News @ M-Media

Tag: SaudiArabia

  • သေသည်အထိ အာဏာယူသွားမယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အင်တာဗျူး

    သေသည်အထိ အာဏာယူသွားမယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အင်တာဗျူး

    မတ် ၁၉၊ ၂၀၁၈
    M-Media

    – သူ့ရဲ့ တိုင်းပြည်အပေါ် အုပ်စိုးမှုကို သေခြင်းတရားကသာ ရပ်တန့်နိုင်လိမ့်မယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က CBS သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီး ဒီအင်တာဗျူးအပြည့်အစုံကို မင်းသားရဲ့ အမေရိကန်ခရီးစဉ်အကြို ဒီကနေ့မှာ ထုတ်လွှင့်ခဲ့ပါတယ်။

    “လူတစ်ယောက် အသက်ဘယ်လောက် ရှည်မလဲဆိုတာ ဘုရားသခင်သာ သိပါတယ်။ အသက် ၅၀ လောက် နေရမလားဆိုတာ မသိပါဘူး။ ပုံမှန်အတိုင်း သွားမယ်ဆိုရင်တော့ ဒီလောက် နေရမယ်လို့ မျှော်လင့်လို့ ရပါတယ်”

    CBS သတင်းဌာနက အင်တာဗျူးသူ နိုရာ အိုဒိုနယ်က သူ့ရဲ့ အုပ်စိုးမှုကို တစ်ခုခုက တားဆီးနိုင်မလားဆိုပြီး မေးတဲ့အခါမှာ မင်းသားက ‘သေခြင်းတရား’ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒီအင်တာဗျူးဟာ မိုဟာမက် ဘင် ဆလ်မန်တစ်ယောက် အိမ်ရှေ့အရာအပ်နှင်းခံရကာ အာဏာရပြီးတဲ့နောက် အမေရိကန်ရုပ်သံနဲ့ ပထမဆုံး အင်တာဗျူးမှုဖြစ်ပြီး မင်းသားကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ဖော်ပြထားပါတယ်။

    မိုဟာမက် ဘင် ဆလ်မန်ဟာ ဆော်ဒီနိုင်ငံအတွင်းမှာ လူမှုရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်ပြုလုပ်နေပြီး၊ သူခေါင်းဆောင်တဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ ဆော်ဒီတော်ဝင်မင်းသားတွေအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကို ခေတ္တထိန်းသိမ်းကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    CBS နဲ့ အင်တာဗျူးမှာ မင်းသားက အဲဒီလို ထိန်းသိမ်းစစ်ဆေးမှုအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် ပြန်ရခဲ့တယ်လို့ ပြောကြားခဲ့ပြီး ဒီဖမ်းဆီးမှုဟာ အာဏာလုဖို့ဆိုတဲ့ စွပ်စွဲမှုတွေကို ‘နုံအရာကျတယ်’ လို့ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    “ဆော်ဒီမှာ ကျွန်တော်တို့ လုပ်နေတာတွေဟာ လိုအပ်လို့ လုပ်နေတာတွေပါ။ လုပ်ဆောင်တဲ့အရာအားလုံးဟာ လက်ရှိတည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်”

    လူ့အခွင့်အရေးကိစ္စ

    ဘင် ဆလ်မန်ဟာ တိုင်းပြည်ရဲ့ လူမှုရေးပြဿနာတွေ၊ တိုင်းပြည်ရဲ့ ရှေးရိုးစွဲဝါဒအကြောင်းတွေကိုလည်း အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “၁၉၇၉ ခုနှစ်က ကိစ္စတွေ မတိုင်မီအထိ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်က အခြားနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ ပြည်သူတွေပါ”

    တိုင်းပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မင်းသားက “လူ့အခွင့်အရေး ကြေငြာစာတမ်းက အချက်အလက် တော်တော်များများကို ယုံကြည်တယ်” လို့ ပြောကြားခဲ့ပါတယ်။

    “တကယ်တော့ လူ့အခွင့်အရေးဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဆော်ဒီရဲ့ စံနှုန်းဟာ အမေရိကန်ရဲ့ စံနှုန်းတွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ဟာ ဒီကိစ္စမှာ ချို့ယွင်းချက် မဖြစ်ဘူးလို့ ကျွန်တော် မပြောချင်ဘူး။ ကျွန်တော်တို့မှာ တကယ်ရှိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီလို ချို့ယွင်းချက်တွေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်”

    တိုင်းပြည်အတွင်းမှာ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ တန်းတူပဲလို့ မင်းသားက ဆိုပါတယ်။

    “ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အကြား ခြားနားမှု မရှိပါဘူး”

    မိုဟာမက် ဘင် ဆလ်မန်ဟာ ဆော်ဒီမှာ အမျိုးသမီးတွေအပေါ် ပြုလုပ်ထားတဲ့ ကန့်သတ်ချက်တစ်ချို့ကို ဖြေလျော့ပေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဒီအတွက်လည်း ဆော်ဒီ ထိပ်တန်း အမျိုးသမီး ပညာရှင်များအဖွဲ့က ချီးကျူးခဲ့ကြပါတယ်။

    ယီမင်စစ်ပွဲ

    ယီမင်ပြည်တွင်းစစ်မှာ ဆော်ဒီဦးဆောင်တဲ့အဖွဲ့က ပါဝင်တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး ဘင် ဆလ်မန်အပေါ် ဝေဖန်မှုတွေ ရှိနေကာ သူကတော့ ၂၀၁၅ ခုနှစ် ဆော်ဒီက ဗုံးစကြဲကတည်းက ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်းအတည်းတွေအတွက် ဟူသီသူပုန်တွေကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ အရပ်သား၊ သူပုန် မခွဲခြားဘဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အရေးပါတဲ့ အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးတာတွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။

    ယီမင်စစ်ပွဲမှာ သူတို့ရဲ့ပါဝင်မှုကို ဘင် ဆလ်မန်က အမေရိကန်နဲ့ နှိုင်းယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

    “တစ်နေ့ကျရင် မက္ကဆီကိုက ပြည်သူ့စစ်တွေဟာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်တို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အမေရိကန်ပြည်သူတွေက ဘာမှမလုပ်နိုင်ဘဲ ဒါကို လက်ပိုက်ကြည့်နေရမယ့်အဖြစ်မျိုး အမေရိကန်က လက်ခံမယ်လို့ ကျွန်တော် မထင်ပါဘူး”

    အီရန်

    အီရန်ဟာ ဆော်ဒီရဲ့ ပြိုင်ဘက်ဖြစ်တယ်ဆိုတဲ့ ပြောကြားမှုတွေကို အိမ်ရှေ့မင်းသားက ပယ်ချခဲ့ပါတယ်။

    “အီရန်ဟာ ဆော်ဒီအာရေဗျနဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ အီရန်စစ်တပ်ဟာ မွတ်စလင်ကမ္ဘာက ထိပ်တန်း ၅ နိုင်ငံစာရင်းမှာ မ၀င်သလို၊ ဆော်ဒီစီးပွားရေးကလည်း အီရန်ထက် ပိုကြီးပါတယ်။ အီရန်ဟာ ဆော်ဒီကို မမှီနိုင်ပါဘူး”

    ဘင် ဆလ်မန်ဟာ အရင်က ပြောကြားခဲ့သလို ဒီအင်တာဗျူးမှာလည်း အီရန်အဓိပတိ အယာတိုလာ ခါမေနီကို နာဇီဂျာမနီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

    “သူ့ခေတ်သူ့အခါ နယ်ပယ်ချဲ့ထွင်ခဲ့တဲ့ ဟစ်တလာနဲ့ တော်တော်လေးကိုဆင်တဲ့ အနေအထားမျိုးကို သူ(ခါမေနီ)က အရှေ့အလယ်ပိုင်းမှာ ဖန်တီးချင်သူတစ်ယောက်ပါ။ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာတွေ မတိုင်ခင် ဥရောပနဲ့ ကမ္ဘာကြီးက ဟစ်တလာဟာ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ မသိခဲ့ကြပါဘူး။ အရှေ့အလယ်ပိုင်းမှာ ဒီလိုအနေအထားမျိုး ဖြစ်တာကို ကျွန်တော် မမြင်ချင်ပါဘူး”

    ဆော်ဒီအနေနဲ့ နျူလက်နက်ကို ပိုင်ဆိုင်လိုတဲ့ဆန္ဒ မရှိပေမယ့် အီရန်က နျူလက်နက် ရှိလာမယ်ဆိုရင် သူတို့အနေနဲ့ အမြန်ဆုံး ရရှိအောင် ကြိုးစားသွားမယ်လို့လည်း မင်းသားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီမှတ်ချက်နဲ့ပတ်သက်ပြီး အီရန်က ဘင် ဆလ်မန်ဟာ “ထင်ရာမြင်ရာပြောတဲ့ လူအတစ်ယောက်” ဖြစ်တယ်လို့ ဒီအင်တာဗျူး မလွှင့်ခင်မှာ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    “အမျှော်အမြင်နည်းတဲ့ ငါ့စကားနွားရ ပြောတာကလွဲရင် သူဟာ နိုင်ငံရေးအကြောင်း နကန်းတစ်လုံးမှ မသိသူပါ။ သူ့ရဲ့မှတ်ချက်တွေကဟာ တုန့်ပြန်ဖို့ မထိုက်တန်ပါဘူး” လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က ပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အမေရိကန်ကို ၂ ပတ်တာကြာမယ့် ခရီးစဉ် မစတင်ခင်မှာ CBS က ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ခရီးစဉ်အတွင်း မင်းသားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ သူ့အစိုးရအဖွဲ့ဝင်တွေ၊ နယူးယောက် ဆီလီကွန်တောင်ကြားနဲ့ အခြားဒေသတွေက စီးပွားရေး၊ ဘဏ္ဍာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Aljazeera

  • အီရန်က နျူဗုံးထုတ်လျှင် မိမိတို့လည်း နျူဗုံးထုတ်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အီရန်က နျူဗုံးထုတ်လျှင် မိမိတို့လည်း နျူဗုံးထုတ်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၁၅၊ ၂၀၁၈
    M-Media

    – အီရန်နိုင်ငံက နျူဗုံး ထုတ်လုပ်နိုင်လျှင် မိမိတို့နိုင်ငံကလည်း နျူလက်နက်များ ထုတ်လုပ်သွားမည်ဟု ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    ယနေ့မနက် CBS သတင်းဌာနနှင့် အင်တာဗျူးတွင် မင်းသားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အပြည့်အစုံကို ၎င်း အမေရိကန်သို့ မသွားရောက်ခင် မတ်လ ၁၈ ရက်နေ့တွင် ထုတ်လွှင့်မည် ဖြစ်သည်။

    မိုဟာမက် ဘင် ဆလ်မန်မှာ ယခင် CBS သတင်းဌာနနှင့် အင်တာဗျူးတွင် အီရန်အဓိပတိ အယာတိုလာ ခါမေနီအား နာဇီဂျာမနီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာနှင့် ခိုင်းနှိုင်းပြောကြားဖူးသည်။

    အရှေ့အလယ်ပိုင်းတွင် ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်သိမ်းပိုက်ထားသော အစ္စရေးမှလွဲ၍ အခြားအာရပ်နိုင်ငံများမှာ နျူလက်နက်များ မရှိပေ။ အာရပ်နိုင်ငံအချို့က နျူလက်နက် ထုတ်လုပ်ရန် ကြိုးစားမှုကိုလည်း အစ္စရေးက ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

    အီရန်မှာ နျူဒုံးကျည်ထုတ်လုပ်မှုများ ရှိနေသည်ဟု အမေရိကန်နှင့် မဟာမိတ်များက စွပ်စွဲထားပြီး အီရန် ၎င်းတို့နျူအစီအစဉ်မှာ စွမ်းအင်အတွက်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ နျူအစီအစဉ်အား ကန့်သတ်ရန်အတွက် အီရန်နှင့် ကမ္ဘာ့နိုင်ငံများမှာ ၂၀၁၅ ခုနှစ်တွင် သဘာတူညီချက်တစ်ခု ရရှိခဲ့သည်။

    Ref: Alarabiya

  • ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန်သမ္မတတို့ အိမ်ဖြူတော်တွင် တွေ့မည်

    ဆော်ဒီအိမ်ရှေ့မင်းသားနှင့် အမေရိကန်သမ္မတတို့ အိမ်ဖြူတော်တွင် တွေ့မည်

    မတ် ၁၃၊ ၂၀၁၈
    M-Media

    ၂၀၁၇ ခုနှစ် မတ်လတွင် ထရမ့်နှင့် မိုဟာမက် ဘင် ဆလ်မန်တို့ တွေ့ဆုံခဲ့စဉ်

    – နိုင်ငံအတွင်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို ဦေးဆာင်ပြုလုပ်နေသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ မတ်လ ၂၀ ရက်နေ့တွင် သမ္မတထရမ့်နှင့် တွေ့ဆုံမည်ဟု အိမ်ဖြူတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    မင်းသားမှာ အိမ်ရှေ့မင်းသား ရာထူးကို ရရှိခဲ့ပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပြီးခဲ့သည့်တစ်ပတ်က အီဂျစ်နှင့် ယူကေသို့ သွားရောက်ခဲ့ပြီး စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကာ သဘောတူစာချုပ်များလည်း လက်မှတ်ရေးထိုးခဲ့သည်။

    “အမေရိကန်နဲ့ ဆော်ဒီအကြား ဆက်ဆံရေး ခိုင်မာစေမယ့် နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် သမ္မတက မျှော်လင့်နေပါတယ်” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာ ဆန်းဒါးစ်က ပြောကြားခဲ့သည်။

    မိုဟာမက် ဘင် ဆလ်မန်နှင့် ထရမ့်တို့မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးမည်ဟု မျှော်လင့်ထားသည်။

    Ref: Alarabiya

  • ယူအေအီး-ဆော်ဒီ နိုင်ငံချင်းဆက်ရထားလမ်း ၂၀၂၁ တွင် အသုံးပြုနိုင်မည်

    ယူအေအီး-ဆော်ဒီ နိုင်ငံချင်းဆက်ရထားလမ်း ၂၀၂၁ တွင် အသုံးပြုနိုင်မည်

    မတ် ၁၂၊ ၂၀၁၈
    M-Media

    – ယူအေအီးနှင့် ဆော်ဒီအာရေဗျ နိုင်ငံချင်းဆက် ရထားလမ်းတစ်ခုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်မည်ဟု ယူအေအီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

    ပင်လယ်ကွေ့ ၆ နိုင်ငံ နိုင်ငံချင်းဆက် ရထားလမ်းစီမံကိန်း GCC Railway ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကုန်များနှင့် လူများပါ သွားလာနိုင်မည်ဖြစ်သည်။

    GCC Railway စီမံကိန်းအတွက် ကန်ေါ်လာ ဘီလီယံ ၂၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အဖွဲ့ဝင် ၆ နိုင်ငံက ၎င်းတို့နိုင်ငံအတွင်း ရထားလမ်းများ၊ ဘူတာရုံများ၊ ရထားခရီးစဉ်နှင့် သက်ဆိုင်သည့် အဆောက်အဦးများကို ကိုယ်ပိုင်ငွေဖြင့် ဆောင်လုပ်ရသည်။ စတင်ပြေးဆွဲမှုကို ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ရန် သတ်မှတ်ထားသည်။

    စီမံကိန်းတွင် ဆော်ဒီနှင့် ယအေအီးတို့က ငွေကြေးအများဆုံးအသုံးပြုပြီး အိုမန်၊ ကာတာ၊ ကူဝိတ်နှင့် ဘာရိန်းတို့က ၎င်းတို့နောက်တွင် အစဉ်လိုက် ရှိနေကြသည်။

    “၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်တို့နဲ့ ဆော်ဒီကို ဆက်သွယ်မယ့် ရထားလမ်းတစ်ခု ရရှိမှာပါ” ဟု ယူအေအီး၏ ကုန်လမ်း၊ ရေလမ်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အဘ်ဒူလာ စလင်း အလ်ကက်သီရိက ပြောကြားခဲ့သည်။

    GCC Railway စီမံကိန်းကို ၂၀၀၉ ခုနှစ် အကြိမ် ၃၀ မြောက် ပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သော်လည်း ရေနံဈေးကျဆင်းမှုနောက်ဆက်တွဲ ဘဏ္ဍာရေးဂယက်၊ အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရန် စိတ်မပါမှုတို့ကြောင့် အလွန်အမင်း ကြာမြင့်ခဲ့ရသည်။

    Ref: Alarabiya

  • ကအ်ဘာကျောင်းတော်ရဲ့ ကစ္စ၀ါခြုံလွှာဖန်တီးရှင်က ဘယ်သူလဲ

    ကအ်ဘာကျောင်းတော်ရဲ့ ကစ္စ၀ါခြုံလွှာဖန်တီးရှင်က ဘယ်သူလဲ

    မတ် ၁၀၊ ၂၀၁၈
    M-Media

    – မွခ်တာရ် အေလင် ရှက်ဒါရ်ဟာ အစ္စလာမ်သာသနာရဲ့ အမြင့်မြတ်ဆုံး ၀တ်ကျောင်းတော်လို့ သတ်မှတ်ထားတဲ့ မက္ကာမြို့က ကအ်ဗာကျောင်းတော်ကို အုပ်ထားတဲ့ ‘ကစ္စ၀ါ’ ခေါ် ခြုံလွှာမှာ အာရဘီ စာပန်းချီတွေ ဖန်တီးပုံဖော်သူတစ်ယောက်ပါ။

    အရင်က စာပန်းချီပညာရှင် အဘ်ဒူလ်ရဟင်း ဘူခါရီ အသက် ၉၀ အရွယ် ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက်ပိုင်း ရှက်ဒါရ်ဟာ ဒီတာဝန်ကို ရယူခဲ့တာဖြစ်ပါတယ်။

    ကအ်ဗာကျောင်းတော်တည်ရှိရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ စာပန်းချီသင်တန်းကျောင်းကို ရှက်ဒါရ်တစ်ယောက် ၁၉၇၈ ခုနှစ်မှာ တက်ရောက်ကာ ၂ နှစ်တာ လေ့လာဆည်းပူးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ လေးတန်းကျောင်းသားတစ်ယောက်ပါ။

    အနုပညာအထူးပြုနဲ့ ၀ိဇ္ဇာဘွဲ့ရပြီးနောက်ပိုင်းမှာ ရှက်ဒါရ်ဟာ Al-Qura တက္ကသိုလ်အပါအ၀င် နေရာတော်တော်များများမှာ နှစ် ၂၀ လောက် စာပန်းချီဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

    သူဟာ စာပန်းချီပညာရပ်မှာ မဟာဘွဲ့ရထားပြီး မက္ကာရဲ့ အတွေ့အကြုံအရင့်ဆုံး စာပန်းချီပညာရှင်လည်း ဖြစ်ပါတယ်။ စာပန်းချီရေးသားဖန်တီးမှုအပြင် မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ကုရ်အာန်ကျမ်းတော်မြတ် အဌကထာဖွင့်ဆိုမှုကို သင်ကြားပေးနေပါတယ်။

    “ကျွန်တော့်ဆရာတစ်ပါးက ကစ္စ၀ါစက်ရုံမှာ ကျွန်တော် အလုပ်ရဖို့အတွက် ထောက်ခံချက်ပေးတယ်။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော် စလုပ်ပါတယ်။ စာပန်းချီတွေ ကွန်ပျူတာနဲ့ပုံနှိပ်တာကို ကျွန်တော်က ပထမဆုံး စတင် ဆောင်ရွက်ခဲ့တာပါ။ ကအ်ဘာရဲ့ ကစ္စ၀ါခြုံလွှာမှာ မြင်နေရတဲ့ စာပန်းချီတွေအားလုံး ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီး ဘူခါရီရဲ့ လက်ရာတွေပါပဲ။ ကျွန်တော်က နည်းနည်းပါးပါးလောက်မွမ်းမံတာ၊ ဘုရင်အဘ်ဒူလာနဲ့ ဘုရင်ဆလ်မန်တို့ရဲ့အမည် ရေးတာလောက်ပဲ လုပ်ပါတယ်။ ခြုံလွှာရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ စာပန်းချီလက်ရာ သစ်တစ်ချို့ကိုလည်း ကျွန်တော် ထည့်သွင်းပါတယ်” လို့ ရှက်ဒါရ်က ပြောပါတယ်။

    ကစ္စ၀ါခြုံလွှာမှာ ရေးထိုးမယ့် ကုရ်အာန်ကျမ်းချက် စာပန်းချီတွေကို ကစ္စ၀ါစက်ရုံက ကြိုတင်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

    စာပန်းချီတွေကို လက်ရေးနဲ့ရေးသားကာ ကွန်ပျူတာထဲမှာ ထည့်သွင်းမွမ်းမံပြီး စက္ကူအကြည်နဲ့ ပရင့်ပြန်ထုတ်ရပါတယ်။ အဲဒီ ပြန်ထုတ်ထားတဲ့ စက္ကူအကြည်ကို ခြုံလွှာအပေါ်ထပ်ကာ ရက်ကန်းသမားတွေက ရွှေချည်၊ ငွေချည်တွေနဲ့ ဖောင်းကြွစာလုံးတွေအဖြစ် ပုံဖော်ရက်လုပ်ကြပါတယ်။

    သုံးစွဲပြီးသား စာပန်းချီပုံစံတွေကိုတော့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားပါတယ်။

    Ref: Alarabiya