News @ M-Media

Tag: SaudiArabia

  • မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ၏ လှပသော အာကာသဓာတ်ပုံကို ရုရှား အာကာသယာဉ်မှူး လွှင့်တင်

    မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ၏ လှပသော အာကာသဓာတ်ပုံကို ရုရှား အာကာသယာဉ်မှူး လွှင့်တင်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    ညဘက်ဓာတ်ပုံ

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ လှပရှူမငြီးတဲ့ ဓာတ်ပုံတွေကို ရုရှား အာကာသယဉ်မှူး Sergey Ryazanskiy က ထုတ်ပြန်လိုက်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ကို နေ့ဘက်နဲ့ ညဘက်ရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး “အစ္စလာမ်ကမ္ဘာက အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာဟာ နေ့ရော၊ ညပါ လှပလျက်ရှိပါတယ်။ အာကာသကနေ ကြည့်တာတောင်မှ ဒီမြို့ကို ကမ္ဘာပေါ်က အခြားသောမြို့တွေနဲ့ မှားနိုင်စရာ မရှိပါဘူး” လို့ သူ့ရဲ့ Instagram စာမျက်နှာမှာ ရေသားခဲ့ပါတယ်။

    နေ့ဘက်ရိုက်ထားတဲ့ဓာတ်ပုံမှာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ ပရ၀ုဏ်ကို အာကာသ ကောင်းကင်ယံကနေ ထင်ထင်ရှားရှား မြင်ရသလို၊ ညဘက်ဓာတ်ပုံမှာလည်း မီးရောင်ထိန်လင်းတဲ့ ဗလီကြီး ပရ၀ုဏ်ကို ရင်သပ်ရှုမောစွာ မြင်တွေ့ရပါတယ်။

    Sergey Ryazanskiy ဟာ အရင်ကလည်း အာရပ်ကမ္ဘာက ထင်ရှားတဲ့နေရာတွေရဲ့ လှပတဲ့ အာကာသဓာတ်ပုံတွေကို ရိုက်ကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ဖူးပါတယ်။

    နေ့ဘက်ဓာတ်ပုံ

    Ref: Khaleejtimes

  • ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် ဆော်ဒီက တစ်နိုင်ငံလုံးကို အခမဲ့ ဖုန်းပြောခွင့်ပေး

    ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်အတွက် ဆော်ဒီက တစ်နိုင်ငံလုံးကို အခမဲ့ ဖုန်းပြောခွင့်ပေး

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ခြေစစ်ပွဲ အောင်မြင်ပြီးနောက် အောင်ပွဲခံနေသည့် ဆော်ဒီအသင်းသားများ

    – ဆော်ဒီလက်ရွေးစင် ဘောလုံးအသင်း ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှုကို ဂုဏ်ပြုသည့်အတွက် ဆော်ဒီ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Saudi Telecom Company (STC) က ပြည်သူများအား ၂ ရက်တာ အခမဲ့ ဖုန်းပြောခွင့် ပေးခဲ့သည်ဟု သိရသည်။

    STC ဖုန်းလိုင်းကို အသုံးပြုသူများမှာ ဒေသစံတော်ချိန် ကြာသာပတေးနေ့ မနက် ၁၂ နာရီမှ စနေနေ့မနက် ၁၂ နာရီအထိ ဖုန်းပြောခွင့်ရမည်ဖြစ်သည်။

    ကုမ္ပဏီစီအီးအို ဒေါက်တာ ခါလစ် အိခ်ျ ဘီယာရီက ယခုအစီအစဉ်တွင် ပြည်တွင်း၊ ပြည်ပသို့ အခမဲ့ ကြိုက်သလောက် ခေါ်ဆိုနိုင်မည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အစီအစဉ်မှာ STC ၏ ကြိုတင်ငွေပေးစနစ်၊ လသွင်းစနစ် စသည့် ဖုန်းလိုင်းအားလုံးအတွက် အကျုံးဝင်ပြီး ဗုဒ္ဓဟူးနေ့မှစ၍ ပြည်သူများအား STC က မက်ဆေ့ပို့ အကြောင်းကြားခဲ့သည်။

    ဆော်ဒီမှာ အင်္ဂါနေ့က အုပ်စုနောက်ဆုံးပွဲတွင် ဂျပန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားပြီး အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်ခဲ့ကာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့် ရခြင်းဖြစ်သည်။

    ဂျပန်၊ အီရန်၊ တောင်ကိုရီးယားတို့လည်း တိုက်ရိုက် ခြေစစ်ပွဲအောင်ခဲ့ပြီး ဆီးရီးယားနှင့် သြစတေးလျတို့မှာ play-off ကစားကာ နောက်ဆုံးအဆင့် တက်ရောက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

    Ref: Alarabiya

  • လူပေါင်း ၂.၃ သန်း လာရောက်ခဲ့သည့် ယခုနှစ် ဟဂ်ျကျင့်စဉ် အောင်မြင်စွာပြီးဆုံး

    လူပေါင်း ၂.၃ သန်း လာရောက်ခဲ့သည့် ယခုနှစ် ဟဂ်ျကျင့်စဉ် အောင်မြင်စွာပြီးဆုံး

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    – အခုနှစ် ဟဂ်ျကျင့်စဉ်ကို ဆောက်တည်ကြတဲ့ ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင် ၂ သန်းလောက်ဟာ မနေ့က နောက်ဆုံး ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်ဖို့အတွက် မက္ကာမြို့ကို ပြန်လည် ရောက်ရှိလာခဲ့ကြပါတယ်။

    ယခင်က အခုလိုရာသီမှာ လူတိုးဝှေ့မှုတွေ၊ မီးလောင်မှုတွေ၊ ဆန္ဒပြမှုလိုမျိုး ကိစ္စတွေ ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ဒီလို အဖြစ်အပျက်မျိုးတွေ မဖြစ်ခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပါတယ်။

    ဟဂ်ျကော်မတီအကြီးအကဲဖြစ်တဲ့ မက္ကာအုပ်ချုပ်ရေးမှူး မင်းသား ခါလစ် အလ်-ဖိုင်ဆယ်က ဒီနှစ် ဟဂ်ျရာသီဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီလို့ ဆိုပါတယ်။

    “ဒီလိုဝန်ဆောင်မှုမျိုး ပေးအပ်နိုင်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိသလို၊ ဟဂ်ျကျင့်စဉ်ကို ဆောက်တည်ခဲ့ကြတဲ့ ညီအစ်ကို မောင်နှမအားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ဒီ မြင့်မြတ်ရာနယ်မြေကို လာရောက်ပြီး၊ ဟဂ်ျရာသီကို အောင်မြင်စွာပြီးဆုံးအောင် စည်းကမ်းသေ၀ပ်ခဲ့ကြတဲ့ ဘုရားဖူးတိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ မင်းသား ခါလစ်က မက္ကာမြို့အရှေ့ဖက် မီနာမှာ ပြောကြားခဲ့ပါတယ်။

    ဟဂ်ျကျင့်စဉ်မှာ ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတို့ မြစ်ဖျားခံရာ တမန်တော်ကြီး အီဗရာဟင်သခင်၊ ကြင်ယာတော် ဟာဂျရာ သခင်မနဲ့ သားတော် အစ္စမာအီလ်သခင်တို့ရဲ့ ဘုရားသခင်အပေါ် အမိန့်နာခံမှု၊ စွန့်လှူဒါနပြုမှု၊ ခန္တီတရားထားရှိမှု စတာတွေကို အမှတ်ရစေတဲ့ ကျင့်စဉ်တွေ ပါဝင်ပါတယ်။

    ဟဂ်ျကျင့်စဉ်ကို ဆောက်တည်သူတွေဟာ မက္ကာမြို့မှာရှိတဲ့ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်က ကအ်ဘာ ကျောင်းတော်ကို လက်ယာရစ် လှည့်ပတ်တာ၊ ၀တ်ပြုဆုတောင်းတာတွေကိုလည်း လုပ်ဆောင်ရပါတယ်။

    မနေ့ကတော့ ဟဂ်ျကျင့်စဉ်ရဲ့ နောက်ဆုံးအဖြစ် ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ မက္ကာက မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုဆုတောင်းခဲ့ကြပါတယ်။

    ဒီနှစ် ဟဂ်ျရာသီအတွင်း နိုင်ငံပေါင်းစုံက အစ္စလာမ်ဘာသာဝင် ၂.၃ သန်းဟာ ဆော်ဒီကို လာရောက်ခဲ့ကြပါတယ်။ ၅ ရက်တာကြာမြင့်တဲ့ ဟဂ်ျကျင့်စဉ်ဟာ အစ္စလာမ့်ရဲ့ ခ၀ပ်ကိုးကွယ်မှု မဏ္ဍိုင် ၅ ခုထဲက တစ်ခုဖြစ်ပြီး ငွေကြေးတတ်နိုင်သူတွေအနေနဲ့ တစ်သက်မှာတစ်ခါ ဆောင်ရွက်ရမယ့် ကျင့်စဉ်အဖြစ် သတ်မှတ်ထားတာပါ။

    ဒီနှစ် ဟဂ်ျရာသီအတွက် ဆော်ဒီဟာ လုံခြုံရေးတပ်ဖွဲ့ပေါင်း ၁ သိန်းကျော်နဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၃ သောင်းလောက်ကို ဘုရားဖူးတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ပေးခဲ့ပါတယ်။

    Ref: Reuters

  • ဟဂ်ျနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာတဲ့ ဓာတ်ပုံ ၂ ပုံ

    ဟဂ်ျနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာတဲ့ ဓာတ်ပုံ ၂ ပုံ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – အခုနှစ် ဟဂ်ျကာလအတွင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ ဓာတ်ပုံနှစ်ပုံ ပေါ်ထွက်လာခဲ့ပါတယ်။

    တစ်ပုံက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် လုံခြုံရေးကို တာဝန်ယူထားတဲ့ စစ်သားတစ်ဦးဟာ ကလေးငယ်တစ်ယောက်ကို ချီကာ ကအ်ဘာကျောင်းတော်ကို နမ်းခိုင်းနေတဲ့ပုံ ဖြစ်ပါတယ်။

    ကအ်ဘာဟာ အစ္စလာမ်သာသနာမှာ အထွဋ်အမြတ်အထားဆုံး ၀တ်ကျောင်းတော်အဖြစ် မှတ်ယူထားပြီး ဟဂ်ျပြုသူတွေဟာ အမှတ်တရအနေနဲ့ ဒီကအ်ဘာကျောင်းတော်ကို ကိုင်တွယ်တာ၊ နမ်းရှုတ်တာတွေ ပြုလုပ်ကြပါတယ်။

    နောက်တစ်ပုံကတော့ စေတနာ့ဝန်ထမ်း ၀န်ဆောင်မှုပေးနေတဲ့ လူငယ်လေးတစ်ဦးဟာ ဟဂ်ျပြုဖို့ လာရောက်တဲ့ မသန်စွမ်း အမျိုးသမီးတစ်ဦးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ နေသားတကျဖြစ်အောင် ရို့ရို့ကျိုးကျိုးနဲ့ ဆောင်ရွက်ပေးနေတဲ့ပုံ ဖြစ်ပါတယ်။

    အခုနှစ် ဟဂ်ျကာလအတွက် ဆော်ဒီဟာ မတ်စ်ဂျစ်ဒ်ဟရမ် ၀တ်ကျောင်းတော်တစ်ဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ပေါင်း ၁၇၀၀၀ လောက် ချထားပြီး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်း ကျန်းမာရေးဝန်ထမ်းပေါင်း ၂၉၀၀၀ ကို ခန့်အပ်ထားပါတယ်။

    ဟဂ်ျလာရောက်သူတွေကို ၀န်ဆောင်မှုပေးဖို့အတွက် စေတနာ့ဝန်ထမ်း လူငယ်တွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။

    အခုဓာတ်ပုံနှစ်ပုံဟာ ဆိုရှယ်မီဒီယာမှာ လတ်တလော ရေပန်းစားနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ တာဝန်ကျေပွန်မှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။

    Ref: Alarabiya

  • အင်ဒိုမှ အသက် ၁၀၄ နှစ်အရွယ်အဖွား ဟဂ်ျပြုရန် ဆော်ဒီသို့ရောက်ရှိ

    အင်ဒိုမှ အသက် ၁၀၄ နှစ်အရွယ်အဖွား ဟဂ်ျပြုရန် ဆော်ဒီသို့ရောက်ရှိ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    မာရီယာဟာ ဒီနှစ် ဟဂ်ျကာလအတွင်း မက္ကာကို ရောက်ရှိလာမယ့် ဟဂ်ျပြုသူတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    – အင်ဒိုနီးရှားနိုင်ငံ သမိုင်းတစ်လျှောက်မှာ အသက်အကြီးဆုံး ဟဂ်ျပြုသူ ဖြစ်လာမယ့် အသက် ၁၀၄ နှစ်အရွယ် အဖွားအို မာရီယာ မာဂ်ဟာနီ မိုဟာမက်ဟာ စနေနေ့က ဂျစ်ဒါမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

    မာရီယာဟာ ဒီနှစ် ဟဂ်ျကာလအတွင်း မက္ကာကို ရောက်ရှိလာမယ့် ဟဂ်ျပြုသူတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    ဘုရင် အဘ်ဒူလ်အဇစ်လေဆိပ်ကို ဆိုက်ရောက်လာတဲ့ မာရီယာကို ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဝန်ကြီး အဘ်ဒူလ်ခါလစ် အလ်-ဇဟ်ရာနီ၊ ဂျစ်ဒါမှာရှိတဲ့ အင်ဒိုသံရုံးက သံအမတ်၊ မိုဟာမက် ရှရစ်ဖ် ဒီန်နဲ့ အင်ဒိုနီးရှား ဟဂ်ျအဖွဲ့ခေါင်းဆောင် အာရ်ရှဒ် ဟာဒီယာတို့အပါအ၀င် ဆော်ဒီအာဏာပိုင်တွေက ကြိုဆိုခဲ့ကြပါတယ်။

    မာရီယာက အခုလို ဟဂ်ျပြုခွင့် ရရှိတဲ့အတွက် ၀မ်းသာပီတိဖြစ်မိကြောင်း ပြောကြားခဲ့ပြီး လေဆိပ်မှာ လုပ်ပေးထားတဲ့ အစီအမံတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးမှုကိုလည်း ချီးကျူးခဲ့ပါတယ်။

    ကျန်းမာရေးဌာနကလည်း လေဆိပ်မှာ မာရီယာရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးပေးခဲ့ပါတယ်။

    “အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်မိပါတယ်။ ကျွန်မ မက္ကာကို သွားရမယ်။ ဟဂ်ျလုပ်ရတော့မယ်လေ” လို့ သူမက ပြောကြားခဲ့ပါတယ်။

    မာရီယာဟာ အသက် ၉၀ အရွယ်က အွမ္မရာဟ်ဘုရားဖူးခရီးစဉ်အဖြစ် မက္ကာကို လာရောက်ဖူးပြီး အခုတစ်ခေါက်ဟာ မြင့်မြတ်ရာနယ်မြေကို ဒုတိယအကြိမ် ရောက်ရှိလာတာ ဖြစ်ပါတယ်။

    အင်ဒိုသံရုံး တာဝန်ရှိသူတွေက မာရီယာဟာ ကျန်းမာရေးကောင်းမွန်ပြီး ဟဂ်ျကျင့်စဉ်တွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ် ဟဂ်ျရာသီအတွင်းမှာ အင်ဒိုနီးရှားက ဘုရားဖူးခရီးသည်ပေါင်း ၂၂၁၀၀၀ လောက် လာရောက်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၁.၅ သန်းလောက် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဟဂ်ျကျင့်စဉ်ကို လာရောက်ဖို့အတွက် စောင့်ဆိုင်းနေတဲ့စာရင်းမှာ လူ ၃.၂ သန်းလောက် ရှိနေပြီး ပျမ်းမျှ ၃၇ နှစ်လောက်ကြာမှ အလှည့်ရောက်မယ့် အနေအထားဖြစ်ပါတယ်။

    Ref : Alarabiya, The National