News @ M-Media

Tag: SerieA

  • ပေါ့ဘာအတွက် ယူရို သန်း ၈၀ ဖြင့် ပီအက်စ်ဂျီနှင့် ဂျူဗီတို့ သဘောတူ

    ပေါ့ဘာအတွက် ယူရို သန်း ၈၀ ဖြင့် ပီအက်စ်ဂျီနှင့် ဂျူဗီတို့ သဘောတူ

    မေ ၁၊ ၂၀၁၅
    M-Media

    pogba

    – ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြနေသည့် ပြင်သစ်တိုက်စစ်မှူး ပေါ့ဘာအား ခေါ်ယူရန်အတွက် ပီအက်စ်ဂျီမှာ ယူရို သန်း ၈၀ ဖြင့် သဘောတူညီမှုရခဲ့သည်ဟု သိရသည်။

    အသက် ၂၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ပေါ့ဘာအား ခေါ်ယူရေး အသင်းကြီးများကိုကျော်ကာ ဆောင်ရွက်ခဲ့သည့် ပီအက်စ်ဂျီ၏ အပြောင်းအရွှေ့အတွက် ဂျူဗင်တပ်စ်က သဘောတူခဲ့ခြင်း ဖြစ်သော်လည်း ပေါ့ဘာကမူ ၎င်း၏ ဇာတိဖြစ်သည့် ပဲရစ်သို့ ပြောင်းရွှေ့မည်လားဆိုသည်ကို အာမခံနိုင်ခြင်း မရှိသေးချေ။

    ပီအက်စ်ဂျီအသင်း၏ ဥက္ကဌဖြစ်သူ နက်ဆာ အလ်-ခေလိုင်ဖီမှာ ယခုသီတင်းပတ်အစောပိုင်းတွင် ပေါ့ဘာနှင့် ၎င်း၏ ကိုယ်စားလှယ်များအား မွန်တီကာလိုတွင် တွေ့ဆုံခဲ့သော်လည်း ငွေရေးကြေးရေး ကိစ္စများနှင့်ပတ်သက်၍ သဘောတူညီမှု မရခဲ့ပေ။

    ပေါ့ဘာမှာလည်း ယခုနှစ်နွေရာသီတွင် ရောက်လာရန်ရှိနေသည့် ကမ်းလှမ်းမှုများကို ချင့်ချိန်စဉ်းစားသွားရန် ရှိနေသည်ဟုဆိုသည်။

    အလ်-ခေလိုင်ဖီကမူ မိမိတို့မှာ ပေါ့ဘာနှင့် စကားပြောပြီးပြီဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သော်လည်း ခေါ်ယူရန်အတွက် ယှဉ်ပြိုင်မှုများကို ရင်ဆိုင်ရမည်ဟု ၀န်ခံခဲ့သည်။

    “ပေါ့ဘာကို ဘာ့ကြောင့် ကျွန်တော် စကားပြောတာလဲ ဟုတ်လား။ သူက ပါရမီရှိတယ်လေ။ သူက ပြင်သစ်နိုင်ငံသားဖြစ်ပြီး ပဲရစ်ကပါ။ ဒါက အသင်းကြီးတွေလိုချင်တဲ့ အကြောင်းအရင်းပါပဲ” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဂျူဗင်တပ်စ်အသင်း၏ အားကစားဒါရိုက်တာ ဂူဆက်ပီ မာရော့တာကမူ ထိုတွေ့ဆုံမှုမှာ သာမန်တွေ့ဆုံမှုသာ ဖြစ်ခဲ့ပြီး ဘောလုံးအကြောင်းများကိုသာ ပြောကြားခဲ့ကာ မိမိတို့မှာ ပေါ့ဘာအား မရောင်းချင်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • အေစီမီလန်မှ မထွက်ခွာချင်ဟု နည်းပြ အင်ဇာဂီဆို

    အေစီမီလန်မှ မထွက်ခွာချင်ဟု နည်းပြ အင်ဇာဂီဆို

    ဧပြီ ၃၀၊ ၂၀၁၅
    M-Media

    milan

    – အသင်းအား ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသော်လည်း မိမိအနေဖြင့် အသင်းမှ မထွက်ခွာချင်ဟု အေစီမီလန်သင်းအနည်းပြ ဖိလစ်ပိုအင်ဇာဂီက ပြောကြားလိုက်သည်။

    အေစီမီလန်မှာ ယမန်နေ့က အိမ်ကွင်းတွင် ဂျီနိုအာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စီးရီးအေ လေးပွဲမြောက် နိုင်ပွဲပျောက်ခြင်း လည်းဖြစ်ကာ အဆင့် ၁၀ သို့ ရောက်ရှိနေသည်။ အသင်း၏ ထိုရလဒ်ဆိုးများကြောင့် အင်ဇာဂီမှာ ရာသီကုန်လျှင် ထွက်ခွာရတော့မည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။

    သို့သော်လည်း အင်ဇာဂီကမူ လက်မခံဘဲ အသင်း၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ကာ ရာသီကိုအဆုံးသတ်ရန် အသင်းသားများအား တိုက်တွန်းခဲ့သည်။

    “ကျွန်တော် ဒီမှာရှိနေတာဟာ ကစားပုံမကောင်းခဲ့တဲ့ ပွဲအကြောင်း ပြောဖို့ပါ။ ဂျီနိုအာဟာ အနိုင်နဲ့ ထိုက်တန်ပါတယ်။ အသင်းက ဘာဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ကျွန်တော်ကတော့ လုံးဝ အရှုံးမပေးချင်သေးပါဘူး” ဟု အင်ဇာဂီက Radio 1 သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အင်ဇာဂီက မိမိမှာ အရာတိုင်းအတွက် တောင်းပန်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ခံရမည်ဖြစ်ပြီး အသင်း ပုံမှန်နေရာရောက်ရေးအတွက် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ မိမိသိရှိသည့် တစ်ခုတည်းသောအရာမှာ အလုပ်လုပ်ခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    “ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ မီလန်ကို ကျွန်တော်တို့ ကြည့်ဖို့လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မီလန်အသင်းရဲ့ အင်္ကျီဟာ အမြဲတမ်း ဂုဏ်သိက္ခာရှိနေလို့ပါ”

    Ref: Goal.com

  • ချန်ပီယံလိဂ်ထက် စီးရီးအေကိုသာ အာရုံပိုထားသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ချန်ပီယံလိဂ်ထက် စီးရီးအေကိုသာ အာရုံပိုထားသည်ဟု ဂျူဗင်တပ်စ်နည်းပြ ပြော

    ဧပြီ ၂၈၊ ၂၀၁၅
    M-Media

    juventus

    – မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်ဆီမီး ရီးယဲလ်နှင့်ပွဲအတွက် စဉ်းစားမည်မဟုတ်ဘဲ စီးရီးအေပြီးဆုံးရေးကိုသာ အာရုံစိုက်သွားမည်ဟု ဂျူဗင်တပ်စ်နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပြောကြားလိုက်သည်။

    စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ်မှာ ပြိုင်ပွဲပြီးဆုံးရန် ၆ ပွဲလိုသေးချိန်တွင် ဒုတိယနေရာမှ လာဇီယိုအသင်းအား ၁၄ မှတ်ဖြတ်ထားပြီး လေးနှစ်ဆက်တိုက် စီးရီးအေချန်ပီယံဖြစ်ရေး နီးစပ်နေသည်။ ပြီးခဲ့သည့်တစ်ပတ်က တိုရီနိုနှင့် ကစားသည့်ပွဲတွင် ဂျူဗင်တပ်စ်မှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အယ်လီဂရီကမူ အသင်း၏ စွမ်းဆောင်မှုအတွက် ပီတိဖြစ်မိသည်ဟုဆိုပြီး ရီးယဲလ်မက်ဒရစ်ဘက်သို့
    အာရုံမလှည့်ခင် စီးရီးအေ ဖလားအတွက် ခြေတစ်လှမ်း ပိုနီးချင်သည်ဟု ဆိုသည်။

    “ရီးယဲလ်အကြောင်းကို ကျွန်တော်တို့ မစဉ်းစားသေးပါဘူး။ ဖီအိုရင်တီးနားနဲ့ပွဲအတွက် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရပါမယ်။ အဲဒီပွဲက ခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ၃ မှတ်လိုချင်ပါတယ်။ ဒါဆိုရင် ချန်ပီယံဖြစ်ဖို့ တစ်ပွဲသာ လိုတော့မှာပါ” ဟု အယ်လီဂရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဖီအိုရင်တီးနားအသင်းမှာ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အယ်လီဂရီကမူ ဖီအိုရင်တီးနားမှာ စီးရီးအေနှင့် ဥရောပတို့တွင် ကောင်းနေကြောင်း သို့သော်လည်း မိမိတို့မှာ ကိုယ့်အကြောင်းကိုသာ စဉ်းစားဖို့လိုပြီး လိုအပ်နေသည့် ၄ မှတ်ကို မြန်မြန်ယူရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal.com

  • အီတလီသို့ ပြန်လိုစိတ်မရှိဟု အန်ဆယ်လော့တီပြော

    အီတလီသို့ ပြန်လိုစိတ်မရှိဟု အန်ဆယ်လော့တီပြော

    ဧပြီ ၂၁၊ ၂၀၁၅
    M-Media

    acellotti

    – အီတလီရှိ ဦးနှောက်မရှိသော ပရိတ်သတ်များနှင့် လူမရှိသော ဘောလုံးကွင်းများကြောင့် မိမိအနေဖြင့် စီးရီးအေသို့ ပြန်သွားရန် စိတ်ဝင်စားမှုမရှိဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    အသက် ၅၅ နှစ်အရွယ် ရှိပြီဖြစ်သည့် အန်ဆယ်လော့တီမှာ အေစီမီလန်တွင် ၈ နှစ်ကြာ တာဝန်ယူခဲ့ပြီး ချန်ပီယံလိဂ် ၂ ကြိမ်နှင့် စီးရီးအေဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်က ၎င်း၏ မွေးရပ်မြေ အီတလီကို စွန့်ခွာ၍ ချယ်ဆီးအသင်းသို့ ပြောင်းရွှေ့ကိုင်တွယ်ခဲ့သည်။

    ထို့နောက် ချယ်ဆီးမှတစ်ဆင့် ပီအက်စ်ဂျီ၊ ထိုမှတစ်ဆင့် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းလဲကိုင်တွယ်ခဲ့သည်။

    အန်ဆယ်လော့တီမှာ အမြဲတမ်းလိုလိုပင် အီတလီ ထိပ်တန်းကလပ်များ၏ ကမ်းလှမ်းမှု၊ အီတလီ လက်ရွေးစင်အသင်းတို့၏ ကမ်းလှမ်းမှုများကို ခံခဲ့ရသည်။ သို့သော်လည်း ၎င်းက အိမ်ပြန်ချင်စိတ် မရှိဟု ဆိုသည်။

    “ကျွန်တော်အီတလီက ထွက်မလာခင်တုန်းက အကြောင်းအရာတွေအများကြီး တွေးခဲ့ပါတယ်။ အဲဒါ မလွယ်ပါဘူး။ ဒါပေမယ့် နိုင်ငံခြားမှာက သက်တောင့်သက်သာဖြစ်တယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော် ပြန်သွားမှာမဟုတ်ပါဘူး။ အီတလီဘောလုံးလောက က တော်တော်လေး အပြိုင်အဆိုင်ရှိပါတယ်။ ဒါပေမယ့် ပြဿနာက ပတ်ဝန်းကျင်ပါ။ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဘောလုံးကွင်းတွေမှာ လူမရှိဘဲ တိုက်ခိုက်မှုတွေကလည်း အခြားနေရာတွေထက် အီတလီမှာ ပိုဖြစ်ပါတယ်” ဟု အန်ဆယ်လော့တီက Radio Rai သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ကာဂလီယာရီ၊ ရိုးမားနှင့် ဗာရီဆီအသင်းတို့၏ ပွဲများတွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများကို ထောက်ပြခဲ့ပြီး ကစားသမားများမှာ ဦးနှောက်မရှိသော ပရိတ်သတ်များ၏ ဓားစားခံများ ထပ်ဖြစ်၍ မရတော့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အီတလီနည်းပြ ကွန်တီ၏ အခြေအနေမှာ မတည်မငြိမ်ဖြစ်နေပြီး မကြာမီ အန်ဆယ်လော့တီမှာ အီတလီနည်းပြ ဖြစ်တော့မည်ဆိုသည့် သတင်းကိုလည်း ၎င်းက ငြင်းဆိုခဲ့သည်။

    Ref: Goal.com

  • အင်တာအောင်မြင်ရန် အချိန်ယူရမည်ဟု မန်စီနီဆို

    အင်တာအောင်မြင်ရန် အချိန်ယူရမည်ဟု မန်စီနီဆို

    မတ် ၂၅၊ ၂၀၁၅
    M-Media

    mancini

    – အသင်းအား ယခင်အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် အချိန်နှင့် စိတ်ရှည်သည်းခံမှု လိုအပ်ပြီး ဖာဂူဆန်ပင် မန်ယူအား ၇ နှစ်ခန့် အချိန်ယူတည်ဆောက်ခဲ့ရသည်ဟု အင်တာမီလန်နည်းပြ မန်စီနီက ပြောကြားလိုက်သည်။

    ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အင်တာမီလန်နည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူခဲ့စဉ်က မန်စီနီမှာ စီးရီးအေဖလားသုံးကြိမ် (တစ်ကြိမ်မှာ လုပ်ပွဲပြဿနာများကြောင့် ရရှိခဲ့)နှင့် ကိုပါ အီတာလီယာဖလား ၂ ကြိမ်ကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာက ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်းတွင် ရုန်းကန်နေရသည်။

    အင်တာမီလန်မှာ လက်ရှိအချိန်တွင် စီးရီးအေအမှတ်ပေးဇယား၌ အဆင့် ၁၀ နေရာတွင် ရှိနေပြီး စုစုပေါင်း ၅ ပွဲသာ အနိုင်ရရှိထားသည်။ မန်စီနီကမူ ၎င်းမှာ အသင်းအတွက် လူမှန်ဖြစ်ပြီး မည်သည့် ဖိအားမှ ခံစားရခြင်းမရှိဟု ဆိုသည်။

    “စရောက်တဲ့အခါမှာ ခက်ခဲမယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမယ့် အရမ်းကြီး ဆိုးမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ပထအကြိမ် နည်းပြတုန်းက ပြည့်ဝတဲ့ လူစာရင်းရှိပါတယ်။ အခုတော့ အဲလို မဟုတ်ပါဘူး။ မန်ယူကို အသင်းကောင်းတစ်သင်းဖြစ်ဖို့ ဖာဂူဆန်ဟာ ၇ နှစ်လောက် လုပ်ယူခဲ့ရပါတယ်။ အင်တာကတော့ ၇ နှစ်မလိုပါဘူး။ ဒါပေမယ့် အချိန်နဲ့ သည်ခံမှုအနည်းငယ်တော့ လိုပါတယ်” ဟ မန်စီနီက Tuttosport သို့ ပြောကြားခဲ့သည်။

    ဝေဖန်မှုများအတွက်လည်း မန်စီနီက တုံ့ပြန်ခဲ့ပြီး မိမိအနေဖြင့် ပဉ္စလက်ပညာရှင်မဟုတ်ကြောင်း၊ အီတလီတွင် လိုအပ်သည်များကို ချက်ခြင်းရရှိနေပြီး မိမိတို့မှာ အလုပ်ကြိုးစားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ ၁၉၈၆ ခုနှစ်တွင် မန်ယူအား တာဝန်ယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ် FA ဖလား မရရှိမီ ထုတ်ပယ်ခံရရန် နီးစပ်ခဲ့သည်။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ဆွတ်ခူးရရှိခဲ့သည်။

    Ref: Goal.com