News @ M-Media

Tag: SerieA

  • စီးရီးအေ အသင်းဟောင်း ပါးမား စီးရီးဒီသို့ တန်းဆင်း

    စီးရီးအေ အသင်းဟောင်း ပါးမား စီးရီးဒီသို့ တန်းဆင်း

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    pama

    – အသင်းအပေါ်၌ တင်ရှိနေသည့် အကြွေးများအား ပေးဆပ်နိုင်ရန်အတွက် တတိယအကြိမ်မြောက် ပိုင်ရှင်သစ်ရှာဖွေမှု မအောင်မမြင်ဖြစ်ခဲ့သည့် အီတလီကလပ် ပါးမားအသင်းမှာ အီတလီ အပျော်တမ်းလိဂ် စီးရီး ဒီ သို့ တန်းဆင်းသွားခဲ့ရသည်ဟု သိရသည်။

    “အသင်းရဲ့ အားကစားဆိုင်ရာ လုပ်ပိုင်ခွင့်တွေအတွက် ကမ်းလှမ်းလာသူမရှိဘူးလို့ ပါးမားအက်ဖ်စီရဲ့ စီမံခန့်ခွဲသူတွေဖြစ်တဲ့ အိန်ဂျယ်လို အန်နက်ဒါနဲ့ ဒေါက်တာ အလ်ဘာတို ဂူအင်တို့က ၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက် နေ့လည် ၂ နာရီမှာ ဆက်သွယ်အကြောင်းကြားလာပါတယ်။ ဒေ၀ါလီခံမယ့် လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ စီစဉ်မှုတွေလုပ်ဖို့ လာမည့်အချိန်တွေမှာ စီမံခန့်ခွဲသူတွေဟာ အကြွေးရှင်တွေရဲ့ ကော်မတီ၊ တရားသူကြီး ဒေါက်တာ ပီယက်ထရို ရိုဂါတိုတို့နဲ့ တွေ့ဆုံသွားပါမယ်” ဟု ပါးမားအသင်း၏ လွှင့်တင်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ယူအီအက်ဖ်အေဖလားကို နှစ်ကြိမ်ရရှိထားပြီး သမိုင်းကြောင်းကောင်းများရှိခဲ့သည့် ပါးမားအသင်းမှာ ယခုနှစ်မတ်လတွင် ဒေ၀ါလီခံခဲ့ပြီဟု ကြေညာခဲ့သည်။ ထို့ကြောင့် အသင်းအား အကြွေးနွံထဲမှ ကယ်တင်ရန်အတွက် ပိုင်ရှင်သစ်ရှာဖွေခဲ့ရပြီး ၀ယ်ယူမည့် အလားအလာရှိသူ ၂ ဦးကို တွေ့ခဲ့ရသော်လည်း ရောင်းဝယ်မှုမှာ ဖြစ်မလာခဲ့ပေ။

    ထို့ကြောင့် ပြီးခဲ့သည့်နှစ်က စီးရီးအေမှ စီးရီးဘီသို့ တန်းဆင်းသွားရသည့် ပါးမားအသင်းမှာ အီတလီအပျော်တန်းလိဂ်ဖြစ်သော စီးရီးဒီတွင် သွားရောက် ကစားရတော့မည်ဖြစ်သည်။

    စီးရီးအေတွင် ကစားစဉ် အမှတ်ပေးဖလား ရရှိခဲ့ခြင်း မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ပါးမားအသင်းမှာ ယူအီးအက်ဖ်အေဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

    ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပါးမားမှာ ဥရောပပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သော်လည်း အခွန် ယူရို ၃ သိန်း မပေးနိုင်သည့်အတွက် ပြိုင်ပွဲတွင် ၀င်ရောက်ကစားခွင့် ငြင်းပယ်ခံခဲ့ရသည်။

    Ref : the mirror

  • အသင်းအား အောင်မြင်အောင် ဆောင်ရွက်မည်ဟု အေစီမီလန် နည်းပြပြော

    အသင်းအား အောင်မြင်အောင် ဆောင်ရွက်မည်ဟု အေစီမီလန် နည်းပြပြော

    ဇွန် ၂၃၊ ၂၀၁၅
    M-Media

    ac

    – မိမိအနေဖြင့် အေစီမီလန်တွင် အောင်မြင်ကာ အသင်းကိုလည်း ဥရောပဘောလုံးလောက၏ ကြီးကျယ်သည့်အင်အားအဖြစ် ပြောင်းလဲနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အသင်း၏ ဆားဘီးယားနည်းပြသစ် ဆီနီဆာ မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ဆမ်ဒိုးရီးယားမှ ထွက်ခွာခဲ့သည့် မီဟိုင်းလိုဗစ်ခ်ျမှာ ယခုလအစောပိုင်းတွင် အေစီမီလန်နှင့် ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း မီလန်၏ ကျဆင်းမှုကို ရပ်တန့်ရန် ခက်ခဲသည့်စမ်းသပ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

    အသင်း၏ အခြေအနေဆိုးရွားမှုကို အဆုံးမသတ်နိုင်ခဲ့ဘဲ အဆင့် ၁၀ နေရာတွင် ရှိနေခဲ့ခြင်းက နည်းပြဟောင်းအင်ဇာဂီကို ထုတ်ပယ်ခံရသည်အထိ ဖြစ်စေခဲ့သည်။

    ဆမ်ဒိုးရီးယားအသင်းအား ပြီးခဲ့သည့်ရာသီတွင် ဥရောပ၀င်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မီဟိုင်းလိုဗစ်ခ်ျကမူ ၎င်း၏ အောင်မြင်လိုစိတ်ကြီးမားမှုကို ထောက်ပြကာ အသင်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

    “တကယ်လို့ သင်ဟာ မီလန်မှာရှိပြီဆိုရင် အနိမ့်ပျံလို့ မရပါဘူး။ အကြီးကြီးစဉ်းစားဖို့နဲ့ ကြီးကျယ်တဲ့ ပန်းတိုင်တွေကိုရောက်ဖို့ တွန်းအား ဖြစ်လာပါပြီ။ ပြီးတော့ မီလန်ကို ထိုက်တန်တဲ့နေရာဆီ ပြန်ပို့ဖို့ ကျွန်တ်ာတို့ အရာရာတိုင်းကို လုပ်ဆောင်သွားမှာပါ။ လွယ်တော့လွယ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက အသင်း၏ စပွန်ဆာ အခမ်းအနားတွင် ပြောကြားခဲ့သည်။

    မီဟိုင်းလိုဗစ်ခ်ျမှာ အင်တာမီလန်အသင်းနှင့် အောင်မြင်ခဲ့သူလည်းဖြစ်ပြီး နည်းပြဟောင်း အန်ဆယ်လော့တီကို ခေါ်ယူရန် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အေစီမီလန်က ၎င်းအား ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    Ref: Goal

  • စောင့်ရသည်ကို စိတ် မရှည်သောကြောင့် ဖီအိုရင်တီးနား အသင်း နည်းပြကို ထုတ်ပယ်

    စောင့်ရသည်ကို စိတ် မရှည်သောကြောင့် ဖီအိုရင်တီးနား အသင်း နည်းပြကို ထုတ်ပယ်

    ဇွန် ၉၊ ၂၀၁၅
    M-Media

    fio

    – အသင်းနှင့်သက်တမ်းတိုးရေးကိစ္စအတွက် ဆုံးဖြတ်ရန် ကြန့်ကြာနေသည့် နည်းပြ မွန်တဲလားအား ထုတ်ပယ်လိုက်ပြီဟု ဖီအိုရင်တီးနားအသင်းက ကြေညာလိုက်သည်။

    ယခင်တိုက်စစ်မှူးဟောင်း မွန်တဲလားမှာ အသင်းနှင့် သက်တမ်း တစ်နှစ်ကျော်ကျော်သာ ကျန်ရှိတော့ပြီး အသင်းတွင် ဆက်လက်ရှိနေမည်လားဆိုသည့် ဆုံးဖြတ်ချက် ချမှတ်ရန် ကြန့်ကြာနေသောကြောင့် အသင်းတာဝန်ရှိသူများက စိတ်ပျက်နေခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဥက္ကဌ အန်ဒရီယာ ဒဲလ်လာမှာ အနာဂတ်အား ဆုံးဖြတ်ရန် မွန်တဲလား၏ တွန့်ဆုတ်နေမှုအား စိုးရိမ်မိသည်ဟု ပြောကြားခဲ့ပြီး ဆုံးဖြတ်ချက်အတွက် ထပ်မံစောင့်ဆိုင်းရန် မတတ်နိုင်တော့ဟုလည်း ဆိုသည်။

    ယမန်နေ့တွင်မူ ဖီအိုရင်တီးနားအသင်းက မွန်တဲလားအား ရာထူးမှထုတ်ပယ်လိုက်သည်ဟု ကြေညာချက်ထုတ်ခဲ့ပြီး မွန်တဲလားမှာ ယုံကြည်မှုကို ချိုးဖောက်ခဲ့သည်ဟု ပြောခဲ့သည်။

    “နည်းပြချုပ် ဗင်ဆန်ဇို မွန်တဲလားရဲ့ မကြာသေးခင်က အပြုအမူဟာ လွန်ခဲ့တဲ့ ၂ နှစ်က လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တရားဝင်မှုကို ပယ်ဖျက်ဖို့ ရှင်းလင်းတဲ့ ဆန္ဒဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်းက မှတ်ယူပါတယ်။ ဒါ့ကြောင့် ဘယ်လိုဆက်ဆံရေးမျိုးမဆို
    ဆက်လက်ရှိနေဖို့အတွက် လုံလောက်တဲ့ ယုံကြည်မှုအဆင့်ကို မရခဲ့ဘူးလို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော်တို့ မှတ်ယူပြီး ဒါ့ကြောင့်ပဲ အသင်းကောင်းဖို့အတွက် ဗင်ဇန်ဇို မွန်တဲလားကို မဖြစ်မနေ ထုတ်ပယ်လိုက်ရပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    မွန်တဲလားကမူ အသင်းက စိတ်ပျက်နေသော်လည်း မိမိ၏ စာချုပ်ကို အလေးထားမည်ဟု စောစောပိုင်းတွင် ပြောကြားခဲ့သည်။

    ယခုလက်ရှိတွင် ဘေဆယ်အသင်း၏ နည်းပြဖြစ်သော ပေါ်လို ဆော့ဆာအား မွန်တဲလား၏ နေရာတွင် အစားထိုးရန် ရေပန်းစားနေပြီး သို့သော်လည်း ဆော့ဆာကမူ သတင်းများမှာ ကောလဟာလသာဖြစ်နေပြီး မည်သည့်သဘောတူညီချက်မှ မရသေးဟု ငြင်းဆိုခဲ့သည်။

    Ref: Goal

  • အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    အေစီမီလန်၏ ကမ်းလမ်းမှုကို အန်ဆယ်လော့တီလက်မခံ

    ဇွန် ၃၊ ၂၀၁၅
    M-Media

    milan

    – မိမိတို့အသင်းက ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီက ငြင်းပယ်ခဲ့သည်ဟု အေစီမီလန်အသင်းက ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ် အန်ဆယ်လော့တီကို ပြီးခဲ့သည့်တစ်ပတ်က ရီးယဲလ်မှ ထုတ်ပယ်ခဲ့ပြီး အသင်းဟောင်း အေစီမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    စီးရီးအေတွင် ရုန်းကန်နေရသည့် အေစီမီလန်က ၎င်းတို့အနေဖြင့် အန်ဆယ်လော့တီကို ခေါ်ယူရန် ကြိုးပမ်းသွားမည်ဟု စောစာပိုင်းက ပြောကြားခဲ့ပြီး အန်ဆယ်လော့တီကလည်း မီလန်သို့ ပြန်သွားရန်မှာ ၅၀-၅၀ ဖြစ်သည်ဟု ဆိုသည်။

    သို့သော်လည်း အေစီကမူ အန်ဆယ်လော့တီမှာ ၎င်းတို့၏ ကမ်းလှမ်းမှုကို လက်မခံခဲ့ဟု ပြောကြားခဲ့သည်။

    “လာမယ့်ရာသီမှာ အေစီမီလန်အသင်းရဲ့နည်းပြ ဖြစ်မလာနိုင်ဘူးလို့ ကာလို အန်ဆယ်လော့တီက မီလန်ကို အကြောင်းကြားခဲ့ပါတယ်” ဟု အသင်း၏ ၀ဘ်ဆိုက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။

    အန်ဆယ်လော့တီက ထိုကဲ့သို့ ငြင်းပယ်ခဲ့သော်လည်း မီလန်မှာ လက်ရှိနည်းပြ အင်ဇာဂီအား ဆက်လက်လက်တွဲသွားမည့် အခြေအနေရှိနေသည်။

    သို့သော်လည်း ပါးမားအသင်းနည်းပြ အေစီမီလန်ကွင်းလယ်လူဟောင်း ရော်ဘတ်တို ဒိုနာဒိုနီကို ဒုတိယဦးစားပေးအဖြစ် လျာထားနေပြီး၊ ဆီးဗီးလားနည်းပြ အူနိုင် အမ်မရီ၊ ဆမ်ဒိုးရီးယားမှထွက်သွားသည့် ဆီနီဆာ မီဟဂ်ျလိုဗစ်၊ အီတလီနည်းပြ အန်တိုနီယိုကွန်တီ၊
    ဖီအိုရင်တီးနားနည်းပြ ဗင်ဆန်ဇို မွန်တဲလားတို့ကို ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ အေစီမီလန်မှာ ယခုနှစ်တွင် အဆင့် ၁၀ ဖြင့် ရာသီသိမ်းခဲ့သည်။

    Ref: Goal

  • ရိုးမားအား အနိုင်ရရှိမှု အနာဂတ်အတွက် သက်သေဟု အင်ဇာဂီပြော

    ရိုးမားအား အနိုင်ရရှိမှု အနာဂတ်အတွက် သက်သေဟု အင်ဇာဂီပြော

    မေ ၁၀၊ ၂၀၁၅
    M-Media

    milan

    – ရိုးမားအသင်းအား အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် အေစီမီလန်အသင်းသားများအား နည်ပြ အင်ဇာဂီက ချီးကျူးလိုက်ပြီး မိမိတို့၏ တောက်ပသော အနာဂတ်အတွက် သက်သေပြခဲ့ခြင်းဖြစ်သည်ဟု ယူဆနေသည်။

    အေစီမီလန်မှာ ပြီးခဲ့သည့် သီတင်းပတ်များတွင် စွမ်ဆောင်ရည် အလွန်ကျဆင်းခဲ့ပြီး စီးရီးအေ ဒုတိယနေရာမှ ရိုးမားနှင့် မကစားမီ နောက်ဆုံး ၅ ပွဲတွင် တစ်ပွဲမှ အနိုင်ရရှိခြင်း မရှိပေ။ သို့သော်လည်း ယမန်နေ့က ကစားခဲ့သည့်ပွဲတွင် မာကို ဗန် ဂင်ကဲလ်နှင့် မတ်တီယာ ဒက်စထရို၏ ဂိုးများကြောင့် ရိုးမားအား ၂ ဂိုး ၁ ဂိုးဖြင့် အံ့ဖွယ် အနိုင်ရခဲ့သည်။

    ယခုပွဲနိုင်ခဲ့သော်လည်း ယခင်ရလဒ်ဆိုးများကြောင့် လာမည့်နှစ် ဥရောပ၀င်ခွင့် မျှော်လင့်ချက်မှာ ဆုံးရှုံးခဲ့ရပြီး အင်ဇာဂီကမူ ကစားသမားများ စိတ်နှစ်၍ကစားပါက အောင်မြင်မှု ရယူနိုင်မည်ကို အဆိုပါ ၃ မှတ်က ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့ကစားသမားတွေက ကြီးကျယ်တဲ့ ဂုဏ်သိက္ခာကို ပြသခဲ့ပြီး ပွဲကိုလည်း လက်ဖျားခါလောက်အောင် ကစားခဲ့ပါတယ်။ အဲဒီနိုင်ပွဲအတွက် ပျော်လိုက်ကြရအောင်။ ပြီးတော့ ထိပ်တန်း ရိုးမားအသင်းကို အနိုင်ရခဲ့တဲ့အတွက် ဂုဏ်ယူလိုက်ကြရအောင်။ ကျွန်တ်ာတို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ” ဟု အင်ဇာဂီက Sky Sport သို့ ပြောကြားခဲ့သည်။

    အေစီမီလန်အသင်းအား မျှော်လင့်ထားသကဲ့သို့ စွမ်းဆောင်မပေးနိုင်သောကြောင့် အင်ဇာဂီမှာ အသင်းမှ ထွက်ရတော့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းကမူ မိမိ၏ နေရာအတွက် တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

    “ပရိတ်သတ်တွေက ကျွန်တော့်အပေါ်မှာ တော်တော်ကောင်းပါတယ်။ ကျွန်တော်ဟာ အားလုံးပေးဆပ်နေတယ် ဆိုတာနဲ့ ကြိုးစားမှုဆိုတဲ့ ဓလေ့ အသင်းကို ပြန်ရောက်လာအောင် ကျွန်တော် ဆောင်ကျဉ်းပေးချင်တယ် ဆိုတာကိုလည်း သူတို့ မြင်ကောင်းမြင်ကြပါလိမ့်မယ်။
    လွယ်တော့မလွယ်ပါဘူး။ သိပ်မကြာခင်နှစ်တွေမှာ နည်းပြတွေ တစ်ပြုံတစ်ခေါင်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အရာရာတိုင်းကို ဖြေရှင်းပေးဖို့ ကျွန်တော့်ဆီမှာ မှော်တုတ်ချောင်းရှိမယ်လို့ မတွေးထားပါဘူး။ ကျွန်တော့်ရဲ့နောက်ဆုံးနေ့အထိ ဒီနေရာအတွက် တိုက်ပွဲဝင်သွားမှာပါ”

    Ref: Goal