News @ M-Media

Tag: SaudiArabia

  • အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဗြိတိန်နှင့် ပူးပေါင်းမြှင့်တင်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဗြိတိန်နှင့် ပူးပေါင်းမြှင့်တင်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၆၊ ၂၀၁၈
    M-Media

    – ဆော်ဒီနဲ့ ဗြိတိန်တို့ရဲ့ ဆက်ဆံရေးဟာ ပိုမိုခိုင်မာလာပြီး အစ္စလာမ်သာသနာရဲ့ အလယ်အလတ်လမ်းစဉ်ကို မြှင့်တင်ဖို့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် နှစ်နိုင်ငံ ပိုမို လုံခြုံမယ်လို့ ယုံကြည်ကြောင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်ပါတယ်။

    Telegraph သတင်းစာနဲ့ အင်တာဗျူးမှာ မင်းသားက အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး သူတို့နှစ်နိုင်ငံဟာ ကာကွယ်ရေးနဲ့ စီးပွားရေးမှာ သမိုင်းနဲ့ချီတဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့လည်း ဆိုပါတယ်။

    “ဆော်ဒီနဲ့ ဗြိတိန်တို့ရဲ့ ဆက်ဆံရေးဟာ ဆော်ဒီနိုင်ငံ တည်ထောင်ကတည်းက သမိုင်းနဲ့ချီ ရှိခဲ့တာပါ။ အဲဒီလို စတင်ကတည်းက ဘုံအကျိုးစီးပွားကို ကျွန်တော်တို့ ရှေ့ရှုခဲ့ပြီး ဒီကနေ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ပိုပြီးတော့ ကောင်းလာပါတယ်”

    နောက်ပြီး ဆော်ဒီနဲ့ ဆက်ဆံရေး ပိုမိုခိုင်မာမယ်ဆိုရင် ဗြိတိန်နဲ့ ဆော်ဒီပြည်သူတွေသာမက တစ်ကမ္ဘာလုံး ပိုပြီး အန္တရာယ်ကင်းလိမ့်မယ်လို့လည်း မင်းသားက ပြောကြားခဲ့ပါတယ်။

    “အစွန်းရောက်တွေနဲ့ အကြမ်းဖက်သမားတွေ ချိတ်ဆက်ပြီး သူတို့ရဲ့ အယူအဆတွေကို ဖြန့်ဖြူးနေကြပါတယ်။ အစ္စလာမ်ရဲ့ အလယ်အလတ်လမ်းစဉ်ကို မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်”

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ အခုတစ်ပတ်အတွင်း ဗြိတိန်ကို ၃ ရက်ကြာ သွားရောက်ဖို့ရှိနေပြီး ၀န်ကြီးချုပ် ထရီဇာမေ၊ အခြား အကြီးတန်းဝန်ကြီးတွေနဲ့ ဆွေးနွေးမှာဖြစ်သလို၊ ဗြိတိန်တော်ဝင်မိသားစုနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

    “ဆော်ဒီဟာ ကမ္ဘာစီးပွားရေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ လူတွေဟာ လွတ်လပ်စွာ သွားလာနိုင်ဖို့လိုတယ်။ ကျွန်တော်တို့ကလည်း ကျန်ကမ္ဘာကြီးနဲ့ တူညီတဲ့ စံနှုန်းမျိုး သတ်မှတ်ပေးဖို့ လိုပါတယ်”

    မိုဟာမက် ဘင် ဆလ်မန်ဟာ ဆော်ဒီနိုင်ငံအတွင်းက စီးပွားရေး၊ ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။

    ဗြိတိန်ကိုလည်ပတ်မှုအတွင်း မင်းသားဟာ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဗြိတိန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးကို တက်ရောက်ဖို့လည်း ဖိတ်ကြားခံထားရပါတယ်။

    တိုင်းတစ်ပါးက ဦးသျှောင်တစ်ဦးကို ဒီအစည်းအဝေး တက်ရောက်ခွင့်ပြုတာဟာ ဗြိတိန်ရဲ့ ရှားပါးတဲ့ ခွင့်ပြုမှုလည်း ဖြစ်ပါတယ်။

    “အရှေ့အလယ်ပိုင်း တည်ငြိမ်မှုကို ကျွန်တော်တို့ လိုအပ်တာကြောင့် အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတွေကို တိုက်ဖျက်ချင်ပါတယ်” လို့ မင်းသားက အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဆော်ဒီအိမ်ရှေ့မင်းသား၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် စတင်

    ဆော်ဒီအိမ်ရှေ့မင်းသား၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် စတင်

    မတ် ၄၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်နေသည့် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ၎င်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ယနေ့တွင် အီဂျစ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

    အီဂျစ်မှာ ဆော်ဒီ၏ အဓိကမဟာမိတ်ဖြစ်ပြီး မိုဟာမက် ဘင် ဆလ်မန် လာရောက်ခြင်းမှာ လက်ရှိသမ္မတ စစ်တပ်အကြီးအကဲဟောင်း အလ်စီစီ ရာထူး၌ ဆက်လက်ရှိနေရေးကို ဆော်ဒီက ထောက်ခံမှုတစ်ခုဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    ယခုလနှောင်းပိုင်းတွင် အီဂျစ်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် ရှိနေပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း အလ်စီစီကပင် အနိုင်ရရှိမည်ဟု မျှော်လင့်ရသည်။

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်မှာ ဗုဒ္ဓဟူးနေ့တွင် ဗြိတိန်သို့သွားရောက်ကာ ၀န်ကြီးချုပ် ထရီဇာမေနှင့် တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ အမေရိကန်သို့ သွားရောက်ရန် ရှိနေသည်။

    မင်းသားမှာ လာမည့်သီတင်းပတ်များအတွင်း ပြင်သစ်သို့ သွားရောက်ရန်လည်း စီစဉ်ထားသည်။

    ယခုခရီးစဉ်များတွင် ဆော်ဒီသို့ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးမည်ဖြစ်ပြီး၊ ထရမ့်အစိုးရနှင့်မူ နျူပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန် ရှိနေသည်။

    Ref: Alarabiya

  • ဆော်ဒီ၏ ပထမဆုံး အမျိုးသမီး ဖာရာရီကားပိုင်ရှင် အခမ်းအနားတစ်ခုတွင် ဂုဏ်ပြုခံရ

    ဆော်ဒီ၏ ပထမဆုံး အမျိုးသမီး ဖာရာရီကားပိုင်ရှင် အခမ်းအနားတစ်ခုတွင် ဂုဏ်ပြုခံရ

    မတ် ၁၊ ၂၀၁၈
    M-Media

    – ဆော်ဒီ ကားအသင်းက ပထမဆုံး အမျိုးသမီး ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံအတွင်း ပထမဆုံး ဖာရာရီကားပိုင်တဲ့ အမျိုးသမီးလည်းဖြစ်တဲ့ အဆီလ် အလ်-ဟာမဒ်ဟာ ဂျစ်ဒါမှာကျင်းပတဲ့ အခမ်းတစ်ခုတစ်ခုမှာ ဂုဏ်ပြုခံခဲ့ရပါတယ်။

    အီတလီယဉ်ကျေးမှုစင်တာမှာ ‘Saudi Women Can Drive’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ အဲဒီအခမ်းအနားကို အီတလီအစိုးရ ဒုတိယအတွင်းရေးမှူး ဗင်ဆန်ဇို အေမန်ဒိုလာ၊ ဆော်ဒီဆိုင်ရာ အီတလီသံအမတ် လူကာ ဖရာရီတို့အပါအ၀င် အထူးဧည့်သည်တော်တွေ တက်ရောက်ခဲ့ပြီး အမျိုးသမီးတွေကို ကားမောင်းခွင့် ပိတ်ပင်ထားတာကို ဖယ်ရှားပေးတဲ့ ဘုရင်ဆလ်မန်ကို ချီးကျူးခဲ့ကြပါတယ်။

    စီပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး၊ အိမ်တွင်းဒီဇိုင်းဆိုင်ရာ အင်ဂျင်နီယာလည်းဖြစ်တဲ့ ဆော်ဒီအမျိုးသမီး အလ်-ဟာမဒ်ဟာ ဖာရာရီကားတွေကို အရူးအမူး စွဲလမ်းသူတစ်ယောက်ပါ။ ဘုရင်ဆလ်မန်က ဆော်ဒီအမျိုးတွေကို ကားမောင်းခွင့်ပြုလိုက်တာဟာ ‘တိုင်းပြည်ရဲ့ လူမှုရေးနဲ့ စီးပွားရေးမှာ အပြုသဘောဆောင်တဲ့ ရလဒ်တွေ’ ရရှိလိမ့်မယ်လို့ သူက ပြောကြားခဲ့ပါတယ်။

    “ဒီဆုံးဖြတ်ချက်အတွက် အခြား ဆော်ဒီအမျိုးသမီးတွေလိုပဲ ကျွန်မ အရမ်းကို ပီတိဖြစ်ရပါတယ်။ ကျွန်မ အိမ်မက်ခဲ့ရတဲ့ကားကို ၀ယ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း ကျွန်မရဲ့ချမှတ်ခဲ့တာတွေထဲမှာ အကောင်းဆုံးပါပဲ။ မကြာခင် ကားမောင်းရတော့မယ့်အတွက် အရမ်းကို ပျော်ရွှင်နေပါတယ်”

    အီတလီအစိုးရ တာဝန်ရှိသူ အေမန်ဒိုလာက ဆော်ဒီအစိုးရအနေနဲ့ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုလိုက်တာဟာ နိုင်ငံအတွင်းက လူ့စွမ်းအားတွေကို အသုံးပြုရေး အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ အစိုးရက ရည်မှန်းထားတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်ဖို့အတွက် အထောက်အပံ့ဖြစ်မှာဖြစ်တယ်လို့ ပြောကြားခဲ့
    ပါတယ်။

    “ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ သမိုင်းနဲ့ချီရှိခဲ့ပြီး အခုအချိန်မှာတော့ ကျွန်တော်တို့ အတူလက်တွဲလုပ်နေတဲ့ စီမံကိန်းတွေလည်း တော်တော်များများ ရှိနေပါတယ်”

    ဓလေ့ထုံးတမ်းအရ အမျိုးသမီး ကားမောင်းခွင့် ပိတ်ပင်ထားမှုကို ပယ်ဖျက်ကြောင်း ဆော်ဒီက ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီး ဒါဟာ ဆော်ဒီအစိုးရရဲ့ လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဆော်ဒီအမျိုးသမီးတွေဟာ ဇန်လ ၂၄ ရက်နေ့ကစပြီး နိုင်ငံအတွင်းမှာ လွတ်လပ်စွာ ကားမောင်နိုင်တော့မှာ ဖြစ်ပါတယ်။

    Ref: ArabNews

  • စစ်ဖက်၊ အရပ်ဖက် ထိပ်တန်းရာထူးများကို ဆော်ဒီ အပြောင်းအလဲပြုလုပ်

    စစ်ဖက်၊ အရပ်ဖက် ထိပ်တန်းရာထူးများကို ဆော်ဒီ အပြောင်းအလဲပြုလုပ်

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၈
    M-Media

    ဆော်ဒီဘုရင် ဆလ်မန်

    – ဆော်ဒီဘုရင် ဆလ်မန်မှာ ထိပ်တန်း စစ်ဖက်အရာရှိများနှင့် အစိုးရ၀န်ကြီးများကို ယမန်နေ့က အပြောင်းအလဲလုပ်ခဲ့သည်ဟု သိရသည်။

    ရာထူးအပြောင်းအလဲတွင် စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ ကြည်းတပ်နှင့် လေတပ်တို့မှ ထိပ်တန်းခေါင်းဆောင်များ ပါဝင်ခဲ့သည်။

    ဒုတိယဗိုလ်ချုပ်ကြီး ဖေယဒ် ဘင် ဟာမဒ် အလ်-ရူဝေလီကို စစ်ဦးစီးအရာရှိချုပ်သစ်အဖြစ် ခန့်အပ်ခဲ့ပြီး၊ အမျိုးသမီးတစ်ဦးဖြစ်သူ တာမာဒူရ် ဘင်တီ ယူဆွဖ် အလ်-ရာမာကို အလုပ်သမားရေးရာ ဒုတိဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

    အမျိုးသမီးများကို ထိုကဲ့သို့ ထိပ်တန်းရာထူးများ ပေးမှုမှာ ဆော်ဒီတွင် ရှားပါးသည့် အဖြစ်အပျက်မျိုး ဖြစ်သည်။

    ဆော်ဒီအစိုးရ၏ ခြစားမှုတိုက်ဖျက်ရေးအစီအစဉ်အရ လနှင့်ချီ ထိန်းသိမ်းခံခဲ့ရသည့် ဘီလီယံနာ စီးပွားရေးသမား တော်ဝင်မင်းသား တာရ်ကီ ဘင် တာလာလ်ကိုလည်း ဒုတိယ အုပ်ချုပ်ရေးမှူးရာထူး ခန့်အပ်ခဲ့သည်။

    ထိုကဲ့သို့ ရာထူးအပြောင်းအလဲလုပ်မှု အကြောင်းအရင်းများကို ဆော်ဒီက တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

    အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်သည့် ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အပြောင်းအလဲများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် ယခု ရာထူးအပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    ယခုလုပ်ရပ်မှာ ယီမင်တွင် တိုက်ခိုက်မှုကြောင့် ဝေဖန်ခံရမှုနှင့် ပတ်သက်မည်ဟု ယူဆမှုများ ရှိနေပြီး၊ ဘုရင်ဆလ်မန်က သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အာဏာရယူနိုင်ရန် လမ်းခင်းပေးနေခြင်းဖြစ်သည်ဟု ခန့်မှန်းမှုများလည်း ရှိနေသည်။

    “ဒီအခြေအနေတွေက ကျွန်တော်တို့ကို တစ်ခု ပြောပြနေပါတယ်။ ဒါက ဘုရင်သစ် (မိုဟာမက် ဘင် ဆလ်မန်)ဟာ မကြာခင် လာတော့မယ် ဆိုတာပါ။ ဘုရင်ဆလ်မန်ဟာ သူ့သား အုပ်စိုးဖို့အတွက် ပလက်ဖောင်း ချပေးတာမျိုးဖြစ်ပြီး စီးပွားရေးမှာ သိသိသာသာ ပြောင်းလဲမှုတွေ၊ ခြစားမှု တိုက်ဖျက်ရေး စတာတွေကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ” ဟု အာရပ်ဒေသ နိုင်ငံရေးဆိုင်ရာ ပါမောက္ခ မဟ်ဂျူးဘ် ဇဝေရီက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီတွင် ပါကစ္စတန်တပ်ဖွဲ့များ ထပ်ချရန် ပြင်ဆင်

    ဆော်ဒီတွင် ပါကစ္စတန်တပ်ဖွဲ့များ ထပ်ချရန် ပြင်ဆင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၈
    M-Media

    – အင်အား တစ်ထောင်ကျော်လောက်ပါမယ့် တပ်ဖွဲ့တစ်ခုကို ဆော်ဒီမှာ ထပ်ချထားဖို့ ပါကစ္စတန်က ပြင်ဆင်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပါကစ္စတန်အစိုးရက အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

    ပါကစ္စတန်တပ်တွေ ဆော်ဒီမှာ ချထားမယ့်ကိစ္စနဲ့ပတ်သက်လို့ တနင်္လာနေ့က ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခူရမ် ဒက်စ်ဂီရ်ခန်းဟာ လွှတ်တော်မှာ တင်ပြခဲ့ပြီး လေ့ကျင့်မှုနဲ့ အကြံပေးမှုတွေလုပ်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ယီမင်မှာပြုလုပ်နေတဲ့ တိုက်ခိုက်မှုတွေမှာ ပါကစ္စတန်တပ်ဖွဲ့တွေ ပါဝင်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ပါကစ္စတန်အစိုးရနဲ့ စစ်တပ်ကတော့ ချထားမယ့် သူတို့တပ်ဖွဲ့တွေဟာ ဆော်ဒီနယ်နမိတ်အပြင်ဖက် ကိစ္စတွေမှာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    ပါကစ္စတန်လွှတ်တော်ဥက္ကဌ ရာဇာ ရဘ္ဘာနီက ပါကစ္စတန်တပ်ဖွဲ့တွေရဲ့ ဆော်ဒီမှာလုပ်ဆောင်မယ့် အခန်းကဏ္ဍကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိတဲ့အတွက် ကာကွယ်ရေးဝန်ကြီးရဲ့ ဒီတင်ပြမှုကို ကျေနပ်မှုမရှိဘူးလို့ တုန့်ပြန် ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဆော်ဒီမှာ ပါကစ္စတန်တပ်ဖွဲ့ဝင် ၁၆၀၀ လောက် ရှိနေပြီး ၁၉၈၂ ခုနှစ်မှာ နှစ်ဖက် ချုပ်ဆိုထားတဲ့ စစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်။

    ဒီစာချုပ်မှာ ပါကစ္စတန်တပ်ဖွဲ့တွေဟာ ဆော်ဒီ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့၊ ပြည်တွင်းလုံခြုံရေးကိစ္စတွေမှာ ကူညီပေးဖို့ ပါဝင်ပါတယ်။

    ၁၉၆၇ ခုနှစ်ကတည်းက ပါကစ္စတန်ဟာ ဆော်ဒီတပ်ဖွဲ့ဝင် ၈၂၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှု တော်တော်များများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    ယီမင်ပြည်တွင်းစစ်မှာ ပါဝင်ဖို့အတွက် ဆော်ဒီဟာ ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန်လွှတ်တော်က တိုင်းပြည်ရဲ့စစ်တပ်အနေနဲ့ ဒီကိစ္စမှာ မပါဝင်ဖို့နဲ့၊ ဆော်ဒီပိုင်နက်၊ မြင့်မြတ်ရာ နေရာတွေဖြစ်တဲ့ မက္ကာနဲ့ မဒီနာတို့ကို ကာကွယ်ရာမှာ အသုံးပြုဖို့ပဲ တပ်ဖွဲ့တွေ ချထားရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။

    Ref: Aljazeera