News @ M-Media

Tag: SaudiArabia

  • ဟဂ်ျနှင့်ပတ်သက်သည့် စမတ်ဖုန်း App နှစ်ခုကို ဆော်ဒီဖြန့်ချီ

    ဟဂ်ျနှင့်ပတ်သက်သည့် စမတ်ဖုန်း App နှစ်ခုကို ဆော်ဒီဖြန့်ချီ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    hajj

    – ဟဂ်ျရာသီအတွင်း ဆော်ဒီအာရေဗျသို့ လာရောက်ဟဂ်ျပြုကြမည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးပေါင်းစုံ အစ္စလာမ်ဘာသာဝင်များ ဟဂ်ျနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်ရန်အတွက် ဘာသာစကားပေါင်းစုံဖြင့် အသုံးပြုနိုင်မည့် ဖုန်းအက်ပလီကေးရှင်းနှစ်ခုကို ဆော်ဒီက ဖြန့်ချီလိုက်သည်ဟု သိရသည်။

    “သတင်းအချက်အလက်တွေကို ဖြန့်ဝေဖို့အတွက် ဒီနေ့ခေတ်မှာ အင်တာနက်ဟာ အရာရောက်တဲ့ ကိရိယာတစ်ခုပါ။ အဲဒီအင်တာနက်ကို ပညာရေး ရည်ရွယ်ချက်အတွက်၊ အစ္စလာမ့်တရားဒေသနာတွေ ဟောကြားဖို့အတွက်၊ အစ္စလာမ်၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ ယူဆချက်အမှားတွေကို ဖယ်ရှားဖို့အတွက် စတဲ့ စတဲ့ နေရာတွေမှာ အသုံးပြုလို့ရပါတယ်” ဟု ဂျာမီယာ မီလီယာ အစ္စလာမီ အလူမ်နီအသင်းအား တည်ထောင်သူ ဒေါက်တာ ရှာဖာသွလ္လာဟ်ခန်းက စက်တင်ဘာ ၂ ရက်နေ့တွင် Saudi Gazette သို့ ပြောကြားခဲ့သည်။

    “အခြားနည်းပညာသစ်တစ်ခု အစားမထိုးနိုင်မချင်း ကျွန်တော်တို့ နေ့စဉ်ဘ၀တွေမှာ အင်တာနက်ဟာ ဆက်လက်ပြီး အကျိုးသက်ရောက်မှု ရှိနေမှာပါ။ သာမန်လူတန်းစားတွေကို အစ္စလာမ့်ရဲ့ သင်ကြားမှုတွေ ဖြန့်ချီရာမှာ ဒီအင်တာနက်ကို အဆုံးစွန်ဆုံး ကျွန်တော်တို့ အသုံးချဖို့ လိုပါတယ်”

    ယခုဖြန့်ချီလိုက်သည့် အက်ပလီကေးရှင်းကို Haj e Mabroor ဟု အမည်ပေးထားပြီး ဟဂ်ျ၊ အွမ္မရာဟ်ပြုခြင်းနှင့် ပတ်သက်၍ စာအုပ် ၃ အုပ်၊ တရားဒေသနာ ၉ ခု၊ ဆောင်းပါ ၂၁ ပုဒ်၊ ဟဂ်ျနှင့် အွမ္မရာဟ် ပြုနည်းများ ပါဝင်သည်။

    အဆိုပါအက်ပလီကေးရှင်းကို အင်္ဂလိပ်၊ အူရဒူ၊ ဟင်ဒီ ဘာသာစကားများဖြင့် အသုံးပြုနိုင်ပြီး ဒေါက်တာ နဂျီဘ် ကွာစ်မီက စီစဉ်ပေးကာ နာမည်ကျော် ဟဒီးဆ်ပညာရှင်နှင့် ဘုရင်ဖိုက်ဆယ်ဆုရ ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ထုတ်ဝေဖြန့်ချီခြင်းဖြစ်သည်။အက်ပလီကေးရှင်းတွင် ပါဝင်သော စာအုပ်များနှင့် ဆောင်းပါးများဖတ်ခြင်း၊ အမေးအဖြေကဏ္ဍများအတွက် အသုံးပြုသူများမှာ အင်တာနက်ကွန်နက်ရှင် မလိုအပ်ပေ။

    ယခုနှစ် ဟဂ်ျကာလမှာ စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကျရောက်မည်ဖြစ်ပြီး အစ္စလာမ့် ပြက္ခဒိန်၏ ၁၂ လမြောက်ဖြစ်သော ဇွလ်ဟဂ်ျလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိဖြစ်သည်။

    Deen e Islam

    Haj e Mabroor အက်ပလီကေးရှင်းအပြင် ဟဂ်ျနှင့် အွမ္မရာဟ်အတွက် သတင်းအချက်အလက်များကို ရယူနိုင်ပြီး ဘာသာစကားသုံးမျိုးဖြင့် အသုံးပြုနိုင်သော Deen e Islam အက်ပလီကေးရှင်းကိုလည်း ထုတ်လုပ်ဖြန့်ချီခဲ့သည်။

    အဆိုပါ အက်ပလီကေးရှင်းတွင် ဘာသာရေးကဏ္ဍ ၂၁ ခုပါဝင်ပြီး၊ ဘ၀ရှင်သန်မှုအတွက် လမ်းညွှန်ပေးထားသော ဆောင်ပါး ၁၇၅ ပုဒ်၊ တရားဒေသနာ ၇၅ ပုဒ်နှင့် စာအုပ် ၇ အုပ်တို့ ပါဝင်သည်။

    ထိုအက်ပလီကေးရှင်းများကို Play Store နှင့် App Store နှစ်ခုစလုံးတွင် ရရှိနိုင်ပြီး ၂ မိနစ်အတွင်း ဖုန်းအတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သည်။

    “ဒီခေတ်မှာ အစ္စလာမ်ဆန့်ကျင်ရေး အုပ်စုတွေဟာ အစ္စလာမ်ကို ဝေဖန်နေကြပြီး၊ အစ္စလာမ်ရဲ့ အရင်းမူလ၊ ကုရ်အာန်၊ ဟဒီးဆ်တို့ရဲ့ စစ်မှန်မှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဝင်လာအောင် ကြိုးပမ်းနေကြပါတယ်။ အစ္စလာမ်နဲ့ ကုရ်အာန်အပေါ် ဒီလုပ်ကြံမှုတွေကို ဥရောပ ဘာသာစကားအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြပြီး ကျွန်တော်တို့ အစ္စလာမ့် ဓမ္မပညာရှင်တွေက ဒါကို သတိမထားမိကြပါဘူး” ဟု ဒေါက်တာ မိုဟာမက် မွတ်စ်တာဖာ အဇ်မီက ပြောကြားခဲ့သည်

    “ကုရ်အာန်ရဲ့ စုစည်းမှုနဲ့ပတ်သက်လို့ မွတ်စလင်တွေရဲ့ စိတ်ထဲမှာ သံသယတွေဖြစ်အောင်လုပ်တဲ့၊ အစ္စလာမ့်ရင်းမြစ်တွေရဲ့ စစ်မှန်မှုမှာ ယုံကြည်မှုနည်းသွားအောင်လုပ်တဲ့ နှစ် ၂၀ စီမံကိန်းကို လက်ရှိ ဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ဂျာမနီတစ်နိုင်ငံတည်းမှာတင် အဖွဲ့ ၇၀ လောက်ရှိပါတယ်”

    ဟဂ်ျနှင့်ပတ်သက်၍ ဘာသာစကားမျိုးစုံဖြင့် ထုတ်ဝေသော အက်ပလီကေးရှင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ချေ။ ၂၀၁၂ ခုနှစ်က ဂျာမန်မွတ်စလင် ကွန်ပျူတာပညာရှင်တစ်ဦးက ဟဂ်ျနှင့် အွမ္မရာဟ်ပြုသူများအတွက် ရည်ရွယ်သည့် စမတ်ဖုန်း အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဂျစ်ဒါရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ဟဂ်ျလမ်းညွှန် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေခဲ့ပြီး၊ မကြာသေးမီကပင် ဆော်ဒီရှိတက္ကသိုလ်တစ်ခုက ဟဂ်ျနှင့် အွမ်ရာပြုသည့်အချိန် ကအ်ဘာကျောင်းတော်ကို သ၀ါ့ဖ်လှည့်သည့် အကြိမ်အရေအတွက်ကို အလိုအလျောက် မှတ်သားထားပေးမည့် အက်ပလီကေးရှင်းတစ်ခုကို ထုတ်ဝေ ဖြန့်ချီခဲ့သည်။

    Ref: Onislam

  • ဟဂ်ျခရီးစဉ် တရားမ၀င် ပို့ဆောင်သူများကို ဆော်ဒီက ပြင်းပြင်းထန်ထန် အရေးယူမည်

    ဟဂ်ျခရီးစဉ် တရားမ၀င် ပို့ဆောင်သူများကို ဆော်ဒီက ပြင်းပြင်းထန်ထန် အရေးယူမည်

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    saudi

    – ဟဂ်ျဘုရားဖူး ခရီးသွားများကို လိုင်စင်မရှိဘဲ ပို့ဆောင်ပေးသူများအတွက် ကြီးမားသည့် ဒဏ်ငွေများ ချမှတ်မည်ဟု ဆော်ဒီအာရေဗျနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ဌာနက ကြေညာလိုက်သည်။

    ထိုကဲ့သို့ မှောင်ခိုင်ပို့ဆောင်သူများအနေဖြင့် ဆော်ဒီရီယဲလ် တစ်သိန်းအထိ ဒဏ်ငွေနှင့် ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်ပြီး၊ ထိုဘုရားဖူးများအား လက်ခံခြင်းနှင့် တရားမ၀င် အကာအကွယ်ပေးသူ နိုင်ငံခြားသားများအား တိုင်းပြည်မှ နှင်ထုတ်သွားမည်ဖြစ်သည်။

    ဘုရားဖူးများအား တရားမ၀င်ပို့ဆောင်သူများကို ပထမဆုံးအကြိမ် တွေ့ရှိပါက ခေါ်ဆောင်လာသူ တစ်ဦးစီအတွက် ထောင်ဒဏ် ၁၅ ရက်နှင့် ဒဏ်ငွေ ရီယဲလ်တစ်သောင်း ချမှတ်ခံရမည်ဖြစ်ပြီး၊ ထိုကဲ့သို့ ပို့ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်များကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်သည်။

    ဒုတိအကြိမ် ကျူးလွန်ကြောင်း တွေ့ရှိပါက တစ်ယောက်အတွက် ထောင်ဒဏ် ၂ လနှင့် ဒဏ်ငွေ ရီယဲလ် ၂၅၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်ကာ တတိယအကြိမ်တွေ့ရှိပါက ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ရီယဲလ် ၅၀၀၀၀ စီ ကျခံပေးဆောင်ရမည်ဖြစ်သည်။

    ဟဂ်ျဘုရားဖူးခရီးစဉ်အား တရားမ၀င်ပို့ဆောင်သူမှာ နိုင်ငံခြားသားဖြစ်ပါက ဒဏ်ငွေနှင့် ထောင်ဒဏ် ချမှတ်ခံရပြီးနောက်ပိုင်း ဆော်ဒီမှ နှင်ထုတ်မည်ဖြစ်ပြီး နိုင်ငံအတွင်းသို့ ၀င်ရောက်မှုကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။

    နိုင်ငံကူးလက်မှတ်ဌာနကမူ နိုင်ငံသားများနှင့် နိုင်ငံခြားသားများအနေဖြင့် တိုင်းပြည်၏ ဥပဒေများကို လေးစားရန်၊ ဟဂ်ျကာလအတွင်း တရားမ၀င်ဆောင်ရွက်မှုများ၌ ပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။ ထို့ပြင် ဟဂ်ျဘုရားဖူးခရီးစဉ်သို့ လာရောက်ကြသူများအနေဖြင့် ၎င်းတို့၏ ဗီဇာတွင် ဖော်ပြထားသည့် ဆိုက်ရောက်ချိန်နှင့် ထွက်ခွာချိန်တို့အတိုင်း လာရောက်ကြရန်လည်း ဆော်သြထားသည်။

    နိုင်ငံ၏ နယ်စပ်များမှ ဟဂ်ျပြုခွင့်လျှောက်လွှာများ တင်သွင်းခြင်းကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ရပ်တန့်သွားမည်ဖြစ်ပြီး ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီဝင် နိုင်ငံများမှ ဘုရားဖူးများအနေဖြင့် နိုင်ငံအတွင်းသို့ ၀င်ရောက်ရန်အတွက် ပါမစ်ရှိရမည်ဖြစ်သည်။

    Ref: Arab News

  • အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

    အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအစဉ်တစ်ခုကို ဆော်ဒီရုပ်သံတွင် တင်ဆက်မည်

    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media

    saudi
    အစီအစဉ်တင်ဆက်မည့် အလ်-ဟာဆန်

    – အကြမ်းဖက်ဝါဒအား တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်သည့် အစီအစဉ်ကို ဆော်ဒီတီဗီချန်နယ်တစ်ခုက လာမည့် စက်တင်ဘာပထမအပတ်တွင် ထုတ်လွှင့်သွားမည်ဟု သိရသည်။

    Security of the Kingdom ဟု အမည်ရသည့် အဆိုပါအစီအစဉ်ကို ဆော်ဒီရှိ Tabah ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အရေးပါသည်ဟု အစီအစဉ်တင်ဆက်မည့် ဒေါက်တာ မိုရှင် ရှိုက်ခ် အလ်-ဟာဆန်က ပြောကြားခဲ့သည်။

    “ဒီအစီအစဉ်က အရေးကြီးပြီး အချိန်သင့်အခါသင့်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ Daesh (IS) နဲ့ အလယ်ကိုင်းဒါးလို အကြမ်းဖက်အုပ်စုတွေက အကြမ်းဖက်ဝါဒကို ပေါက်ဖွားစေလို့ပါပဲ” ဟု အလ်-ဟာဆန်က ဆိုသည်။

    အလ်-ဟာဆန်၏ ယခင်တင်ဆက်သည့် အစီအစဉ်များမှာ လူကြိုက်များကာ အောင်မြင်မှုရရှိခဲ့ပြီး အကြမ်းဖက်ဝါဒကို တန်ပြန်တိုက်ဖျက်မည့် အဆိုပါအစီအစဉ်မှာလည်း ပရိတ်သတ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

    ထိုအစီအစဉ်ကို တစ်ပတ်လျှင် တစ်ရက် တစ်နာရီကြာ ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး ဆော်ဒီပြည်သူများ စိုးရိမ်သော လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကာ အဓိကရည်ရွယ်ချက်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်များ ပေါက်ဖွားလာရန်ဖြစ်သည်ဟု ဆိုသည်။

    “ကနဦးမှာ ဒီအစီအစဉ်ဟာ မူကြိုအရွယ်ကလေးတွေကို အဓိကအာရုံထားပြီး လုပ်ဆာင်သွားမှာပါ။ ပြီးတော့ သူတို့လေးတွေ တိုင်းပြည်ကိုချစ်ဖို့ သင်ပေးသွားပါမယ်” ဟု အလ်-ဟာဆန်က ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် ကလေးငယ်များမှာ ငယ်ရွယ်ပြီး စူစမ်းချင်စိတ်ရှိသောကြောင့် နိုင်ငံချစ်စိတ်ကဲ့သို့ စိတ်ဓာတ်ကောင်းများကို သွတ်သွင်းပေးရန် လွယ်ကူကြောင်း၊ လူငယ်များအား တပ်သားသစ်အဖြစ် စုဆောင်းနေသည့် IS နှင့် အလ်ကိုင်းဒါးကဲ့သို့သော အဖွဲ့များ၏ ဗျူဟာကို တန်ပြန်ဆန့်ကျင်ရန် မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “အဲဒီအုပ်စုတွေက Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် အပြစ်မဲ့တဲ့ ကလေးတွေကို စုဆောင်းနေပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဒီကလေးတွေကို ဦးနှောက်ကျင်းပြီး အကြမ်းဖက်အယူအဆတွေကို ရိုက်သွင်းတော့တာပါပဲ”

    စီးပွားရေးလုပ်ငန်းရှင်များ၊ ပရဟိတသမားများနှင့် ပညာရေးသမားများက စပွန်ဆာပေးသော အဆိုပါ အစီအစဉ်တွင် အထက်တန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်သည့် တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ်သည်။

    “ဒီခေတ်မှာဖြစ်ပျက်နေတာတွေနဲ့ ဆက်စပ်ပြီး ကြည့်တဲ့အတွက်ကြောင့် သူတို့ထဲက အများစုဟာ ဒီအယူအဆကို သဘောခွေ့ကြပါတယ်။ အကြမ်းဖက်သမားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုကို ရိုက်သွင်းပေးပါတယ်” ဟု အလ်-ဟာဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Arab News

  • မြန်မာမှ ရွှေပြောင်းနေထိုင်သူများကို ဆော်ဒီအစိုးရမှ ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့တိုးချဲ့ပေး

    မြန်မာမှ ရွှေပြောင်းနေထိုင်သူများကို ဆော်ဒီအစိုးရမှ ပညာရေးနှင့် ကျန်းမာရေး အထောက်အပံ့တိုးချဲ့ပေး

    သြဂုတ် ၉ ၊ ၂၀၁၅
    M-Media

    Prince Khaled Al-Faisal
    (ဓာတ်ပုံ) ဆော်ဒီမင်းသား ခါလစ်ဒ် အလ်ဖိုင်ဆဲလ်

    လာရောက် အခြေချမှုအပေါ် အတည်ပြုခံရပြီးသော မြန်မာနိုင်ငံမှ ရွှေပြောင်းနေထိုင်သူများ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များကို အပြည့်အ၀ ပေးကမ်းသွားရန် မင်းသား ခါလစ်ဒ် အလ်ဖိုင်ဆဲလ်မှ ညွှန်ကြားလိုက်သည်။

    ဤကိစ္စနှင့်စပ်လျဉ်း၍ –  မြို့တော်ဝန်သည်လည်း မြန်မာ လူ့အသိုင်းအ၀ိုင်းကို ဆော်ဒီနိုင်ငံသားများလိုပဲ ခံစားခွင့်ရအောင် ဆောင်ရွက်ပေးရန် အမိန့်ပေးခဲ့ကြောင်း၊ ၎င်းပြင် မြန်မာပြည်သား အသိုင်းအ၀ိုင်း၏ အခြေအနေကို ဂဃနဏ လေ့လာရန်ရန် စီစဉ်ခဲ့ကြောင်း၊ ၎င်းတို့၏ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်ပြဿနာများအပေါ် သက်ဆိုင်ရာ အစိုးရဋ္ဌာနအရာရှိများနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း မက္ကဟ်မြို့တော်ဝန်ရုံး၏ လူထုဆက်ဆံရေးနှင့် မီဒီယာကဏ္ဍ ဒါရိုက်တာချုပ်ဖြစ်သူ စုလ်တန် ဘင်န် အရာ့ရ် အလ် ဒိုစာရီက ဆိုသည်။ ပမာအားဖြင့် အသည်း၊ ပိုလီယိုနှင့် အခြား အခြေခံရောဂါကာကွယ်ဆေး လိုအပ်နေသူများအပါအ၀င် အရေးပေါ်လူနာများကို အစိုးရပိုင် ပင်မဆေးရုံကြီးများထံ လွှဲပို့ပေးရန် စသည်တို့ဖြစ်သည်။

    ထိုသူတို့အား မက္ကဟ်နှင့် ဂျစ်ဒဟ်ရှိ အရဗီကျောင်း၌ ပညာသင်ကြားနိုင်ရေး အပါအ၀င် အမျိုးမျိုးသော ခံစားခွင့်များကို မက္ကဟ်မြို့တော်ဝန်မှ တိုးချဲ့ပေးလိုက်ပြီဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကလည်း မြန်မာပြည်သားတို့အပေါ် အလျဉ်မပြတ် ကူညီအားပေးနေသော ဆော်ဒီအာရေဗျကို ဂုဏ်ပြုချီးကျူးသည့်အပြင် ဒေသတွင်းသာမက ကမ္ဘာနှင့်ချီ၍ စံနမူနာကောင်း လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြရန်ထိုက်တန်သည်ဟု ပြောဆိုလိုက်ကြောင်း၊ မိမိတို့၏ အခြေချနေထိုင်ရေးကို သုံးသပ်ပေးရန် အဆိုပြုတင်သွင်းသူ မြန်မာနိုင်ငံသားများမှာ ဆော်ဒီဒေသ ၉ ခုတွင် နှစ်သိန်းလေးသောင်းခန့်ရှိနေကြောင်း အခြေချ မြန်မာပြည်သားတို့၏ အနေအထား တည့်မတ်ပေးရေးကော်မတီဥက္ကဋ္ဌ အဗ်ဒုလ္လာဟ် ကရ်ရာရှီက ဖြည့်စွက်ပြောကြားသည်။

    Ref : Arab News

  • စစ်ရေးနှင့် စီးပွားရေး သဘောတူညီချက်တစ်ခုကို အီဂျစ်နှင့် ဆော်ဒီတို့ လက်မှတ်ထိုး

    စစ်ရေးနှင့် စီးပွားရေး သဘောတူညီချက်တစ်ခုကို အီဂျစ်နှင့် ဆော်ဒီတို့ လက်မှတ်ထိုး

    ဇူလိုင် ၃၁၊ ၂၀၁၅
    M-Media

    sisi

    – နှစ်နိုင်ငံ စစ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် ဆော်ဒီအာရေဗျနှင့် အီဂျစ်နိုင်ငံတို့မှာ ကိုင်ရိုသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီနှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယမြောက် အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက် ဘင် ဆလ်မန်တို့ ယမန်နေ့က အစည်းအဝေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ထိုသဘောတူညီချက်တွင် အာရပ်တပ်ပေါင်းစု ဖွဲ့စည်းရေး ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ အာရပ်နိုင်ငံများ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများမှာ အဆိုပါတပ်ပေါင်းစု ဖွဲ့စည်းရေးအတွက် သြဂုတ်လ ၂၇ ရက်နေ့တွင် တွေ့ဆုံသွားမည်ဖြစ်သည်။

    “ဒေသတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်မှုနဲ့ အာရပ်နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် နှစ်ဖက်စလုံးက အလေးထား ဆွေးနွေးခဲ့ကြပါတယ်” ဟု အီဂျစ်သမ္မတရုံးက ပြောကြားခဲ့သည်။

    အဆိုပါသဘောတူညီချက်ကို “ကိုင်ရို ကြေညာချက်” ဟု အမည်ပေးခဲ့ပြီး စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။

    အီဂျစ်သမ္မတ မိုဟာမက်မော်စီ ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချခံရပြီးနောက်ပိုင်း အီဂျစ်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးမှာ ပြန်လည် နွေးထွေးလာခဲ့ပြီး အီဂျစ်သို့ ဒေါ်လာ ဘီလီယံနှင့်ချီ၍ အကူအညီများ ဆော်ဒီက ပေးအပ်ခဲ့သည်။

    IS အဖွဲ့က ဖေဖော်ဝါရီလတွင် အီဂျစ်နိုင်ငံသား ကော့ပတစ်ခရစ်ယာန်များကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသတွင်း လက်နက်ကိုင်အုပ်စုများကို ချေမှုန်းရေး အာရပ်တပ်ပေါင်းစုဖွဲ့စည်းရန် အီဂျစ်သမ္မတ စီစီက အပြင်းအထန် တိုက်တွန်းဆော်သြခဲ့သည်။

    Ref: Aljazeera