အောက်တိုဘာ ၄၊ ၂၀၁၇
M-Media

အောက်တိုဘာ ၂၊ ၂၀၁၇
M-Media

– ဆော်ဒီအာရေဗျ၌ အမျိုးသမီးများယာဉ်မောင်းခွင့် ပိတ်ပင်မှုကို ပြီးခဲ့သည့်တစ်ပတ်က ရုတ်သိမ်းသည့် ဘုရင့်အမိန့် ထုတ်ပြန်လိုက်ပြီးနောက် တက္ကသိုလ်တစ်ခုက အမျိုးသမီးယာဉ်မောင်းသင်ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
Princess Nourah တက္ကသိုလ်ဖြစ်ပြီး ရီယာဒ့်မြို့တော်နှင့် အခြားသော မြို့ကြီးများရှိ ၎င်းတို့၏ တက္ကသိုလ်များ၌ တက်ရောက်နေသော အမျိုးသမီး ကျောင်းသူ ၆၀၀၀၀ ကျော်ရှိသည်ဟုလည်း ဆိုသည်။
တက္ကသိုလ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ၎င်းတို့အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းကာ ယာဉ်မောင်းသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်မည်ဟု ဖော်ပြခဲ့သည်။
“ဘုရင်ဆလ်မန်က အမျိုးသမီးတွေကို ယာဉ်မောင်းခွင့်ပြုတဲ့အမိန့် ထုတ်ပြခဲ့ပြီးတဲ့နောက်ပိုင်း ဒီအတွက် ပထမဆုံး ကြေငြာချက် ဖြစ်ပါတယ်” ဟု ရေးသားထားသည်။
အမျိုးသမီးများကို ယာဉ်မောင်းခွင့်ပြုသည့် ဘုရင့်အမိန့်ကို လာမည့်နှစ်ဇွန်လတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ဆော်ဒီက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းကြေညာချက်ကြောင့် အဆိုပါပိတ်ပင်မှုရုတ်သိမ်းရေးအတွက် အချိန်ကြာမြင့်စွာ တက်ပွဲဝင်ခဲ့ရသည့် တက်ကြွလှုပ်ရှားသူများ ရွှင်လန်းဝမ်းမြောက်ခဲ့ကြသည်။
Ref: Alarabiya

စက်တင်ဘာ ၂၇၊ ၂၀၁၇
M-Media
– အမျိုးသမီးများအား ကားမောင်းခွင့် ပိတ်ပင်ထားသော ရိုးရာဓလေ့ထုံးတမ်းတစ်ခုကို ဆော်ဒီက ပယ်ဖျက်လိုက်ပြီဟု သိရသည်။
ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွတ်က ယမန်နေ့တွင် ထိုဓလေ့ကို ပယ်ဖျက်သော အမိန့်တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဥပဒေမှာ ချက်ခြင်း အာဏာသက်ရောက်ရမည်ဟု ဆိုထားသော်လည်း အကောင်အထည်ဖော်ရေးအတွက် လအနည်းငယ် ကြာမြင့်ဖွယ် ရှိနေသည်။
အဆိုပါအမိန့်ကို ဖော်ဆောင်ရေး လိုအပ်သည်များကို စီမံရန်အတွက် ၀န်ကြီးအဆင့် ကော်မတီတစ်ခုကိုလည်း တစ်ပါးတည်း ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီမှာ အမိန့်ထုတ်ပြန်ခဲ့သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကြံပြုချက်များကို ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ပြီး အစ္စလာမ့်ပြက္ခဒိန်ကို အခြေခံကာ ၂၀၁၈ ခုနှစ် ဇွန်လ ၂၃၊ ၂၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။
ဘုရင် ဆလ်မန်၏အမိန့်တွင် အမျိုးသမီးများမှာ အစ္စလာမ့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကားမောင်းခွင့်ပြုသည်ဟု ဖော်ပြထားသည်။
ဆော်ဒီမှာ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ရီယာ့ဒ်ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည့် အမျိုးသားနေ့ အခမ်းအနားတွင် အမျိုးသမီးများကို ပထမဆုံး လာခွင့်ပြုခဲ့သည်။
ယခင်က ဘောလုံးကွင်းများသို့ အမျိုးသားများကိုသာ လာခွင့်ပြုထားခြင်းဖြစ်သည်။
Ref: Aljazeera

စက်တင်ဘာ ၂၂၊ ၂၀၁၇
M-Media
– ဆော်ဒီအာရေဗျ ဘုရင့်နိုင်ငံ ထူထောင်တဲ့ အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ် စက်တင်ဘာ ၂၃ ရက်နေ့မှာ ကျင်းပ ပြုလုပ်လေ့ရှိပါတယ်။
မနက်ဖြန်မှာကျရောက်မယ့် အဲဒီ အမျိုးသားနေ့ အခမ်အနားကို ဂုဏ်ပြုတဲ့အနေနဲ့ ဆော်ဒီရဲ့ ထူးခြားမှု ၉ ခုကို ဆော်ဒီအသင်းဌာနက Al-Arabiya က ဖော်ပြထားပါတယ်။
၁။ စကွဲယားကီလိုမီတာ ၈၃၀၀၀ လောက် ကျယ်ဝန်းတဲ့ ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့ ၁၃ ခုမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။
၂။ မြစ်မရှိတဲ့ ကမ္ဘာ့အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။
၃။ မြို့တော်ရီယာ့ဒ်ဟာ ကမ္ဘာ့အကြီးဆုံး ကုလားအုတ်ဈေးကွက် တည်ရှိရာနေရာဖြစ်ပြီး တစ်နေ့ကို ကုလားအုတ်ကောင်ရေ ၁၀၀ လောက် ရောင်းချရပါတယ်။
၎။ ဆော်ဒီဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို ရရှိတော့မှာဖြစ်ပါတယ်။ Kingdom Tower လို့ အမည်ပေးထားတဲ့ အဲဒီတာဝါဟာ ပေပေါင်း ၃၂၈၀ မြင့်ပါတယ်။
၅။ ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော် ၂ ခု ရှိရာနေရာဖြစ်ပြီး အဲဒီ ဗလီဝတ်ကျောင်းတော်တွေကိုနှစ်စဉ် ကမ္ဘာတစ်ဝှမ်း သန်းပေါင်းများစွာသော ၀တ်ပြုသူတွေ လာရောက်ကြပါတယ်။
၆။ ကမ္ဘာ့ရှေးဟောင်းမြို့တွေထဲမှာပါဝင်တဲ့ ဆော်ဒီက ‘မာဒါအင် ဆာလေဟ်’ မြို့ဟာ ကုလရဲ့ ကမ္ဘာ့ သမိုင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။
၇။ ပင်လယ်ရေငံကနေ ဆားထုတ်လုပ်မှုမှာ ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့နိုင်ငံအားလုံးထက် သာလွန်ပါတယ်။
၈။ ဆော်ဒီဟာ ကမ္ဘာပေါ်မှာ ရေနံရင်းမြစ် အများဆုံးနိုင်လည်းဖြစ်ပါတယ်။
၉။ ‘ရဘ်-အလ် ခါလီ’ ဒေသဟာ ကမ္ဘာပေါ်မှာ တစ်ဆက်တည်းရှိတဲ့ အကြီးဆုံး သဲကန္တာရဖြစ်ပါတယ်။ စကွဲယာကီလိုမီတာ ၆၅၀၀၀၀ ရှိတဲ့ အဲဒီ ကန္တာရဟာ ဆော်ဒီ၊ အိုမန်၊ ယူအေအီး၊ ယီမင်တို့နဲ့ ဆက်နေပါတယ်။
Ref: Alarabiya

စက်တင်ဘာ ၁၆၊ ၂၀၁၇
M-Media
– အစိုးရနှင့် သဘောထားကွဲသူများအား နှိမ်နှင်းမှုအဖြစ် ဓမ္မပညာရှင်များ၊ အသိပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများအား ဆော်ဒီက ဖမ်းဆီးထားမှုကို လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချလိုက်သည်။
ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့ ၀တ်ပြုမှုအပြီးတွင် ဆန္ဒပြမှုပြုလုပ်ရန် အဝေးရောက် ပညာရှင်များက ဆော်သြခဲ့ပြီးနောက်ပိုင်း ဆော်ဒီက ထင်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တက်ကြွလှုပ်ရှားသူများကမူ ဆော်ဒီရှိ ထင်ရှားသော ဓမ္မပညာရှင် အယောက် ၂၀ အထိ ဖမ်းဆီးခံခဲ့ရပြီး နာမည်အကျော်ဆုံး ပညာရှင်အချို့လည်း ပါဝင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဖမ်းဆီးခံရသူ ပညာရှင်အရေအတွက်မှာ ထပ်တိုးလာကြောင်း ပြောကြားခဲ့သည်။
“ဒီလိုအချိန်တိုတိုလေးအတွင်းမှာ ဆော်ဒီဟာ ထင်ရှားတဲ့ ပညာရှင်တွေ ဒီလောက်များများ ဖမ်းဆီးခဲ့တာမျိုး လတ်တလောနှစ်တွေမှာ မတွေ့ခဲ့ရဖူးပါဘူး” ဟု လူ့အခွင့်အရေးအဖွဲ့ Amnesty International မှ ဆာမာဟ် ဟာဒစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဇွန် ၂၁ ရက်နေ့တွင် မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်းတွင် ဆော်ဒီ၏ လူ့အခွင့်အရေးအခြေအနေမှာ ဆိုးရွားလာခဲ့သည်ဟု ဟာဒစ်က ဆိုသည်။
အမေရိကန်အခြေစိုက် HRW အဖွဲ့ကလည်း အဆိုပါဖမ်းဆီးမှုမှာ အာဏာကြီးထွားလိုသည့် အိမ်ရှေ့မင်းသားနှင့် ဆက်စပ်နေသည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
ဖမ်းဆီးခံရသူများတွင် နာမည်ကျော် အစ္စလာမ့်ဓမ္မပညာရှင်များဖြစ်သော ဆလ်မန် အလ်-အောင်ဒါဟ်နှင့် အေ၀ဒ် အလ်-ကာရ်နီ၊ အစွန်းရောက်လုပ်ငန်းများနှင့် အစိုးရအား ဆန့်ကျင်မှုများနှင့် မည်သည့်အချိန်ကမှ ဆက်စပ်မှုမရှိသူများလည်း ပါဝင်သည်။
ဆော်ဒီအာဏာပိုင်များကမူ အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးသေးပေ။
Ref: Aljazeera