ဇူလိုင် ၃၁၊ ၂၀၁၅
M-Media
– နှစ်နိုင်ငံ စစ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်ရေးအတွက် ဆော်ဒီအာရေဗျနှင့် အီဂျစ်နိုင်ငံတို့မှာ ကိုင်ရိုသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီနှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယမြောက် အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက် ဘင် ဆလ်မန်တို့ ယမန်နေ့က အစည်းအဝေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုသဘောတူညီချက်တွင် အာရပ်တပ်ပေါင်းစု ဖွဲ့စည်းရေး ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ အာရပ်နိုင်ငံများ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများမှာ အဆိုပါတပ်ပေါင်းစု ဖွဲ့စည်းရေးအတွက် သြဂုတ်လ ၂၇ ရက်နေ့တွင် တွေ့ဆုံသွားမည်ဖြစ်သည်။
“ဒေသတွင်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်မှုနဲ့ အာရပ်နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် နှစ်ဖက်စလုံးက အလေးထား ဆွေးနွေးခဲ့ကြပါတယ်” ဟု အီဂျစ်သမ္မတရုံးက ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်ကို “ကိုင်ရို ကြေညာချက်” ဟု အမည်ပေးခဲ့ပြီး စွမ်းအင်နှင့် ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ တိုးမြှင့်ရန် ကတိပြုခဲ့ကြသည်။
အီဂျစ်သမ္မတ မိုဟာမက်မော်စီ ၂၀၁၃ ခုနှစ်တွင် ဖြုတ်ချခံရပြီးနောက်ပိုင်း အီဂျစ်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးမှာ ပြန်လည် နွေးထွေးလာခဲ့ပြီး အီဂျစ်သို့ ဒေါ်လာ ဘီလီယံနှင့်ချီ၍ အကူအညီများ ဆော်ဒီက ပေးအပ်ခဲ့သည်။
IS အဖွဲ့က ဖေဖော်ဝါရီလတွင် အီဂျစ်နိုင်ငံသား ကော့ပတစ်ခရစ်ယာန်များကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီးနောက် ဒေသတွင်း လက်နက်ကိုင်အုပ်စုများကို ချေမှုန်းရေး အာရပ်တပ်ပေါင်းစုဖွဲ့စည်းရန် အီဂျစ်သမ္မတ စီစီက အပြင်းအထန် တိုက်တွန်းဆော်သြခဲ့သည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.