတွေ မအောင်မြင်ဘူးဆိုရင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အီရန်နဲ့ စစ်ဖြစ်မယ့်အလားအလာ ရှိနေပါတယ်”

    အီရန်နှင့် ဆော်ဒီတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကိစ္စရပ် အများအပြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ် ကိစ္စများတွင် ဖြစ်သည်။

    ဘင် ဆလ်မန်က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး၊ အီရန်က နျူလက်နက်ပိုင်ဆိုင်လာလျှင် မိမိတို့လည်း ပိုင်ဆိုင်အောင်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

    အီရန်ကမူ မိုဟာမက် ဘင် ဆလ်မန်မှာ နုံအသူ၊ အတွေးလွန်သူဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    Ref: RT

  • အမေရိကန်ရောက် ဆော်ဒီအိမ်ရှေ့မင်းသား အစ္စရေးလော်ဘီအုပ်စုနှင့် တွေ့ဆုံ

    အမေရိကန်ရောက် ဆော်ဒီအိမ်ရှေ့မင်းသား အစ္စရေးလော်ဘီအုပ်စုနှင့် တွေ့ဆုံ

    မတ် ၂၉၊ ၂၀၁၈
    M-Media

    နယူးယောက်မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ဂ်နှင့် တွေ့ဆုံနေသည့် ဘင် ဆလ်မန်(၀ဲ)

    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အမေရိကန်ခရီးစဉ်အတွင်းမှာ အစ္စရေးလော်ဘီအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတစ်ခု ပေါက်ကြားလာပါတယ်။

    တွေ့ဆုံမှုမှာ ပါလက်စတိုင်းပိုင်နက်တွေအတွင်း တရားမ၀င် အခြေချအိမ်ယာတွေ တည်ဆောက်ရေး ဒေါ်လာသန်းချီ ထောက်ပံ့နေတဲ့ AIPIAC၊ Stand Up for Israel (ADL) နဲ့ Jewish Federations of North America (JFNA) စတဲ့ ဂျူး လယ်ယာစွန်းရောက်အဖွဲ့တွေက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

    ပါလက်စတိုင်းပိုက်နက်တွေကို အစ္စရေးက သိမ်းပိုက်မှု ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု BDS ကို လည်း အဲဒီ ဂျူးလက်ယာစွန်းအဖွဲ့တွေက ဆန့်ကျင်တိုက်ခိုက်နေကြတာပါ။

    အစ္စရေးသတင်းဌာန Haaretz က အိမ်ရှေ့မင်းသားဟာ Conference of Presidents၊ B’nai B’rith၊ the American Jewish Committee (AJC) စတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ခရီးသွားမှတ်တမ်းကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    ဆော်ဒီအာရေဗျဟာ အစ္စရေးကို တရားဝင် အသိအမှတ်ပြုတာမျိုး မရှိပေမယ့် မိုဟာမက် ဘင် ဆလ်မန်ရဲ့ ဒီလိုတွေ့ဆုံမှုဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနွေးထွေးလာမှုကို ဖော်ပြနေတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    လက်ရှိ အမေရိကန်မှာရှိနေတဲ့ ဘင် ဆလ်မန်ဟာ ကလင်တန် ဇနီးမောင်နှံ၊ သြဇာရှိတဲ့ အထက်လွှတ်တော်အမတ် ချက် ရှူးမား၊ ကုလအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ နယူးယောက်မြို့တော်ဝင်ဟောင်း မီခေးလ် ဘလွန်းဘာ့ဂ်တို့နဲ့လည်း တွေ့ဆုံထားပါတယ်။

    မီဒီယာဂုရုတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်သူတွေရဲ့ အတွေးအမြင်ကို ပုံဖော်ရာမှာ အရေးပါသူဖြစ်တဲ့ အော်ပရာဝင်းဖရေးနဲ့လည်း လာမယ့်ရက်တွေမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • ဆော်ဒီ-ရုရှား ရေနံမဟာမိတ်ဖြစ်မှု နှစ် ၂၀ ခန့်အထိ ကြာမြင့်ဖွယ်ရှိနေ

    ဆော်ဒီ-ရုရှား ရေနံမဟာမိတ်ဖြစ်မှု နှစ် ၂၀ ခန့်အထိ ကြာမြင့်ဖွယ်ရှိနေ

    မတ် ၂၈၊ ၂၀၁၈
    M-Media

    ရုရှားသမ္မတပူတင်နှင့်အတူ တွေ့ရသည့် ဆော်ဒီအိမ်ရှေ့မင်းသား (ယာ)

    –  ရုရှားနှင့် ဆော်ဒီအာရေဗျတို့၏ ရေနံဆိုင်ရာ မဟာမိတ်အဖြစ် ရပ်တည်မှုမှာ နှစ်ပေါင်း ၂၀ ခန့်အထိ ကြာမြင့်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    ဆော်ဒီဦးဆောင်သည့် အိုပက်အဖွဲ့နှင့် ရုရှားတို့မှာ ရေနံဈေးများ ထိုးကျခဲ့ပြီးနောက် ဈေနှုန်းထိန်းချုပ်ရေးအတွက် ထုတ်လုပ်မှုလျှော့ချရန် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလတွင် ပူးပေါင်းခဲ့ကြသည်။

    ရေနံဈေးမှာ ၂၀၁၄ ခုနှစ်တွင် တစ်စည်ကို ဒေါ်လာ ၁၀၀ မှ ၃၀ အောက်အထိ ရောက်ရှိသွားပြီး ရေနံထုတ်လုပ်သည့်နိုင်ငံများကို တုန်လှုပ်စေခဲ့သည်။

    အိုပက်၊ ရုရှားနှင့် အခြား ရေနံထုတ်လုပ်သည့်နိုင်ငံများက ရေနံထုတ်လုပ်မှုကို လျှော့ချခဲ့ပြီးနောက် ဈေးပြန်တက်လာပြီး လက်ရှိတွင် တစ်စည်ကို ဒေါ်လာ ၇၀ နီးပါးအထိ ရောက်လာခဲ့သည်။ သို့သော်လည်း အမေရိကန်၏ ရေနံထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် အိုပက်နိုင်ငံများ၏ ထုတ်လုပ်မှုလျှော့ချသည့် အစီအစဉ်ကို ထိခိုက်စေနိုင်သည်။

    ရုရှားမှာ အိုပက်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ရေနံဈေးကျဆင်းမှုများကြောင့် အဖွဲ့ဝင် ၁၄ နိုင်ငံပါ အိုပက်အဖွဲ့နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။

    မင်းသားကမူ ရုရှား၏ ပူးပေါင်းမှုမှာ ထူးခြားသည့် ကိစ္စဖြစ်ပြီး ၁၀ နှစ်မှ နှစ် ၂၀ ခန့်အထိ ကြာမြင့်လျှင် မကြုံစဖူးဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီနှင့် ရုရှားတို့မှာ ဆီးရီးယားပြည်တွင်းစစ်တွင် မတူညီသည့် ဘက်များမှ ပါဝင်နေသော်လည်း နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းမှုကို ခိုင်မာအောင် ဆောင်ရွက်လာခဲ့သည်။

    Ref: Aljazeera

  • ယီမင်သူပုန်အဖွဲ့က ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ဆော်ဒီတွင် လူတစ်ဦးသေဆုံး

    ယီမင်သူပုန်အဖွဲ့က ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ဆော်ဒီတွင် လူတစ်ဦးသေဆုံး

    မတ် ၂၆၊ ၂၀၁၈
    M-Media

    ဒုံးကျည်များအား ဆော်ဒီက ကြားဖြတ်ဟန့်တားမှုမြင်ကွင်း

    – ယီမင်ရှိ ဟူသီသူပုန်များက ပစ်ခတ်သည့် ဒုံးကျည်အများအပြားကို ကြားဖြတ် ဟန့်တားခဲ့ရသည်ဟု ဆော်ဒီက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးမှုလည်း ရှိခဲ့သည်။

    ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကာနယ် တာရ်ကီ အလ်-မာလီကီက ဆော်ဒီ လေကြောင်းကာကွယ်ရေးစနစ်မှာ ဒုံးကျည် ၇ လုံးကို ကြားဖြတ် ဟန့်တားခဲ့ရပြီး ထိုအထဲမှ ၃ လုံးမှာ မြို့တော် ရီယာ့ဒ်ကို ဦးတည်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ဗုံးဆံ အစအနများကြောင့် အီဂျစ်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်ဟုလည်း ဆိုသည်။ လွန်ခဲ့သည့် ၃ နှစ် ဆော်ဒီက ယီမင်ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ရီယာ့ဒ်တွင် ပထမဆုံး သေဆုံးမှု ဖြစ်သည်။ ယခင်က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများတွင် ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

    ဟူသီသူပုန်များက ထုတ်လွှင့်သော Al Masirah ရုပ်သံက ဟူသီသူပုန်များမှာ ဆော်ဒီနိုင်ငံတောင်ပိုင်း အဘ်ဟာမြို့ရှိ လေဆိပ်များသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ဟူသီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အလ်-ဘူခိုင်တီက ယခုတိုက်ခိုက်မှုမှာ ဆော်ဒီက ယီမင်မြို့များနှင့်ြ ပည်သူများအပေါ် ဗုံးကြဲမှုအား တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ အစောပိုင်းတွင် ဟူသီသူပုန်ခေါင်းဆောင် အဘ်ဒူလ် မာလစ် အလ်-ဟူသီက ၎င်းတို့အနေဖြင့် တာဝေးပစ် လက်နက်များကို အသုံးပြုကာ၊ တိုက်ခိုက်ရေးသမားအသစ်များကိုလည်း ပိုမိုစုဆောင်းသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီလေပိုင်နက် အသုံးပြုခွင့်ရရေး အစ္စရေးလေကြာင်းလိုင်း ကြိုးစားမည်

    ဆော်ဒီလေပိုင်နက် အသုံးပြုခွင့်ရရေး အစ္စရေးလေကြာင်းလိုင်း ကြိုးစားမည်

    မတ် ၂၅၊ ၂၀၁၈
    M-Media

    – အစ္စရေးကိုပျံသန်းတဲ့ အိန္ဒိယလေကြောင်းလိုင်းက လေယာဉ်တစ်စီးကို ဆော်ဒီက ပထမဆုံးအကြိမ် လေပိုင်နက်အသုံးပြုခွင့်ပေးခဲ့ပြီတဲ့နောက် အစ္စရေးလေကြောင်းလိုင်းက ဆော်ဒီလေပိုင်နက် အသုံးပြုခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

    ဆော်ဒီဟာ အစ္စရေးနိုင်ငံကို အသိအမှတ်မပြုဘဲ အစ္စရေးကိုသွားရောက်မယ့် လေယာဉ်တွေ သူ့လေပိုင်နက်အသုံး ပြုခွင့်ကိုလည်း နှစ်ပေါင်း ၇၀ လောက် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နွေရာသီက အစ္စရေးကို သွားရောက်ခဲ့စဉ် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက အစ္စရေးနဲ့ အိန္ဒိယအကြား လေကြောင်းခရီးစဉ်ကို စီစဉ်သွားမှာဖြစ်ပြီး ဆော်ဒီလေပိုင်နက်ကနေ ပျံသန်းမယ်လို့ ကြေငြာခဲ့ပါတယ်။ Air India ဟာ အဲဒီခရီးစဉ်ကို အခုတစ်ပတ်အတွင်းမှာ စတင်ပျံသန်းခဲ့ပြီး တစ်ပတ်ကို ၃ ကြိမ်လောက် ဆက်လက်ပျံသန်းဖို့ စီစဉ်နေပါတယ်။

    အစ္စရေး ပို့ဆောင်ရေးဝန်ကြီး ယစ္စရေး ကက်ဇ်က အစ္စရေးလေကြောင်းလိုင်းဖြစ်တဲ့ El Al ကလည်း ဆော်ဒီလေပိုင်နက်ကို အသုံးပြုခွင့်ရရေး တရားရုံးချုပ်မှာ လျှောက်ထားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆော်ဒီလေပိုင်နက်ကိုဖြတ်ပြီး အစ္စရေးကို ပထမဆုံး တိုက်ရိုက်ပျံသန်းမှုဟာ ဒေသတွင်းမှာ တစ်ဖြည်းဖြည်းချင်းဖြစ်လာတဲ့ ကောင်းမွန်တဲ့အပြောင်းအလဲကို ထင်ဟပ်နေပါတယ်။ နိုင်ငံပိုင် El Al လို အစ္စရေးလေကြောင်းလိုင်းတွေ အနာဂတ်မှာ ဒီလမ်းကြောင်း အသုံးပြုခွင့်ရမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

    ဒီလိုလျှောက်ထားမှုကို လာမယ့်တစ်ပတ်မှာ စတင်ပြုလုပ်သွားမယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး နီးစပ်သူတစ်ယောက်က ပြောပါတယ်။

    အိန္ဒိယလေယာဉ် ဆော်ဒီကိုဖြတ်ကာ အစ္စရေကို ပျံသန်းခြင်းမပြုခင်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အာရပ်ကမ္ဘာနဲ့ ဆက်ဆံရေးဟာ အရင်တုန်းကထက် ပိုကောင်းလာနေတယ်လို့ တစ်ခါမက ပြောကြားဖူးပါတယ်။

    ဆော်ဒီကိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေငြာတာမျိုး မလုပ်သေးပါဘူး။

    Ref: Aljazeera