News @ M-Media

Tag: SaudiArabia

  • ဆော်ဒီတွင် ပါကစ္စတန်တပ်ဖွဲ့များ ထပ်ချရန် ပြင်ဆင်

    ဆော်ဒီတွင် ပါကစ္စတန်တပ်ဖွဲ့များ ထပ်ချရန် ပြင်ဆင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
    M-Media

    – အင်အား တစ်ထောင်ကျော်လောက်ပါမယ့် တပ်ဖွဲ့တစ်ခုကို ဆော်ဒီမှာ ထပ်ချထားဖို့ ပါကစ္စတန်က ပြင်ဆင်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရက အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

    ပါကစ္စတန်တပ်တွေ ဆော်ဒီမှာ ချထားမယ့်ကိစ္စနဲ့ပတ်သက်လို့ တနင်္လာနေ့က ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခူရမ် ဒက်စ်ဂီရ်ခန်းဟာ လွှတ်တော်မှာ တင်ပြခဲ့ပြီး လေ့ကျင့်မှုနဲ့ အကြံပေးမှုတွေလုပ်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ယီမင်မှာပြုလုပ်နေတဲ့ တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်တပ်ဖွဲ့တွေ ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ပါကစ္စတန်အစိုးရနဲ့ စစ်တပ်ကတော့ ချထားမယ့် သူတို့တပ်ဖွဲ့တွေဟာ ဆော်ဒီနယ်နမိတ်အပြင်ဖက် ကိစ္စတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    ပါကစ္စတန်လွှတ်တော်ဥက္ကဌ ရာဇာ ရဘ္ဘာနီက ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ ဆော်ဒီမှာလုပ်ဆောင်မယ့် အခန်းကဏ္ဍကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိတဲ့အတွက် ကာကွယ်ရေးဝန်ကြီးရဲ့ ဒီတင်ပြမှုကို ကျေနပ်မှုမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဆော်ဒီမှာ ပါကစ္စတန်တပ်ဖွဲ့ဝင် ၁၆၀၀ လောက် ရှိနေပြီး ၁၉၈၂ ခုနှစ်မှာ နှစ်ဖက် ချုပ်ဆိုထားတဲ့ စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်။

    ဒီစာချုပ်မှာ ပါကစ္စတန်တပ်ဖွဲ့တွေဟာ ဆော်ဒီ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့၊ ပြည်တွင်းလုံခြုံရေးကိစ္စတွေမှာ ကူညီပေးဖို့ ပါဝင်ပါတယ်။

    ၁၉၆၇ ခုနှစ်ကတည်းက ပါကစ္စတန်ဟာ ဆော်ဒီတပ်ဖွဲ့ဝင် ၈၂၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှု တော်တော်များများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ပါဝင်ဖို့အတွက် ဆော်ဒီဟာ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန်လွှတ်တော်က တိုင်းပြည်ရဲ့စစ်တပ်အနေနဲ့ ဒီကိစ္စမှာ မပါဝင်ဖို့နဲ့၊ ဆော်ဒီပိုင်နက်၊ မြင့်မြတ်ရာ နေရာတွေဖြစ်တဲ့ မက္ကာနဲ့ မဒီနာတို့ကို ကာကွယ်ရာမှာ အသုံးပြုဖို့ပဲ တပ်ဖွဲ့တွေ ချထားရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera

  • အမျိုးသမီးများ စီးပွားရေးလုပ်ရန် အိမ်ထောင်ဦးစီး၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီပယ်ဖျက်

    အမျိုးသမီးများ စီးပွားရေးလုပ်ရန် အိမ်ထောင်ဦးစီး၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီပယ်ဖျက်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media

    – ခင်ပွန်း ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေထဲက အမျိုးသား တစ်ဦးဦးရဲ့ ခွင့်ပြုချက်ရမှ အမျိုးသမီးတွေ စီးပွားရေးလုပ်ရတဲ့ ကန့်သတ်ကို ပယ်ဖျက်ကြောင်း ဆော်ဒီအစိုးရက ကြာသာပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။

    “အမျိုးသမီးတွေအနေနဲ့ အခုအချိန်ကစလို့ အိမ်ထောင်ဦးစီးရဲ့ ခွင့်ပြုချက် တင်ပြစရာမလိုဘဲ စီးပွားရေးကို ကိုယ်တိုင်လုပ်ခွင့်၊ စီးပွားရေးအတွက် အစိုးရဆီက အကူအညီရယူခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်” လို့ ဆော်ဒီ စီးပွားကူးသန်းနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနက ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အရင်က ဆော်ဒီ အမျိုးသမီးတွေဟာ အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ခရီးသွားလာမှု၊ ကျောင်းတက်မှု၊ စီးပွားရေးလုပ်ငန်းတွေမှာ ခင်ပွန်း၊ ဒါမှမဟုတ် ဖခင်၊ အစ်ကို၊ မောင် စတဲ့ အိမ်ထောင်ဦးစီးရဲ့ခွင့်ပြုချက်ကို အစိုးရထံ တင်ပြရတာ ဖြစ်ပါတယ်။

    ရေနံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချဖို့အတွက် ဆော်ဒီဟာ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတစ်ခုကို ချမှတ်ထားပြီး အခုနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးအောင် ဆောင်ရွက်လာပါတယ်။

    ပြုပြင်ပြောင်းလဲမှုတွေထဲမှာ အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်စလို့ တစ်စ၊ တစ အကောင်အထည် ဖော်လာခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဆော်ဒီဘုရင် ဆလ်မန်ဟာ အမျိုးသမီးတွေ ကားမမောင်းရဆိုတဲ့ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီး၊ အစိုးရလုပ်ငန်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်ဖို့လည်း လမ်းဖွင့်ပေးခဲ့ပါတယ်။

    အသက် ၃၂ နှစ်အရွယ်ရှိပြီး သြဇာကြီးတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဆော်ဒီကို အလယ်အလယ်ကျပြီး၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလမှာ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဆော်ဒီအမျိုးသမီးများ စစ်မှုမထမ်းမနေရစနစ် ဆောင်ရွက်ရန် ရှူရာကောင်စီဝင်တစ်ဦး တိုက်တွန်း

    ဆော်ဒီအမျိုးသမီးများ စစ်မှုမထမ်းမနေရစနစ် ဆောင်ရွက်ရန် ရှူရာကောင်စီဝင်တစ်ဦး တိုက်တွန်း

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈
    M-Media

    ဆော်ဒီတပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်

    – အကြပ်အတည်း၊ စစ်ပွဲနဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့လာတဲ့အခါ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့အတွက် အမျိုးသမီးတွေ ၃ လကနေ ၁ နှစ်အထိ စစ်မှုမထမ်းမနေရ စနစ်ကို အကောင်အထည်ဖော်ဖို့ ဆော်ဒီအစိုးရဲ့ အတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) အဖွဲ့ဝင် အစ်က်ဘာလ် ဒါရန်ဒါရီက တိုက်တွန်းလိုက်ပါတယ်။

    အလ် အာရေဗျသတင်းဌာနနဲ့ အင်တာဗျူးမှာ ဒါရန်ဒါရီက နိုင်ငံသားတွေအနေနဲ့ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေရမှာဖြစ်သလို၊ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိနေရမယ်လို့ ပြောကြားခဲ့တာပါ။

    အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ကွာခြားမှု သိပ်မရှိလှဘဲ ကြံ့ခိုင်မှု၊ အတွေ့အကြုံနဲ့ တိုက်ခိုက်ရေးပညာတွေကိုသာ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

    စစ်မှုထမ်းတယ်ဆိုတာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဝတ္တရားဖြစ်တာကြောင့် အမျိုးသား၊ အမျိုးသမီး၊ နိုင်ငံအတွင်းရှိနေတဲ့ လူ့အဖွဲ့အစည်းအားလုံး ပါဝင်ကာ တိုင်းပြည်ကို ကာကွယ်နိုင်ရမယ်လို့ ဒါရန်ဒါရီက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်က ဆော်ဒီနိုင်ငံသား အမျိုးသားတွေ၊ အမျိုးသမီးတွေ အားလုံး စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းသင့်တယ်လို့ ယခင်က ပြောကြားမှု ရှိခဲ့ပေမယ့် ကောင်စီရဲ့ လုံခြုံရေးဆိုင်ရာကော်မတီ ဒုတိယဥက္ကဌ ဗိုလ်ချုပ် အဘ်ဒူလ် ဟာဒီ အလ်-အမ်ရီက ပယ်ချခဲ့ဖူးပါတယ်။

    Ref: Alarabiya

  • အစ္စရေးအတွက် ဆော်ဒီက လေပိုင်နက် အသုံးပြုခွင့်ပေးမည်

    အစ္စရေးအတွက် ဆော်ဒီက လေပိုင်နက် အသုံးပြုခွင့်ပေးမည်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၈
    M-Media

    – အစ္စရေးသို့ ပျံသန်းမည့် Air India မှ လေယာဉ်များကို ဆော်ဒီက ၎င်းတို့၏ လေပိုင်နက်ကို အသုံးပြုခွင့်ပေးမည်ဟု အစ္စရေးနေ့စဉ်သတင်းစာ Haaretz က ဖော်ပြခဲ့သည်။

    နှစ်ပေါင်း ၇၀ အတွင်း အစ္စရေးသို့ ပျံသန်းမည့် လေယာဉ်ကို ဆော်ဒီက ပထမဆုံး လေပိုင်နက် အသုံးပြုခွင့် ပေးခြင်းဖြစ်ပြီး နယူးဒေလီမှ တယ်လ်အဗီးသို့ ခရီးစဉ် ကြာချိန်မှာ ၂ နာရီခွဲခန့် လျော့ကျသွားမည် ဖြစ်သည်။

    ယခုလမ်းကြောင်းကြောင့် လေကြောင်းလိုင်းမှာ လောင်စာဆီ ကုန်ကျစားရိတ်ကို လျှော့ချနိုင်ကာ စီးနင်းသူများအတွက် ဈေးသက်သာသည့် လက်မှတ်များကို ရောင်းချနိုင်လိမ့်မည်ဟု Haaretz က ဖော်ပြခဲ့သည်။

    ဆော်ဒီမှာ အစ္စရေးအား နှစ်ပေါင်း ၇၀ ကြာ လေပိုင်နက်အသုံးပြုခွင့် မပေးသော်လည်း ဆော်ဒီမှ ကိုယ်ပိုင်လေယာဉ်များမှာ ဂျော်ဒန်မှတစ်ဆင့် အစ္စရေးသို့ သွားရောက်ကြသည်။

    ယခုကဲ့သို့ ခွင့်ပြုမှုကို အရှေ့အလယ်ပိုင်းတွင် အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ၏ သြဇာလွှမ်းမိုးမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။ မိုဒီမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အစ္စရေးသို့ လာရောက်ရန် ရှိနေပြီး အစ္စရေးသို့ တရားဝင်လာရောက်သည့် ပထမဆုံး အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

    ထိုဆုံးဖြတ်ချက်မှာ ရည်မှန်းချက်ကြီးသည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် ဆော်ဒီ၏ ဒေသတွင်းနှင့် နိုင်ငံခြားရေးပေါ်လစီ အပြောင်းအလဲ၊ ဆော်ဒီနှင့် အစ္စရေးကြား ဆက်ဆံရေး ပိုကောင်းလာမှုကိုလည်း ဖော်ပြနေသည်။

    Ref: Aljazeera

  • ဆော်ဒီ၏ ပထမဆုံး အမျိုးသမီးလက်ဝှေ့သမား နိုင်ငံတကာအဆင့်တွင် အောင်ပွဲရ

    ဆော်ဒီ၏ ပထမဆုံး အမျိုးသမီးလက်ဝှေ့သမား နိုင်ငံတကာအဆင့်တွင် အောင်ပွဲရ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျရဲ့ ပထမဆုံး အမျိုသမီး လက်ဝှေ့သမား ဒိုနာ မိုဟာမက် အလ်-ဂမ်ဒီဟာ နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

    ဂျော်ဒန်နိုင်ငံ ဘာလ်ကာပြည်နယ်မှာ မနေ့ကပြီးစီးခဲ့တဲ့ International Boxing Championship ပြိုင်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ နိုင်ငံတကာအဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ တစ်ဦးတည်းသော ဆော်ဒီ အမျိုးသမီးလည်း ဖြစ်ပါတယ်။

    အခုပြိုင်ပွဲမှာ နော်ဝေ၊ ဂျာမနီ၊ ပါလက်စတိုင်း၊ အီဂျစ်၊ အီရတ်၊ ယူအေအီး၊ ကူဝိတ်နဲ့ ဂျော်ဒန်တို့အပါအ၀င် ကမ္ဘတစ်ဝှမ်းက လက်ဝှေ့သမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

    အလ်-ဂမ်ဒီဟာ ပြီးခဲ့တဲ့နှစ် ဂျော်ဒန်မှာ ကျင်းပခဲ့တဲ့ အာရပ်လက်ဝှေ့ချန်ပီယံမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလ်အာရေဗျနဲ့ အင်တာဗျူးမှာ သူက အထက်တန်းကျောင်း ပြီးကတည်းက လက်ဝှေ့လောကကို စတင်ဝင်ရောက်လာတာဖြစ်ပြီး ခါးပတ်အနက်နဲ့ ဆုတံဆိပ် ၄ ခု ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya