News @ M-Media

Tag: SaudiArabia

  • အလ်-ခါမစ် (သို့မဟုတ်) ဆော်ဒီက စွယ်စုံရ အားကစားမယ်

    အလ်-ခါမစ် (သို့မဟုတ်) ဆော်ဒီက စွယ်စုံရ အားကစားမယ်

    မတ် ၂၄၊ ၂၀၁၈
    M-Media

    ကမ္ဘာ့အမြင့်ဆုံး တောင် ၇ ခုထဲက ၂ ခုကို တက်ထားနိုင်သည့် ခါမစ်

    – ဆော်ဒီက အသက် ၂၈ နှစ်အရွယ် အမျိုးသမီး ရာရှာ အလ်-ခါမစ်ဟာ နိုင်ငံအတွင်းမှာ ပထမဆုံး အသိအမှတ်ပြုလက်မှတ်ရ အမျိုးသမီးလက်ဝှေ့သမား၊ ကမ္ဘာ့အမြင့်ဆုံး တောင် ၇ ခုထဲက ၂ ခုကို တက်ရောက်နိုင်မှု အပါအ၀င် အောင်မြင်မှုတွေ တစ်သီတစ်သန်းကြီး ရရှိထားတဲ့ ထင်ရှားကျော်ကြားသူတစ်ယောက် ဖြစ်လာပါတယ်။

    အားကစားနဲ့ စူးစမ်းလေ့လာရေးဖက်မှာ ထဲထဲဝင်ဝင်လှုပ်ရှားဆောင်ရွက်နေတဲ့ ခါမစ်ဟာ ပညာတတ်တစ်ဦးလည်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဆောက်သမ်း ကယ်လီဖိုးနီးယား တက္ကသိုလ်ကနေ နိုင်ငံတကာနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ မဟာဘွဲ့ရခဲ့ကာ လက်ရှိ ဆော်ဒီက အမျိုးသမီး အားကစားဆိုင်ရာ နယ်ပယ်နဲ့ပတ်သက်လို့ စာတမ်းပြုစုနေပါတယ်။

    ခါမစ်က အမေရိကန်မှာ ကျောင်းတက်နေစဉ် ၂၀၁၁ ခုနှစ်ကနေစပြီး လက်ဝှေ့လောကထဲ ၀င်ရောက်လာဖြစ်တယ်လို့ ဆိုပါတယ်။

    “လက်ဝှေ့ကလပ်တစ်ခုနဲ့ ကျွန်မ ဆက်သွယ်ပြီး တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်နဲ့ ၂ နှစ်လောက် ကျွန်မ လေ့ကျင်လိုက်တယ်။ လက်ဝှေ့ထိုးရတာကို ကျွန်မနှစ်သက်တယ်။ ဒီအားကစားနေ အကျိုးကျေးဇူးတွေ အများကြီး ရရှိပြီး ကျွန်မရဲ့ ကိုယ်နေဟန်ထားတွေ တိုးတက်လာကာ ဖြတ်လတ်မှုလို ကျွမ်းကျင်မှုတွေကိုလည်း ရခဲ့ပါတယ်”

    လက်ဝှေ့ကစားနည်းဟာ မိမိကိုယ်ကိုယုံကြည်မှု ရရှိစေပြီး၊ စိတ်ဓာတ်ကြံ့ခိုင်ကာ အနှုတ်လက္ခဏာဆောင်တဲ့ အတွေးတွေ ပျောက်သွားစေတယ်လို့လည်း သူက ဆိုပါတယ်။

    အသိအမှတ်ပြုခံရ

    ဆော်ဒီ၏ ပထမဆုံး အသိအမှတ်ပြုလက်မှတ်ရ အမျိုးသမီး လက်ဝှေ့သမား

    အမေရိကန်မှာကျောင်းပြီးလို့ ဆော်ဒီကို ပြန်ရောက်လာတဲ့အခါမှာ ခါမစ်တစ်ယောက် ဆော်ဒီ လက်ဝှေ့အဖွဲ့ချုပ်က ပြုလုပ်တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး နိုင်ငံအတွင်းက အမျိုးသမီး လက်ဝှေ့သမားတွေ တောက်ပလာနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

    အမျိုးသမီးနည်းပြတွေ၊ အားကစားသမားတွေ လိုအပ်နေတယ်လို့ အဖွဲ့ချုပ်ဥက္ကဌက ပြောကြားတဲ့အခါ သူက အဖွဲ့ချုပ်ထဲ ၀င်ခဲ့ပါတယ်။

    “ကျွမ်းကျင်မှုတွေ၊ အရင်အတွေ့အကြုံတွေ တိုးတက်ဖို့အတွက် ကျွန်မဟာ ၃၊ ၄ ပတ်လောက် ကမ့်ဝင်လိုက်ပါတယ်။ လေ့ကျင့်မှုတွေကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ကျွန်မဟာ သင်တန်းနည်းပြလက်မှတ် ရရှိခဲ့ပါတယ်”

    လက်ရှိ ခါမစ်ဟာ ဆာအွဒ်တက္ကသိုလ်မှာ ကျောင်းသူတွေကို ၃ ပတ်တာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးနေပါတယ်။

    “ကလေးမလေးတွေရဲ့ တက်ကြွမှု၊ လေ့ကျင့်သားတွေကတော့ တကယ့်ကို စိတလှုပ်ရှားစရာကောင်းပါတယ်။ ကျွန်မအတန်းကို လာတက်တဲ့ အမျိုးသမီးအရေအတွက်က ၁၆၀ ရှိတယ်။ တော်တော်များတဲ့ အရေအတွက်ပါ”

    နေ့တစ်နေ့ကို အားကစားနဲ့စတင်ပြီး အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာဖို့အတွက် သူ့အတန်းကို နံနက်ပိုင်းမှာ စတင်တယ်လို့ ခါမစ်က ပြောကြားခဲ့ပါတယ်။

    “ဆော်ဒီအမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့အိပ်မက်က တစ်နေ့ကျရင် အိုလံပစ်ပြိုင်ပွဲမှာ ရွှေရဖို့ပါ”

    ပါရမီရှင်တစ်ယောက်

    ခါမစ်ဟာ ငယ်ငယ်ကလေးက အားကစားနဲ့ ကြီးပြင်းလာရသူတစ်ယောက် ဖြစ်ပါတယ်။ အသက် ၆ နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူက ဘက်စကတ်ဘောခြင်းတစ်ခုနဲ့ ကိုယ်ကာယလေ့ကျင့်ရေးပစ္စည်းတွေ ၀ယ်ပေးခဲ့ပြီး သူတို့အိမ်နောက်ဖေးမှာ လေ့ကျင့်ရင်း ကြီးပြင်းခဲ့ရပါတယ်။

    “အစ်ကိုနဲ့ကျွန်မတို့ အိမ်စာတွေလုပ်ပြီးသွားရင် နေ့လယ်ပိုင်းမှာ တစ်နာရီလောက် ဘက်စကတ်ဘောကစားတယ်၊ ပြီးရင် နာရီဝက်လောက် ကိုယ်ကာယလေ့ကျင့်တယ်။ တစ်ပတ်ကို ၅ ရက်လောက် လုပ်ပါတယ်” လို့ ငယ်ဘ၀ကို သူမက ဖွင့်ဟခဲ့ပါတယ်။

    ဖခင်ဖြစ်သူက အားကစားဖက်ကို အားပေးပြီး၊ အားကစားနည်းအကြောင်း စည်းမျဉ်းတွေကို သင်ကြားပေးတယ်လို့လည်း သူမက ပြောပါတယ်။

    သူမဟာ အသက် ၁၄ နှစ်အရွယ်အထိ ကျောင်းမှာ ဘတ်စက်ဘောကစားခဲ့ပြီး၊ ဘောလုံးနဲ့ အေရိုးဗစ်ဘားကစားနည်းတွေမှာလည်း ပါဝင်ခဲ့ပါတယ်။

    ပြေးခုန်ပစ်ဘက်မှာ ခါမစ်ဟာ ထူးချွန်သူပြီး ကျောင်းတွင်းပြိုင်ပွဲမှာ ၅ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သူပါ။

    ဂင်းနစ်မှတ်တမ်းဝင်သူ

    ဂစ်နစ်မှတ်တမ်းဝင်သည့် ဘောလုံးပွဲ

    ခါမစ်ရဲ့ နောက်ထပ်ဝါသနာတစ်ခု တောင်တက်တာပါ။ ၂၀၁၇ ခုနှစ်မှာ သူမဟာ အခြား ဆော်ဒီအမျိုးသမီး ၁၁ ဦးနဲ့အတူ မော်ရိုကိုက အတ္တလက်စ်တောင်ထိပ်ကို ၄ ရက်နဲ့အရောက် တက်ခဲ့ပါတယ်။

    ဇွန်လမှာ သူတို့ဟာ တန်ဇန်းနီးယားက အာဖရိကအမြင့်ဆုံး ကီလီမန်ဂျာရိုတောင်ကို တက်ခဲ့ပြီး ၅၇၁၄ မီတာအမြင့်မှာ ဘောလုံးကစားကာ ကမ္ဘာ့အမြင့်ဆုံးနေရာမှာ ဘောလုံးကစားသူတွေအဖြစ် ဂင်းနစ်မှတ်တမ်း ၀င်ခဲ့ပါတယ်။

    Equal Playing Field လို့ အမည်ပေးထားပြီး ပရဟိတလုပ်ဖို့ရည်ရွယ်ကာ ကစားခဲ့တဲ့ အဲဒီဘောလုံးပွဲမှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးပေါင်း ၃၀ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • အစ္စလာမ်သာသနာ အပိုင်စီးခံနေရသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အစ္စလာမ်သာသနာ အပိုင်စီးခံနေရသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၂၄၊ ၂၀၁၈
    M-Media

    – အစ္စလာမ်သာသနာဟာ ယုတ္တိတန်ပြီး အလယ်အလတ်ကျတဲ့ သာသနာအဖြစ် မိမိအနေနဲ့ယုံကြည်ပြီး လူတွေက ဒီသာသနာကို အပိုင်စီးထားကြတာဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်ကို အလတ်အပတ်ရောက်ရှိနေတဲ့ ဘင် ဆလ်မန်ဟာ ၀ါရှန်တန်ပို့စ်သတင်းစာနဲ့ အင်တာဗျူးမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံအတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ပိုမိုဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

    “အစ္စလာမ်ဟာ ယုတ္တိယုတ္တာရှိတယ်၊ ရိုးရှင်းပါတယ်။ လူတွေက ဒီသာသနာကို အပိုင်စီးဖို့ ကြိုးစားနေကြတာပါ” လို့ ပညာရှင်တွေနဲ့ ဆွေးနွေးစဉ်မှာ မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဘာသာရေးဆိုင်ရာကိစ္စတွေမှာ မဟာမိတ်တွေ ပိုရှိလာတာကြောင့် ဒီကိစ္စကို ဖြေရှင်းရေးမှာ ဘင် ဆလ်မန်က အကောင်းမြင်နေပါတယ်။

    ကားမောင်းခွင့်ပေးတာအပါအ၀င် ဆော်ဒီအမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပြီး ဒီလို ကန့်သတ်မှုတွေဟာ အစ္စလာမ်သာသာနာနဲ့ ဘာမှ မသက်ဆိုင်ဘူးဆိုတာ ရှေးရိုးစွဲတွေ လက်ခံလာအောင် အားထုတ်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

    အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့အတွက် ဆော်ဒီက လုပ်ဆောင်နေတာတွေကို ကမ္ဘာကြီးသိအောင် ကြေငြာသွားမယ်လို့လည်း မင်းသားက ပြောပါတယ်။

    အင်တာဗျူးမှာ အရှေ့အလယ်ပိုင်း စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်တွေနဲ့ပတ်သက်လို့လည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပြီး ပြဿနာတွေသာ ဖြေရှင်းပြီးသွားရင် အရှေ့အလယ်ပိုင်းဟာ နောက်ထပ် ဥရောပတစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

    Ref: Alarabiya

  • ဆော်ဒီကို အမေရိကန်က ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး စစ်လက်နက်ပစ္စည်းများ ရောင်းချမည်

    ဆော်ဒီကို အမေရိကန်က ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး စစ်လက်နက်ပစ္စည်းများ ရောင်းချမည်

    မတ် ၂၃၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျကို ကန်ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးလောက် လက်နက်ရောင်းချဖို့ အဆိုပြုမှုကို အမေရိကန်အစိုးရက အတည်ပြုလိုက်ပါတယ်။

    ရောင်းချမယ့် စစ်လက်နက်ပစ္စည်းတွေထဲမှာ ဒုံးကျည်ဒဏ်ခံ TOW တင့်ကား သန်း ၆၇၀ ဖိုး၊ ရဟတ်ယာဉ် ထိန်းသိမ်းမှုအတွက် ကန်ဒေါ်လာ သန်း ၁၆၀ တန် ကန်ထရိုက်၊ စစ်ဖက်ယာဉ်တွေအတွက် အပိုပစ္စည်း သန်း ၃၀၀ ဖိုးတွေ ပါဝင်တယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “မိတ်ဖက်နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကို တိုးတက်အောင် ဆောင်ရွက်ပေးတဲ့ ဒီရောင်းချမှုဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ အမျိုးသားလုံခြုံရေး ရည်မှန်းချက်တွေကို အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်”

    ဒီရောင်းချမှုအတွက် အောက်လွှတ်တော်ကို အသိပေးထားပြီးဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အမေရိကန်ကို ၃ ပတ်ကြာ ရောက်ရှိနေတဲ့အချိန်မှာ ဒီကြေငြာချက် ထွက်ပေါ်လာတာပါ။

    ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ ဘင် ဆလ်မန်ကို လက်ခံတွေ့ဆုံခဲ့ပြီး ဆော်ဒီအနေနဲ့ အလုပ်အကိုင်တွေ၊ စစ်လက်နက်ဝယ်ယူမှုတွေကနေတစ်ဆင့် ကြွယ်ဝမှုကို မျှဝေပေးဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီက ပါဝင်နေမှုကြောင့် လက်နက်ရောင်းချမှုတွေကို ရပ်တန့်ဖို့ ဒါမှမဟုတ် ကန့်သတ်ဖို့အတွက် အမေရိကန်လွှတ်တော်အမတ်တွေ၊ တက်ကြွက်လှုပ်ရှားသူတွေက ထရမ့်အစိုးရက တောင်းဆိုတာမျိုးတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • ထရမ့်သားမက်ကို အိတ်ထဲထည့်ထားသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ထရမ့်သားမက်ကို အိတ်ထဲထည့်ထားသည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၂၂၊ ၂၀၁၈
    M-Media

    ထရမ့်သားမက် ဂျာရဒ် ကက်ရှ်နာ (လယ်)

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်ပြီး သူ့ရဲ့ အနီးကပ်အကြံပေးလည်းဖြစ်သူ ဂျာရဒ် ကက်ရှ်နာဟာ သူ့ရဲ့အိတ်ကပ်ထဲကလူဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ကြောင်း The Intercept သတင်းဌာနက ဖော်ပြပါတယ်။

    သူ့အပေါ် သစ္စာမစောင့်သိသူတွေရဲ့ အသေးစိတ် စာရင်းတွေကို ကက်ရှ်နာက သူ့ကို ပေးခဲ့တယ်ဆိုတဲ့ ဘင် ဆလ်မန်ရဲ့ ပြောကြားမှုကို ဆော်ဒီနဲ့ ယူအေအီး တော်ဝင်မိသားစုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အခြား ရင်းမြစ်တစ်ခုက ဘင် ဆလ်မန်က အဘူဒါဘီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံမှုအတွင်း ကက်ရှ်နာဟာ သူ့ရဲ့ ‘သူ့အိတ်ကပ်ထဲကလူ’ ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ကက်ရှ်နာရဲ့ ရှေ့နေတွေကတော့ ဒီသတင်းကို ငြင်းဆိုခဲ့ပြီး ‘မှားယွင်းကြောင်း၊ အဓိပ္ပါယ်မရှိကြောင်း’ တုန့်ပြန်ဖို့ မထိုက်တန်ကြောင်း ပြောဆိုခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ခြစားမှုတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ နိုဝင်ဘာလအတွင်းမှာ ဆော်ဒီတော်ဝင်မင်းသားတွေ၊ စီးပွားရေးသမားတွေနဲ့ အခြား အကြီးတန်းတာဝန်ရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ တစ်ချို့ကို ငွေကြေးအပေးအယူနဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

    ထရမ့်ရဲ့ အနီးကပ်အကြံပေးဖြစ်တဲ့ ကက်ရှ်နာဟာ အိမ်ဖြူတော်ကို ၀င်ရောက်ပြီး ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေးအချက်အလက်တွေ ရယူခွင့်ကို ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာ ရုပ်သိမ်းခံခဲ့ရပါတယ်။

    ယူအေအီး၊ တရုတ်၊ အစ္စရေးနဲ့ မက္ကဆီကိုတို့ရဲ့ တာဝန်ရှိသူတွေက ကက်ရှ်နာကို အသုံးချပြီး အမြတ်ထုတ်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ၀ါရှန်တန်ပို့စ်သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

    ကက်ရှ်နာနဲ့ ဆော်ဒီအိမ်ရှေ့မင်းသားတို့ဟာ ထရမ့် သမ္မတဖြစ်လာကတည်းက နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး အောက်တိုဘာလက ကက်ရှ်နာ ဆော်ဒီကို သွားရောက်စဉ်အတွင်းမှာ သူတို့နှစ်ဦး အစောဆုံး တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။

    ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ လက်ရှိမှာ အမေရိကန်ကို ၂ ပတ်ကြာခရီးအဖြစ် ရောက်ရှိနေပါတယ်။

    Ref: Aljazeera

  • ယဉ်ကျေးမှုအနုပညာ တိုးတက်စေရန် ဆော်ဒီက ရုပ်ရှင်ကောင်စီ ဖွဲ့စည်း

    ယဉ်ကျေးမှုအနုပညာ တိုးတက်စေရန် ဆော်ဒီက ရုပ်ရှင်ကောင်စီ ဖွဲ့စည်း

    မတ် ၂၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီ ယဉ်ကျေးမှုဆိုင်ရာ အာဏာပိုင်အဖွဲ့ (GAC) က ဆော်ဒီရုပ်ရှင်ကောင်စီ ဖွဲ့စည်းလိုက်ကြောင်း မနေ့မှာ ကြေငြာခဲ့ပြီး ရုပ်ရှင်နဲ့ အနုပညာ ဆန်းသစ်မှုကဏ္ဍတွေမှာ ကူညီပံ့ပိုးပေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    GAC ရဲ့ စီအီးအို အဟ်မဒ် အလ်-မာဇီဒ်က ဒီဆောင်ရွက်မှုကြောင့် တိုင်းပြည်ရဲ့ အသမိုင်းနဲ့ ယဉ်ကျေးမှုကဏ္ဍတွေကို ၂၀၃၀ ရည်မှန်းချက်အတိုင်း ပိုမိုမြှင့်တင်ပေးနိုင်ကာ နိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို အထောက်အကူဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။

    အသစ်ဖွဲ့စည်းလိုက်တဲ့ ဆော်ဒီ ရုပ်ရှင်ကောင်စီကို ရေရှည်တည်တံ့မယ့် မဟာဗျူဟာမြောက် နည်းလမ်းတွေကနေ ရုပ်ရှင်နဲ့ အနုပညာကဏ္ဍ ဖွံ့ဖြိုးလာစေမယ့် ၀န်းကျင်တစ်ခု ဖန်တီးပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ပါရမီရှိတဲ့လူငယ်တွေကို ပြုစုပျိုးထောင်ပေးတာ၊ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းတာ၊ အဆင့်မြင့် နည်းပညာတွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေနဲ့ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်အောင်၊ ဆော်ဒီရဲ့ ယဉ်ကျေးမှုအနုပညာကဏ္ဍ ဖွံ့ဖြိုးအောင် အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း အလ်-မာဇီဒ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ ဦးဆောင်မှုနဲ့ ဆော်ဒီဟာ နိုင်ငံအတွင်း လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အကြီးအကျယ် လုပ်ဆောင်နေပြီး အမျိုးသမီးတွေ ကားမမောင်းရဆိုတဲ့ ကန့်သတ်မှုကို ပယ်ဖျက်တာမျိုးတွေလည်း ဒီ ပြုပြင်ပြောင်းလဲမှုမှာ ပါဝင်ပါတယ်။

    Ref: Alarabiya