News @ M-Media

Tag: SaudiArabia

  • ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကို ပစ်မှတ်ထား၍ ယီမင်သူပုန်များ ဒုံးကျည်ဖြင့် တိုက်ခိုက်

    ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကို ပစ်မှတ်ထား၍ ယီမင်သူပုန်များ ဒုံးကျည်ဖြင့် တိုက်ခိုက်

    ဧပြီ ၁၂၊ ၂၀၁၈
    M-Media

    ယီမင်သူပုန်များ ဒုံးကျည်ပစ်လွှတ်မှု

    – ယီမင်က ဟူသီသူပုန်တွေဟာ ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ်ကို တိုက်ချင်းပစ်ဒုံးကျည်တစ်စင်း မနေ့မှာ ပစ်လွှတ်ခဲ့ပြီး ဆော်ဒီက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။

    ဟူသီတွေ ထုတ်လွှင့်နေတဲ့ Al Masirah သတင်းဌာနက တိုက်ခိုက်မှုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကို ပစ်မှတ်ထားကာ Burkan 2-H စကဒ်ဒုံးကျည်နဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

    ဟူသီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှာရက်ဖ် လွက္ကမန်က ယီမင်မြို့တော် ဆန်နာနဲ့ ဟူသီတွေ ထိန်းချုပ်ထားရာ အခြားဒေသတွေကို အုပ်ချုပ်နေတဲ့ ဗဟိုနိုင်ငံရေးကောင်စီ ဥက္ကဌ ဆာလေဟ် အလ်-ဆာမဒ်က ဒုံးကျည်နှစ်စတင်ကြောင်း ကြေငြာမှုနောက်ပိုင်း ဒီတိုက်ခိုက်မှု ပြုလုပ်တာလို့ ပြောကြားခဲ့ပါတယ်။

    ဟူသီတွေဟာ ဆော်ဒီက နဂ်ျရန်နဲ့ ဂျီဇန်ပြည်နယ်တွေမှာရှိတဲ့ ရေနံသိုလှောင်ထားတဲ့နေရာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း Al Masirah က ထပ်မံဖော်ပြခဲ့ပါတယ်။

    ယီမင်မှာ ဟူသီတွေကို တိုက်ခိုက်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဆော်ဒီ လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ နိုင်ငံတောင်ပိုင်းမှာ ဒရုန်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ ဟူသီတွေသူပုန်တွေဟာ မြို့တော် ဆန်နာကို ထိန်းချုပ်ခဲ့ပြီးနောက် ပြည်တွင်းစစ် အရှိန်မြင့်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ယီမင်သမ္မတဟောင်း အဘ်-ရာဘူ မန်ဆူရ်ဖက်ကနေ ဒီစစ်ပွဲမှာ ပါဝင်လာခဲ့ပါတယ်။

    အဲ့ဒီနောက်ပိုင်း တိုက်ခိုက်မှုတွေအတွင်း လူပေါင်း တစ်သောင်းကျော်လောက် သေဆုံးကာ၊ အနည်းဆုံး ၄ သောင်းလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ဆော်ဒီရဲ့ လေကြောင်းက တိုက်ခိုက်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဟူသီသူပုန်တွေဟာ ဆော်ဒီကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆော်ဒီအာဏာပိုင်တွေက ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဟူသီတွေဟာ ဒုံးကျည်ပေါင်း ၉၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

    ဆော်ဒီနှင့် ပြင်သစ်တို့ စီးပွားရေးဆိုင်ရာ သဘောတူညီချက် အခု ၂၀ ကို လက်မှတ်ရေးထိုး

    ဧပြီ ၁၁၊ ၂၀၁၈
    M-Media

    နှစ်ဖက် တွေ့ဆုံမှုတစ်ခု

    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၏ ပြင်သစ်ခရီးစဉ်အတွင်း ကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ စီးပွားရေးသဘောတူညီချက် အခု ၂၀ ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    ထိုအထဲမှ အရေးပါဆုံးမှာ ဆော်ဒီ၏ Aramco ကုမ္ပဏီနှင့် ပြင်သစ်မှ ထိပ်တန်း ရေနံကုမ္ပဏီ Total တို့အကြား သဘောတူညီချက်များဖြစ်သည်။ ကုမ္ပဏီနှစ်ခုမှာ ဆော်ဒီတွင် ကန်ဒေါ်လာ ၇.၂ ဘီလီယံတန် ရေနံထွက်ပစ္စည်းစက်ရုံ တည်ဆောက်ရေးနှင့် ကန်ဒေါ်လာ ၃ ဘီလီယံတန် ကုန်သွယ်ရေးကိစ္စများအတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆော်ဒီတွင် လေယာဉ်အင်ဂျင်များ ထုတ်လုပ်ရန်အတွက် ကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆော်ဒီနှင့် ပြင်သစ်တို့က သဘောတူညီခဲ့ကြသည်။

    ဆော်ဒီစွမ်းအင်နှင့် စက်မှုဝန်ကြီး ခါလစ် အလ်-ဖာလီဟ်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး မဂျစ် အလ်-ကာဆာဘီတို့ မနေ့က နှစ်ဖက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကြီးအကဲများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

    ပြင်သစ်မှာ ဆော်ဒီတွင် တတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ထားသည့် နိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၁၅ ဘီလီယံဖိုး ရှိနေသည်။

    Ref: Alarabiya

  • ဆော်ဒီအိမ်ရှေ့မင်းသား ပြင်သစ်သို့ ချစ်ကျည်ရေးခရီး ရောက်ရှိလာ

    ဆော်ဒီအိမ်ရှေ့မင်းသား ပြင်သစ်သို့ ချစ်ကျည်ရေးခရီး ရောက်ရှိလာ

    ဧပြီ ၈၊ ၂၀၁၈
    M-Media

    ပြင်သစ်သို့ ဆော်ဒီအိမ်ရှေ့မင်းသား ရောက်ရှိလာစဉ်

    – အမေရိကန်သို့ ၃ ပတ်ကြာ သွားရောက်ခဲ့ပြီးနောက် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ယနေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    ပြင်သစ်အစိုးရ၏ တရားဝင်ဖိတ်ကြားမှုဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဘင် ဆလ်မန်မှာ ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်၊ အခြား တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးစီးပွားရေးရာ ကိစ္စများကို ဆွေးနွေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

    ၂ ရက်တာကြာမြင့်မည့် ထိုခရီးစဉ်အတွင်း အိမ်ရှေ့မင်းသားမှာ ယီမင်၊ ဆီးရီးယားအရေးနှင့် အီရန်၏ နျူသဘောတူညီချက် ကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ကာ ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားများနှင့် စီးပွားရေးဖိုရမ်တို့ကိုလည်း တက်ရောက်မည်ဖြစ်သည်။

    ပြင်သစ်နှင့် ဆော်ဒီတို့အကြား ခရီးသွားလာရေး စီမံကိန်းတစ်ခုကို ၎င်း၏ ယခုခရီးစဉ်အတွင်း ကြေငြာဖွယ် ရှိနေသည်။

    အမေရိကန်မှ ထွက်ခွာခြင်းမပြုမီ ဆလ်မန်က သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဆော်ဒီနှင့် အမေရိကန်အကြား သမိုင်းနှင့်ချီသည့် မဟာဗျူဟာမြောက် ဆက်ဆံရေးအတွက်လည်း ချီးကျူးခဲ့သည်။

    Ref: Alarabiya

  • ဆော်ဒီတွင် နှစ် ၄၀ အတွင်း ပထမဆုံးရုပ်ရှင်ရုံကို ယခုလအတွင်း ဖွင့်လှစ်မည်

    ဆော်ဒီတွင် နှစ် ၄၀ အတွင်း ပထမဆုံးရုပ်ရှင်ရုံကို ယခုလအတွင်း ဖွင့်လှစ်မည်

    ဧပြီ ၅၊ ၂၀၁၈
    M-Media

    – ဆယ်စုနှစ်တွေအတွင်း ပထမဆုံးရုပ်ရှင်ရုံကို အခုလနှောင်းပိုင်းမှာ ဖွင့်လှစ်မယ်လို့ ဆော်ဒီက ကြေငြာလိုက်ပြီး ၂၀၂၃ ခုနှစ်မှာ ရုံ ၁၀၀ လောက်အထိ ဖွင့်လှစ်ဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

    ဆော်ဒီနိုင်ငံပိုင် ရန်ပုံငွေအဖွဲ့ဖြစ်တဲ့ PIF ဟာ AMC Entertainment Holdings နဲ့ နိုင်ငံအတွင်းမှာ ရုပ်ရှင်ရုံတွေ ဖွင့်လှစ်ဖို့အတွက် သဘောတူညီချက်တစ်ခုကို မနေ့မှာ လက်မှတ်ထိုးလိုက်တာပါ။ ၅ နှစ်အတွင်း ဆော်ဒီနိုင်ငံက အဓိကမြို့ကြီး ၁၅ မြို့မှာ ရုပ်ရှင်ရုံပေါင်း ၄၀ လောက်အထိ တည်ဆောက်ဖို့ ရှိပါတယ်။

    ၂၀၃၀ ရောက်ရင်တော့ မြို့ ၂၅ မြို့မှာ ရုပ်ရှင်ရုံ ၅၀ ကနေ ၁၀၀ ကြားဖွင့်လှစ်ဖို့လည်း စီစဉ်ထားပါတယ်။

    မြို့တော်ရီယာ့ဒ်ရဲ့ ကင်းအဘ်ဒူလာဘဏ္ဍာရေးမြို့က သံစုံတီဝိုင်းခန်းမနေရာမှာ ပထမဆုံး ရုပ်ရှင်ရုံကို ဧပြီလ ၁၈ ရက်နေ့ကျရင် ဖွင့်လှစ်မှာဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆော်ဒီမှာ ရုပ်ရှင်ရုံတွေဖွင့်လှစ်ခွင့် ပိတ်ပင်ထားမှုဟာ နှစ်ပေါင်း ၃၅ နှစ် ကြာမြင့်ခဲ့ပြီး အခုနှစ်အစောပိုင်းမှာ ဖွင့်လှစ်ခွင့်ပေးမယ်လို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဆော်ဒီအစိုးရက ကြေငြာခဲ့ပါတယ်။

    ရုပ်ရှင်ရုံတွေမှာ ဘယ်ဇာတ်ကားတွေတင်မယ်၊ အမျိုးသား၊ အမျိုးသမီးတွေကို ဘယ်လိုသီးသန့်စီထားမလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

    ဆော်ဒီမှာ ရုပ်ရှင်ရုံတွေ မရှိသေးပေမယ့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ Netflix လို အွန်လိုင်းဝန်ဆောင်မှုတွေကနေ ရုပ်ရှင်တွေကို ကြည့်နေကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • စစ်ဖြစ်နိုင်သည်ဆိုသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏စကားကို အီရန် ရှုတ်ချ

    စစ်ဖြစ်နိုင်သည်ဆိုသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏စကားကို အီရန် ရှုတ်ချ

    မတ် ၃၁၊ ၂၀၁၈
    M-Media

    – ၁၅ နှစ်အတွင်း အီရန်နဲ့ စစ်ဖြစ်နိုင်တယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ စကားကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက ဒီနေ့မှာ ရှုတ်ချလိုက်ပါတယ်။

    ကာစီမီက ဘင် ဆလ်မန်အနေနဲ့ သေခြင်းတရားနဲ့ မကစားဖို့ သတိပေးခဲ့ပြီး၊ အီရန်နိုင်ငံရဲ့ ပြတ်သားမှုကို စိန်ခေါ်ခဲ့တဲ့ အီရတ်ခေါင်းဆောင် ဆက်ဒမ် ဟူစိန်ရဲ့ကံကြမ္မာကို ဘင် ဆလ်မန် သင်ခန်းစာယူနိုင်စေရေး ပဲ့ပြင်ဆုံးမပေးဖို့လည်း ဆော်ဒီအာဏာပိုင်ဟောင်းတွေကို တိုက်တွန်းခဲ့ပါတယ်။

    “အတွေ့အကြုံနုပြီး လူမန်နေရာမှမဟုတ်ဘဲ ထင်တစ်လုံးဖြစ်နတဲ့ သူဟာ စစ်ဆိုတာဘာလဲ မသိသလို၊ သမိုင်းကိုလည်း မလေ့လာဖူးပါဘူး။ လူကြီးသူမတွေရဲ့ ပဲ့ပြင်ဆုံးမမှုကို မခံခဲ့ရတဲ့ သနားစရာပုဂ္ဂိုလ်ပါ” လို့ ကာစီမီရဲ့ ပြောကြားမှုကို ကိုကားပြီး အီရန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    နောက်ပြီး ကာစီမီက တောင်ကြီးကိုဖြိုမယ်လို့ မာန်တင်းထားတဲ့ ခါခြင်ကောင်ဟာ အနှေးနဲ့အမြန် ပျက်ဆီးရလိမ့်မယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်ကိုရောက်ရှိနေတဲ့ မိုဟာမက် ဘင် ဆလ်မန်က Wall Street ဂျာနယ်နဲ့ အခုတစ်ပတ် အင်တာဗျူးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်ပြီး မပြုလုပ်ဘူးဆိုရင် ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း ဆော်ဒီနဲ့အီရန်တို့ စစ်ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာပါ။

    အီရန်က ဒေသအတွင်း သြဇာလွှမ်းမိုးအောင် လုပ်ဆောင်နေတယ်လို့ ဆော်ဒီက ရှုမြင်နေပြီး၊ အီရန်နဲ့ ကမ္ဘာ့နိုင်ငံတွေ ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကိုလည်း ဝေဖန်ထားပါတယ်။

    ဘင် ဆလ်မန်ဟာ အီရန် ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဝေဖန်ပြောဆိုမှုတွေ တော်တော်များများ ပြုလုပ်ထားပါတယ်။

    Ref: Aljazeera