News @ M-Media

Tag: SaudiArabia

  • ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း၏သား ရဟတ်ယာဉ်ပျက်ကျသေဆုံး

    ဆော်ဒီအိမ်ရှေ့မင်းသားဟောင်း၏သား ရဟတ်ယာဉ်ပျက်ကျသေဆုံး

    နိုဝင်ဘာ ၆၊ ၂၀၁၇
    M-Media

    သေဆုံးသွားခဲ့သည့် မင်းသား မန်ဆူရ် ဘင် မက်ရင်

    – ဆော်ဒီအာရေဗျနိုင်ငံ အဆီရ်ဒေသတွင် အစိုးရရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုအတွင်း ဒေသ လက်ထောက်အုပ်ချုပ်ရေးမှူး မင်းသား မန်ဆူရ် ဘင် မက်ရင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

    မင်းသားနှင့်အတူ ဆော်ဒီအစိုးရအရာရှိများ လိုက်ပါကာ ဒေသအား ကောင်းကင်မှ ကြည့်ရှုစစ်ဆေးခဲ့သည့် အဆိုပါရဟတ်ယာဉ်မှာ ယမန်နေ့က ယီမင်နယ်စပ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ပျက်ကျရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အခြားသူများ၏ ကံကြမ္မာကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အတည်မပြုနိုင်သည့် သတင်းများက အသက်ရှင်သူ တစ်ဦးမှမရှိဟု ဆိုသည်။

    သေဆုံးသွားခဲ့သည့် မင်းသား မန်ဆူရ်မှာ အိမ်ရှေ့မင်းသားဟောင်း မက်ကရင်၏ ဘင် အဘ်ဒူလ်အဇစ်၏ သားဖြစ်သည်။ မက်ကရင် ဘင် အလ်ဒူလ်အဇစ်မှာ ၎င်း၏ ဖအေတူမအေကွဲ ညီဖြစ်သူ ဆလ်မန် ဘင် အဘ်ဒူလ်အဇစ် ဘုရင်ဖြစ်လာပြီးနောက်ပိုင်း ချောင်ထိုးခံခဲ့ရသည်။

    Ref : BBC

  • ခြစားမှုစွဲချက်ဖြင့် တော်ဝင်မင်းသား ၁၁ ဦးနှင့် ၀န်ကြီးအများအပြားကို ဆော်ဒီ ဖမ်းဆီး

    ခြစားမှုစွဲချက်ဖြင့် တော်ဝင်မင်းသား ၁၁ ဦးနှင့် ၀န်ကြီးအများအပြားကို ဆော်ဒီ ဖမ်းဆီး

    နိုဝင်ဘာ ၅၊ ၂၀၁၇
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – ဆော်ဒီမှာ အကြီးတန်းဝန်ကြီး အများအပြားနှင့် တော်ဝင်အသိုင်းအ၀ိုင်းမှ မင်းသား ဒါဇင်နှင့်ချီ ထိန်းသိမ်းကာ ခြစားမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု နိုင်ငံပိုင်မီဒီယာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ဖမ်းဆီးခံရသူများတွင် Kingdom Holding ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို ပိုင်ဆိုင်သည့် ဘီလီယံနာ တော်ဝင်မင်းသား အလ်ဝါလီဒ် ဘင် တာလာလ်လည်း ပါဝင်သည်ဟု အမည်မဖော်လိုသည့် အကြီးတန်း တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    ခြစားမှုသံသယဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ၀န်ကြီးများတွင် အမျိုးသားအစောင့်တပ်ဖွဲ့ အကြီးအကဲ မင်းသား အီတာ့ဘ် ဘင် အဘ်ဒူလာနှင့် စီးပွားရေးဝန်ကြီး အဒဲလ် ဖာကီတို့လည်း ပါဝင်သည်။ ဆော်ဒီရေတပ်မှ တပ်မှူး အဘ်ဒူလာ အလ် ဆူလ်တန်မှာလည်း ယခု စုံစမ်းစစ်ဆေးမှုအတွင်း အစားထိုးခြင်း ခံခဲ့ရသည်။

    မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကော်မတီသစ်ကို အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဦးဆောင်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများတွင် တော်ဝင်အသိုင်းအ၀ိုင်းမှ မင်းသား ၁၁ ဦး၊ လက်ရှိဝန်ကြီး ၄ ဦး၊ ၀န်ကြီးဟောင်းအများအပြားတို့ ပါဝင်သည်ဟု Al-Arabiya သတင်းဌာနက ဖော်ပြခဲ့
    သည်။

    သို့သော်လည်း ဆော်ဒီအာဏာပိုင်များက ဖမ်းဆီးခံရသူများ၏ အရေအတွက် အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

    အိမ်ရှေ့မင်းသားနေရာကို ရရှိခဲ့ပြီးနောက် မိုဟာမက် ဘင် ဆလ်မန်မှာ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပတွင် ပြုပြင်ပြောင်းမှုများစွာ လုပ်ဆောင်ရန် အားထုတ်ကြိုးပမ်းလာခဲ့ပြီး ခြစားမှုတိုက်ဖျက်ရေး ကော်မတီမှာ ၎င်း၏ ကြိုးပမ်းမှုများမှ တစ်ခုလည်းဖြစ်သည်။

    Ref: Aljazeera

  • ဆော်ဒီမြို့တော်ကို ယီမင်သူပုန်များက ဒုံးကျည်ဖြင့်ပစ်

    ဆော်ဒီမြို့တော်ကို ယီမင်သူပုန်များက ဒုံးကျည်ဖြင့်ပစ်

    နိုဝင်ဘာ ၅၊ ၂၀၁၇
    M-Media

    ဟူသီတို့၏ ဒုံးကျည်များ

    – ဆော်ဒီအာရဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ ယီမင်မှ ဟူသီသူပုန်များက တာဝေးဒုံးကျည်တစ်ခု ပစ်ခတ်ခဲ့ပြီး ဆော်ဒီ ဒုံးခွင်းစနစ်က ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့နှောင်းပိုင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၎င်းတို့ ပစ်ခတ်လိုက်သော ဒုံးကျည်မှာ Burkn 2-H ဖြစ်ကာ ကီလိုမီတာ ၈၀၀ ကျော် ပျံသန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့နဲ့ အပြစ်မဲ့ပြည်သူတွေကို ဗုံးတွေကြဲနေတဲ့ နိုင်ငံတွေရဲ့ မြို့ကြီးတွေဟာ ကျွန်တော်တို့ ဒုံးကျည်တွေလက်ကနေ လွတ်မှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

    ဆော်ဒီစစ်တပ် တာဝန်ရှိသူများက ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီ ၇ မိနစ်တွင် ယီမင်ဘက်မှ ဆော်ဒီပိုင်နက်သို့ ဒုံးကျည် ပစ်ခတ်ခဲ့ပြီး မိမိတို့က မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးခွင်းစနစ်ဖြင့် ကြားဖြတ် ဟန့်တားခဲ့ကြောင်း ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း မည်သည့်ထိခိုက်မှုမှ မရှိပေ။

    ၂၀၁၄ ခုနှစ်တွင် အီရန်က ထောက်ပံ့ပေးထားသည်ဟု ယုံကြည်ရသည့် ဟူသီသူပုန်များက မြို့တော်ဆန်နာကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ယီမင်တွင် မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သည်။ ၂၀၁၅ ခုနှစ်မှ စတင်၍ ဆော်ဒီဦဆောင်သည့် ဆွန်နီ အာရပ်နိုင်ငံများက ယီမင်သမ္မတ မန်ဆူ ဟာဒီအစိုးရဘက်မှနေ၍ ဟူသီသူပုန်များကို လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

    ယီမင်ပြည်တွင်းစစ်အတွင်း လက်ရှိအချိန်အထိ လူပေါင်း တစ်သောင်းကျော် သေဆုံးခဲ့ပြီး အနည်ဆုံး ၄ သောင်း ဒဏ်ရာရခဲ့ကာ ထိခိုက်မှုအများစုမှာ ဆော်ဒီဦးဆောင်သောအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။

    Ref: Aljazeera

     

  • ဆော်ဒီအင်ဂျင်နီယာတစ်ဦး နာဆာတွင် တာဝန်ထမ်းဆောင်သည့် ပထမဆုံး ဆော်ဒီနိုင်ငံသား ဖြစ်လာ

    ဆော်ဒီအင်ဂျင်နီယာတစ်ဦး နာဆာတွင် တာဝန်ထမ်းဆောင်သည့် ပထမဆုံး ဆော်ဒီနိုင်ငံသား ဖြစ်လာ

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    ဆော်ဒီအင်ဂျင်နီယာ မီရှဲလ် စအီးဒ် အလ်-ရှာရာနီ

    – ဆော်ဒီက အင်ဂျင်နီယာတစ်ဦးဟာ နာဆာရဲ့ စီမံကိန်းတစ်ခုအတွက် ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် နာဆာမှာ အလုပ်လုပ်ခွင့်ရတဲ့ ပထမဆုံး ဆော်ဒီအင်ဂျင်နီယာအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

    မီရှဲလ် စအီးဒ် အလ်-ရှာရာနီဆိုသူဖြစ်ပြီး မိုက်ခရိုဂရဗတီ နယ်ပယ်မှာ သုတေသနလုပ်ငန်းတွေကို လုပ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့အဖွဲ့ဟာ နာဆာရဲ့ မိုက်ခရိုဂရဗတီစီမံကိန်းအတွက် ရွေးချယ်ခံရသူတွေထဲမှာ အကောင်းဆုံး စွမ်းဆောင်နေတဲ့သူတွေလည်း ဖြစ်ပါတယ်။

    ရှာရာနီက သူတို့အနေနဲ့ ကမ္ဘာ့ဆွဲအားကို ၂၁ ရက်လောက်အထိ ရပ်တန့်ထားနိုင်မယ့် ကိရိယာတစ်ခုကို တီထွင်ဖန်တီးနေတယ်လို့ Okaz သတင်းစာကို ပြောကြားခဲ့ပါတယ်။

    ဒီကိရိယာဟာ ကမ္ဘာ့ဆွဲအား နည်းသွားတဲ့ အနေအထားမျိုးမှာ အော်ဂဲနစ်တွေရဲ့ တုန့်ပြန်မှုနဲ့ပတ်သက်ပြီး လေ့လာနေတဲ့ ဇီဝအင်ဂျင်နီယာနယ်ပယ်က အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေအတွက် အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

    အဲဒီကိရိယာကို ကမ္ဘာမြေမှာတင်မက အာကာသမှာပါ လွှတ်တင်စမ်းသပ်မှာဖြစ်ပြီး ရလဒ်တွေကို နှိုင်းယှဉ်သွားမယ်လို့ သူက ဆိုပါတယ်။ ရလဒ်တွေကို အခုနှစ်နှောင်းပိုင်းမှာ နာဆာက ထုတ်ပြန်သွားဖို့ ရှိပါတယ်။

    နာဆာမှာ တာဝန်မထမ်းဆောင်ခင် ရှာရာနီဟာ Saudi Aramco မှာ အလုပ်လုပ်နေတဲ့ စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ အင်ဂျင်နီယာလောကမှာ အကောင်းဆုံးတက္ကသိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ San Jose State တက္ကသိုလ်မှာ ပညာသင်ယူခဲ့သူပါ။

    Ref: Alarabiya

     

  • အစ္စလာမ်ကို တစ်လွဲဖွင့်ဆိုကျင့်သုံးသူများအား တိုက်ဖျက်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ကတိပြု

    အစ္စလာမ်ကို တစ်လွဲဖွင့်ဆိုကျင့်သုံးသူများအား တိုက်ဖျက်မည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား ကတိပြု

    အောက်တိုဘာ ၂၅၊ ၂၀၁၇
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် (၀ဲဖက်မှ ဒုတိယမြောက်)

    – အစ္စလာမ်သာသနာအား အစွန်းရောက်စွာ တစ်လွဲဖွင့်ဆို ကျင့်သုံးနေသူများကို တိုက်ဖျက်သွားမည်ဖြစ်ပြီး ဘာသာတရာအားလုံးနှင့် သဟဇာတဖြစ်သည့် အလယ်အလတ်အစ္စလာမ်သာသနာဆီ ပြန်သွားမည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်တွင် ပြုလုပ်ခဲ့သည့် Future Investment Initiative (FII) အခမ်းအနား၌ မင်းသားက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့တိုင်းပြည်ရှိ အစ္စလာမ်သာသနာမှာ ယခင်က ယခုကဲ့သို့ မဟုတ်ဟုလည်း ဆိုသည်။

    “ဘာသာတရားအားလုံး၊ ကမ္ဘာကြီးနဲ့ သဟဇတဖြစ်တဲ့ အလယ်အလယ်အစ္စလာမ်သာသနာကျင့်သုံးတဲ့ တိုင်းပြည်တစ်ခုဆိုတဲ့ ယခင်က အနေအထားကို ကျွန်တော်တို့ ပြန်သွားတော့မှာပါ” ဟု အသက် ၂၃ နှစ်အရွယ် မင်းသားက ဆိုသည်။

    FII အခမ်းအနားမှာ ဆော်ဒီက နိုင်ငံအတွင်း ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိရန်အတွက် ဆောင်ရွက်သော ပွဲတစ်ခုဖြစ်သည်။

    မင်းသား မိုဟာမက် ဘင် ဆလ်မန်က မိမိအနေဖြင့် လူငယ်မျိုးဆက်သစ်များမှာ ရေနံအလွန် ကမ္ဘာကြီးနှင့် နေသားတကျဖြစ်အောင် စွမ်းဆောင်နိုင်မည့် စွမ်းရည်မျိုး ရှိနေကြောင်း မိမိအနေဖြင့် ယုံကြည်သည်ဟု ဆိုပြီး နေစွမ်းအင်၏ အကျိုးကျေးဇူးများကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ၂၀၁၈ ခုနှစ် ဇွန်လမှစ၍ အမျိုးသမီးများအား ကားမောင်းခွင့်ပြုသည့် သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုကို ဆော်ဒီက ချမှတ်ပြီး တစ်လအကြာတွင် မိုဟာမက် ဘင် ဆလ်မန်၏ ယခုမှတ်ချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။

    Ref: Aljazeera