News @ M-Media

Tag: SaudiArabia

  • ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    ဆော်ဒီအမျိုးသမီးများ တက္ကဆီအခမဲ့စီး၍ ကင်ဆာရှိ၊ မရှိ စစ်ဆေးခွင့်ရမည်

    အောက်တိုဘာ ၁၆၊ ၂၀၁၅
    M-Media

    saudi

    – ရင်သားကင်ဆာနှင့်ပတ်သက်သည့် အသိပညာပေးမှုကို မြှင့်တင်သည့်အနေဖြင့် ဆော်ဒီရှိ တက္ကဆီကုမ္ပဏီတစ်ခုမှာ အမျိုးသမီးခရီးသည်များကို ကင်ဆာနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့ အခမဲ့လိုက်ပို့ပေးသည့် လှုပ်ရှားမှုကို စတင်ခဲ့သည်ဟု သိရသည်။

    Easy Taxi ကုမ္ပဏီနှင့် Zahra Brest Cancer အသင်းတို့ ပူးပေါင်းကာ ဂျစ်ဒါနှင့် ရီယဒ်တို့တွင် ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများကိုလည်း အဆိုပါ ကင်ဆာအသင်းကပင် ဆေးရုံများ၌ အခမဲ့ စစ်ဆေးမှုများ ပြုလုပ်ပေးခြင်းဖြစ်သည်။

    “စောစောစီးစီး စမ်းသပ်စစ်ဆေးမှု၊ ပညာပေးမှု၊ ကူညီပံ့ပိုးပေးမှု စတာတွေကို ပြုလုပ်ပေပြီး အမျိုးသမီးတွေ ရင်သားကင်ဆာအန္တရာယ်ကို တွန်းလှန်ဖို့ အခွင့်အရေးပေးတဲ့ Zahra Breast Cancer လို ထိရောက်မှုရှိပြီး၊ လေးစားအားကျဖွယ်ကောင်းတဲ့ အသင်းအဖွဲ့မျိုးနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့တွက် ကျွန်တော်တို့ အင်မတန်မှ ဂုဏ်ယူမိပါတယ်” ဟု ဆော်ဒီ Easy Taxi မှ အထွေထွေမန်နေဂျာ ယူဂျန် ဘရစ်က်စီယက်စ်က ပြောကြားခဲ့သည်။

    ထိုဝန်ဆောင်မှုကို ရင်သားကင်ဆာ အသိပညာပေးရေးလ ဖြစ်သော အောက်တိုဘာ လကုန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အမျိုးသမီးများမှာ ထိုကင်ဆာရောဂါနှင့်ပတ်သက်၍ သတိပြုမိကြသော်လည်း ရောဂါကို စောစောပိုင်းအဆင့်များတွင် သိရှိရန် မကြိုးစားကြပေ။

    ကင်ဆာရောဂါ ရှိ၊ မရှိ သွားရောက်စစ်ဆေးရန်အတွက် ဆော်ဒီအမျိုးသမီးများမှာ Easy Taxi အခမဲ့စီးနင်းခွင့်ကို အီမေးလ်ဖြင့် ရယူနိုင်မည်ဖြစ်သည်။

    Eazy Taxi တက္ကဆီမှာ ဒီဇင်ဘာတွင်ပြုလုပ်မည့် မြူနီစီပယ်ရွေးကောက်ပွဲ အမျိုးသမီးများ မဲသွားထည့်ရာတွင် ရီယာ့ဒ်၊ ဂျစ်ဒါ၊ ဒန်မမ်နှင့် အလ်-ခိုဘာရ်မြို့များ၌ မဲရုံများသို့ အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကြေငြာခဲ့သည်။

    Ref: Alarabiya

  • ဟဂ်ျ၏ အနှစ်သာရကို ထိပါးစေသည့် မီနာမှ ဇိမ်ခံတဲများ

    ဟဂ်ျ၏ အနှစ်သာရကို ထိပါးစေသည့် မီနာမှ ဇိမ်ခံတဲများ

    စက်တင်ဘာ ၂၈ ၊ ၂၀၁၅
    M-Media

    070a9ee8c6c04be2a496a1445b074dba_18

    ကမ္ဘာ့အကြီးဆုံး ယာယီတဲ မြို့တော်ဖြစ်တဲ့ မီနာက VIP ရွက်ဖျင်တဲတွေဟာ ဟဂ်ျရဲ့ အနှစ်သာရကို ပျက်ပြားစေတာမို့ ပိတ်သိမ်းဖို့ အတွက် ဆော်ဒီ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

    – သဲကိုတူး၍ ဆောက်လုပ်ထားပြီး အလျား၊ အနံ ၂ မီတာစီရှိကာ အိပ်ယာနှစ်ခုနှင့် ဘီဒိုငယ် တစ်လုံးပါသည့် ယာယီတဲတစ်လုံးအတွက် လူတစ်ယောက်လျှင် တစ်ည ကန်ဒေါ်လာ ၃၅၀၀ ကျသင့်သည်။

    ထိုတဲက မက္ကာမြို့အပြင်ဘက်ရှိ မီနာဆိုသော ဒေသတွင် တည်ရှိသည်။ မီနာမှာ ဆော်ဒီအာရေဗျသို့ နှစ်စဉ် လာရောက်ကြသည့် မွတ်စလင် များအတွက် အဓိကကျသည့် နေရာလည်းဖြစ်သည်။ ဟဂ်ျကာလ၏ ပထမဆုံးနေ့ဖြစ်သည့် အင်္ဂါနေ့  (စက်တင်ဘာ ၂၂ ရက်နေ့) က ကမ္ဘာပေါ်တွင် အကြီးဆုံး ယာယီတဲမြို့တော် မီနာသို့ သိန်းပေါင်းများစွာသော လူများ တစ်ဖွဲဖွဲ ၀င်ရောက်လာကြသည်။ ထိုဒေသက ဟဂ်ျ ကာလမှလွဲ၍ တစ်နှစ်ပတ်လုံး လွင်တီးခေါင်ပြင် သဲကန္တာရ ဖြစ်လေသည်။ ဟဂ်ျပြုရမည့် အချိန်တွင်တော့ သန်းချီသော မွတ်စလင်များက မီနာတွင် ညအနည်းငယ်ကို ကုန်ဆုံးကြရသည်။

    မီနာရှိလူတိုင်းက စစ်သည်တော်များ ဖြစ်လာကြသည်။ ကမ္ဘာတစ်ဝှမ်းမှ ဟဂ်ျကျင့်စဉ် လာရောက်ကြသည့် မွတ်စလင်များမှာ ဇိမ်ကျသည့် ဘ၀များ၊ အဆင့်အတန်းနှင့် ယဉ်ကျေးမှု ခြားနားခြင်းများကို စွန့်လွှတ်ခဲ့ကြသူများဖြစ်သည်။

    သို့သော်လည်း ဟဂ်ျပြုလုပ်မည့် ညသုံးလေးညအတွက် ၎င်းတို့တွေ့ကြုံရမည့် အခြေအနေက ငွေမည်မျှ အသုံးပြုနိုင်သလဲဆိုသည်အပေါ် မူတည်နေသည်။

    ဟဂ်ျပြုရန် လာကြသူအများစုက မြေနိမ့်လွင်ပြင်ကြီးတွင် စီတန်း၍ ဆောက်ထားပြီး အလုံးပေါင်း တစ်သိန်းကျော်ရှိသည့် မီနာတဲမြို့တော်တွင် တည်းခိုနေထိုင်ကြသည်။ ထိုတဲများထဲမှ အများစုမှာ တစ်လုံးလျှင် လူပေါင်း ၅၀ စီ တည်းခိုနိုင်ကြပြီး ပုံမှန်ဈေးမှာ ဘုရားဖူးတစ်ဦးအတွက် ကန်ဒေါ်လာ ၅၀၀ သာ ကျသင့်လေသည်။

    c797872ba7a94b12aef29f976447e009_19

    ယခုနှစ်တွင်တော့ မီနာတွင် ကန်ဒေါ်လာ ၇၀၀၀ ပေးရသည့် VIP တဲများ ပေါ်လာသည်။ ထိုတဲများကို ဆော်ဒီ စီးပွားရေးသမား စအဒ် ကူရာရှီက ပိုင်ဆိုင်ပြီး ဂျော်ဒန်ဝန်ကြီးတစ်ဦးက ငှားနေသည်။ ဈေးကြီးလွန်းသော်လည်း ထိုအခန်းက ကြယ်ငါးပွင့်ဟိုတယ်မှ အခန်းနှင့် လားလားမျှပင် မတူ။

    ထိုအရာက ယခုနှစ်တွင်ရရှိနိုင်သည့် ဇိမ်ခံဟဂ်ျမျိုးဖြစ်သည်။ တစ်ချို့သော စီးပွားရေး သောင်းကျန်းသူများက လူတစ်ယောက်လျှင် ကန်ဒေါ်လာ ၁၀၀၀၀ ဖြင့် ထိုဇိမ်ခံတဲများတွင် ရေနွေးစိမ်ကန်၊ ပင်မင်းဝန်ဆောင်မှုနှင့် ၂၄ နာရီ ဘူဖေးစနစ်များထည့်သွင်းကာ တစ်ဆင့်တက်လာသည့် အချိန်တွင်တော့ ဆော်ဒီဟဂ်ျဝန်ကြီးဌာနက ဇိမ်ခံတဲနန်း စီးပွားရေး ကြီးထွားလာမှုကို ပိတ်ပင်ခဲ့လေသည်။

    ထိုဇိမ်ခံတဲများက ဘုရားသခင်၏ အမိန့်ကို နာခံမှု၊ ကြံ့ကြံ့ခံခြင်းဟူသော ဟဂ်ျပြုခြင်း၏ ရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။

    အဆိုပါ VIP တဲများက လူ တစ်သန်းခွဲကျော် ၀င်ဆံ့စေရန် အလွန်လိုအပ်နေသည့် နေရာများကိုလည်း ပုပ်စေသည်။ မီနာ၏ အကျယ်အ၀န်းက စတုရန်း ကီလိုမီတာ ၂၀ ခန့်ရှိပြီး လူတစ်ဦးချင်းစီအတွက် စတုရန်းမီတာ ၂ မီတာအောက်သာ နေရာပေးနိုင်သည်။

    ဇိမ်ခံတဲပိုင်ရှင်များက ၎င်းတို့၏ ဂုဏ်သရေရှိ ဖောက်သည်များ တောင်းဆိုသည့် လုံခြုံမှုနှင့် သီးသန့်ဖြစ်လိုမှုကို ဖြည့်ဆည်းပေးရန် တဲများအတွင်း ယာယီနံရံများ ထည့်သွင်းတည်ဆောက်ပေးခြင်းဖြင့် ၎င်းတို့၏ စီးပွားရေး ပိတ်ပင်မှုကို ကျော်လွှားရန် ကြိုးပမ်းနေကြသည်။

    “ဒါဟာ အလွန်အန္တရာယ်ရှိပြီး ဆော်ဒီ ပြည်သူ့ကာကွယ်ရး စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်နေပါတယ်။ မီးလောင်တာမျိုးဖြစ်ရင် အဲဒီနံရံတွေက မီနာဝန်းကျင်မှာ တပ်ဆင်ထားတဲ့ မီးသတ်ပိုက်တွေအတွက် အနှောက်အယှက် ဖြစ်ပါလိမ့်မယ်” ဟု တဲတစ်ခုမှ အလုပ်သမားတစ်ဦးက ပြာကြားခဲ့သည်။

    ၁၉၉၇ ခုနှစ်တွင် ထိုတဲများ၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ရွက်ဖျင်တဲများကို ကူးစက်ခဲ့ကာ လူ ရာပေါင်းများစွာ သေဆုံးမှုက အာဏာပိုင်များကို ခြောက်လှန့်နေဆဲ ဖြစ်သည်။ ထိုအချိန်ကတည်းက အာဏာပိုင်များမှာ ရွက်ဖျက်တဲအဟောင်းများကို  တက်ဖ်လွန် ပလက်စတစ် အနားကွပ်ထားသည့် ဖိုက်ဘာဖြင့်ပြုလုပ်ထားသော တဲများဖြင့် အစားထိုးခဲ့သည်။ အဆိုပါ တဲတစ်ခုချင်းစီတွင် အပူဒဏ်ကို အာရုံခံနိုင်သော မီးသတ်ရေပိုက်ခေါင်း တစ်ခုလည်း ပါဝင်လေသည်။

    မြင့်တက်လာသော ဘုရားဖူးများကို နေရာချထားပေးရန်အတွက် ထိုတဲများ၏ အနီး၊ ကျောက်တောင်များကြားတွင် အစိုးရက ပုံစံတူ တာဝါ ၆ ခုကို ဆောက်လုပ်ထားသည်။

    “မီနာရဲ့ သဘာဝကို ထိန်းသိမ်းဖို့ အစိုးရက အရင်ကတည်းက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေက ပိုပိုပြီး နည်းလာပါတယ်” ဟု ကူရာရှီက ပြောကြားခဲ့သည်။

    အသက် ၄၅ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက တစ်လုံးလျှင် ဟဂ်ျသို့ လာရောက်သည့် မွတ်စလင်မ် လူဦးရေ ၁၅၀၀ နေထိုင်နိုင်သော ထိုတာဝါများအားလုံးကို တစ်နှစ် ကန်ဒေါ်လာ ၁၆ သန်းကျော်ဖြင့် ငှားရမ်းထားပြီး၊ ဟဂ်ျကာလတွင် တစ်ဆင့် ပြန်လည် ငှားရမ်းလေသည်။ တာဝါရှိ အခန်းတစ်ခန်းလျှင် အနည်းဆုံး ကန်ဒေါ်လာ ၃၀၀၀ ကျသင့်သည်။

    တစ်ချိန်က မီနာမှာ လူများနေထိုင်ပြီး ဈေးများ၊ ကော်ဖီဆိုင်များဖြင့် ပျားပန်းခတ်မျှ ရှုတ်ထွေးသည့် နေရာ တစ်ခု ဖြစ်ခဲ့သည်။ နှစ်ရာပေါင်း များစွာကြာ ဟဂ်ျသို့ လာရောက်သူများမှာ ထိုပတ်ဝန်းကျင်နှင့် မီနာတွင် နေထိုင်သူများ၏အိမ်တွင် စခန်းချခဲ့ကြသည်။

    သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်အရင်က ထိုပတ်ဝန်းကျင်ကို လုံးဝ ဖယ်ရှားခဲ့ပြီး၊ တံတားများ၊ လျှောက်လမ်းများ၊ ဓာတ်ရထားများနှင့် ကျန်းမာရေး စင်တာများဖြင့် တဲမြို့တော်ဖြစ်အောင် လုပ်ခဲ့လေသည်။ ကူရာရှီ၏ အိမ်ပင်လျှင် လွန်ခဲ့သည့် ၁၅ နှစ်အရင်က ဖျက်သည့် အထဲတွင် ပါသွားခဲ့သည်။

    ထိုဒေသ ဖွံ့ဖြိုးရေး၏ ရလဒ်ကြောင့် လုပ်ပိုင်ခွင့်များ ရခဲ့သော်လည်း ဈေးများ၊ ကော်ဖီဆိုင်များဖြင့် အသက်ဝင်လှသည့် ယခင်က မီနာဒေသကို သူက လွမ်းဆွတ် တမ်းတနေဆဲ ဖြစ်သည်။ ထိုသမိုင်းကတော့ လုံးဝ ပျောက်ကွယ်သွားလေပြီ။

    နေအိမ် အဖျက်ခံရသည့် အချိန်တွင် ကူရာရှီ တစ်ယောက် အခြေပျက်ခဲ့ပြီဟု ခံစားခဲ့ရသည်။ သို့သော်လည်း ထိုသို့ စွန့်လွှတ် စတေးရခြင်းက လက်ခံနိုင်ဖွယ်ရာဖြစ်သည်ဟု သူက ယုံကြည်နေဆဲပင်။

    “ဟဂ်ျကျင့်စဉ်ကို လာတဲ့ မွတ်စလင်မ်တွေ သက်တောင့်သက်သာ ဖြစ်ဖို့ အတွက်ပေါ့ဗျာ”

    ref: aljazeera
    ဘာသာပြန်- လေးမောင်

  • ဟဂ်ျကျင့်စဉ် အတွင်း လူအုပ် တိုးဝှေ့မှု သေဆုံးသူ မြင့်တက်လာ

    ဟဂ်ျကျင့်စဉ် အတွင်း လူအုပ် တိုးဝှေ့မှု သေဆုံးသူ မြင့်တက်လာ

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    mecca

    – မက္ကာမြို့ပြင်ရှိ မီနာဒေသတွင် ဟဂ်ျဘုရားဖူးခရီးသည်များ စုပြုံတိုးဝှေ့မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၇၇၀ နီးပါး ရှိလာခဲ့ပြီး ဆော်ဒီအစိုးရကလည်း ယမန်နေ့တွင် အထူးတပ်ဖွဲ့ဝင် မြောက်များစွာကို တပ်ဖြန့်ချထားလိုက်သည်။

    ပြီးခဲ့သည့် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်သော အဆိုပါ အဖြစ်အပျက်အတွင်း သေဆုံးသူ ၇၁၇ ဦး ရှိခဲ့သည်ဟု တာဝန်ရှိသူများက စောစောပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း ဆော်ဒီကျန်းမာရးဝန်ကြီး ခါလစ် အလ်-ဖာလီဟ်က သေဆုံးသူ အရေအတွက်မှာ ၇၆၉ ဦးအထိ မြင့်တက်လာခဲ့သည်ဟု ယမန်နေ့က ကြေငြာခဲ့သည်။ ဒဏ်ရာရရှိသူအရေအတွက်မှာလည်း ၈၆၃ ဦးမှ ၉၃၄ ဦးအထိ ရှိလာခဲ့သည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနာက်ပိုင်း အရေးပေါ် အထူးတပ်ဖွဲ့များကို အခင်းဖြစ်ပွားခဲ့သည့် ဂျမာရတ် နေရာအနီးတွင် ချထားခဲ့ပြီး လမ်းများတွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းလှည့် စောင့်ကြပ်လျက် ရှိနေသည်။

    ပြည်ထဲရေးဝန်ကြီးဌာနကမူ ဟဂ်ျကျင့်စဉ်အတွင်း လုံခြုံမှုရှိစေရန်နှင့် လူအုပ်ကြီးအား စီမံခန့်ခွဲပေးရန်အတွက် ရဲတပ်ဖွဲ့ဝင် တစ်သိန်းခန့်ကို ချထားခဲ့သည်ဟု ဆိုသည်။ ဟဂ်ျဘုရားဖူး ခရီးသည်များက မီနာတွင် လူအုပ်တိုးဝှေ့မှုအတွက် ဆော်ဒီအစိုးရအား ပြစ်တင်ခဲ့ပြီး ရဲတပ်ဖွဲ့က လမ်းများ ပိတ်ဆို့ထားခြင်းနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဟဂ်ျကျင့်စဉ်မှာ ယမန်နေ့က ငါးရက်မြောက်ခဲ့ပြီဖြစ်ပြီး၊ သန်းနှင့်ချီသော ဟာဂျီများမှာ မက္ကာသို့ပြန်လည်သွားရောက်ကာ ကအ်ဘာကျာင်းတော်သို့ လက်ဝဲရစ်လှည့်ပတ် ဆုတောင်းပြီးနောက် မိမိတို့၏ နေရပ်သို့အသီးသီး ပြန်ကြတော့မည်ဖြစ်သည်။

    Ref: Channelnewsasia

  • မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း ကရိန်းလဲကျမှု လူ ၁၀၀ ကျော် သေဆုံး

    မက္ကာရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း ကရိန်းလဲကျမှု လူ ၁၀၀ ကျော် သေဆုံး

    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    sau

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်း ကရိန်းတစ်ခု ယမန်နေ့ ညနေပိုင်းက လဲကျခဲ့သောကြောင့် အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါ ကရိန်းမှာ ဗလီဝတ်ကျောင်းတော် ချဲ့ထွင်မွမ်းမံမှုများ လုပ်ဆောင်ရာတွင် အသုံးပြုသော ကရိန်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မှုကြောင် ယမန်နေ့ညနေ ဒေသစံတော်ချိန် ၅ နာရီခွဲခန့်က ဗလီဝတ်ကျောင်းတော်၏ တတိယထပ်သို့ လဲကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

    မက္ကာမြို့အုပ်ချုပ်ရေးမှူး မင်းသား ခါလစ်ဒ် အလ်-ဖိုင်ဆယ်မှာ အခင်းဖြစ်ပွားရာနေရာကို လာရောက်ကြည့်ရှုခဲ့ပြီး အဆိုပါ အဖြစ်အပျက်အတွက် ချက်ခြင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ ဒဏ်ရာရရှိသူများကိုလည်း အကောင်းဆုံးကုသမှုပေးရန် မင်းသားက တိုက်တွန်းခဲ့ပြီး၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့သည်။

    သေဆုံးသူများမှာ အနည်းဆုံး ၁၀၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရရှိသူများမှာလည်း ၂၃၈ ဦးရှိခဲ့ကာ မည်သည့်နိုင်ငံများမှ ဖြစ်သည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားနိုင်ငံတို့ကမူ ဒဏ်ရာရရှိသူများတွင် ၎င်းတို့၏ နိုင်ငံသားများ ပါဝင်သည်ဟု ကြေညာထားသည်။

    ကမ္ဘာတစ်ဝှမ်းမှ ရောက်ရှိလာကြမည့် ဟဂ်ျဘုရားဖူးခရီးသည်များ အဆင်ပြေစေရန်အတွက် ဆော်ဒီအစိုးရမှာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်။

    ယခုနှစ်ဟဂ်ျရာသီမှာ မကြာမီ ကျရောက်တော့မည်ဖြစ်ပြီး ယခုအဖြစ်အပျက်ကြောင့် ဟဂ်ျဘုရားဖူးခရီးသည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    Ref: Aljazeera

  • ဆော်ဒီသံအမတ်ဟောင်းကို မက္ကဆီကိုက အမြင့်ဆုံး ဂုဏ်ပြု့တံဆိပ် ချီးမြှင့်

    ဆော်ဒီသံအမတ်ဟောင်းကို မက္ကဆီကိုက အမြင့်ဆုံး ဂုဏ်ပြု့တံဆိပ် ချီးမြှင့်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    saudi

    – နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို စွမ်းစွမ်းတမံ မြှင့်တင်ပေးခဲ့သည့် ဆော်ဒီသံအမတ်ဟောင်းတစ်ဦးကို မက္ကဆီကိုနိုင်ငံက အမြင့်ဆုံး ဂုဏ်ပြုဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    Order of the Aztec Eagle ဟု အမည်ရသည့် ဘွဲ့တံဆိပ်ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မက္ကဆီကို သံအမတ်ကြီး အာတူရို ထရီဂျိုက မက္ကဆီကိုဆိုင်ရာ ဆော်ဒီသံအမတ်ဟောင်း ဟူစိန် အလ်အက်ဆီရီကို ရီယဒ်မြို့၌ အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ထိုဆုကို မက္ကဆီကိုနိုင်ငံက ၁၉၃၂ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မက္ကဆီကိုနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်း တိုးတက်ဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော နိုင်ငံခြားသားများကို ပေးအပ်ချီးမြင့်သည့် အမြင့်ဆုံး ဆုတံဆိပ်လည်း ဖြစ်သည်။

    ဘွဲ့တံဆိပ် ချီးမြှင့်ခြင်း အခမ်းအနား၌ ထရီဂျိုက ပြောကြားရာတွင် အလ်အက်ဆီရီမှာ ၎င်း တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ပြောင်မြောက်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကာ ဆော်ဒီအာရေဗျ-မက္ကဆီကို ဆက်ဆံရေးကို ခိုင်မာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

    ထို့ပြင် နှစ်နိုင်ငံ ကုန်သွယ်ရေးကို ချဲ့ထွင်ပေးခဲ့ပြီး ဆော်ဒီမှာ မက္ကဆီကို၏ အရှေ့အလယ်ပိုင်း အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်လာခဲ့ကာ ကုန်သွယ်ရေးပမာဏမှာ ဆော်ဒီရီယဲလ် ၁ ဘီလီယံအထိ ရှိလာခဲ့သည်။

    ထို့ပြင် ၂၀၁၃ ခုနှစ်က မက္ကဆီကိုအနောက်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းကြောင့် အတိဒုက္ခရောက်သူများထံသို့ ဆော်ဒီမှပေးသော အကူအညီများကိုလည်း အလ်အက်ဆီရီက စီမံခန့်ခွဲပေးနိုင်ခဲ့သည်ဟု ထရီဂျိုက ပြောကြားခဲ့သည်။

    နှစ်နိုင်ငံဆက်ဆံရေးမှာ အလ်အက်ဆီရီ သံအမတ်တာဝန်ထမ်းဆောင်သည့် ကာလတွင် အလွန်တိုးတက်ခဲ့ပြီး အဆင့်မြင့်အရာရှိများ အပြန်အလှန် လည်ပတ်မှုများစွာ ရှိခဲ့ကာ၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများမှာလည်း တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။

    Ref: Arabnews