News @ M-Media
Tag: singapore
  • သမ္မတဖြစ်လျှင် လစာအားလုံးကို လှူဒါန်းမည်ဟု စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် ပြော
    သမ္မတဖြစ်လျှင် လစာအားလုံးကို လှူဒါန်းမည်ဟု စင်ကာပူစီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် ပြော
    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media
    စင်ကာပူသမ္မတအဖြစ် ၀င်ရောက်အရွေးခံရန် အမည်စာရင်း တင်သွင်းထားသည့် ဆာလေဟ် မာရီကန်
    – မိမိအနေဖြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက ရရှိမည့် လစာအားလုံးကို ပရဟိတလုပ်ငန်းအတွက် လှူဒါန်းသွားမည်ဟု စင်ကာပူသမ္မတအဖြစ် ၀င်ရောက်အရွေးခံမည့် စီးပွားရေးလုပ်ငန်းရှင် ဆာလေဟ် မာရီကန်က ပြောကြားလိုက်သည်။
    စင်ကာပူသမ္မတရာထူးအတွက် လက်ရှိတွင် မလေးလူ့အဖွဲ့အစည်းက အလှည့်ကျပြီး ဆာလေဟ်မာရီကန်၊ လွှတ်တော်ဥက္ကဌဟောင်း ဟာလီမာ ယာကွဘ်နှင့် Bourbon Offshore Asia မှ ဥက္ကဌ ဖာရစ်ခန်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
    ရွေးကောက်ပွဲကို စက်တင်ဘာလနှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
    မာရီကန်ကမူ ၎င်းအနေဖြင့် သမ္မတဖြစ်ခဲ့ပါက ရရှိမည့်လစာအားလုံးကို ပရဟိတအတွက် လှူဒါန်းသွားမည်ဟု ဆိုသည်။ ၎င်း၏အဖွဲ့မှာ Mind The Gap ဟုခေါ်သည့် လူမှုလှုပ်ရှားမှုတစ်ခုတွင်လည်း ပါဝင်ဆောင်ရွက်နေသည်။
    အဆိုပါ လှုပ်ရှားမှုမှာ စင်ကာပူနိုင်ငံအတွင်းရှိ ပရဟတိအဖွဲ့ငယ်များအတွက် ရန်ပုံငွေရရှိရေး၊ အသိပညာပေးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
    “ခင်ဗျား သမ္မတမဖြစ်လည်း ဒီလို ပရဟိတအလုပ်မျိုး လုပ်နိုင်တာပဲလို့ လူတော်တော်များများက ပြောကြတယ်ဗျ။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ခြားနားချက်တော့ ရှိတယ်။ သမ္မတဆိုတဲ့ အရှိန်အ၀ါက သူမြှင့်တင်ဖို့ ရွေးချယ်လိုက်တဲ့ နယ်ပယ်မှာ ပိုပြီးတော့ ထိရောက်မှု ရှိလာနိုင်ပါတယ်။ ဥပမာအားဖြင့် ဒီလို ပရဟိတလုပ်ငန်းမှာ လှူဒါန်းဖို့အတွက် ကုမ္ပဏီကြီးတွေက စီအီးအိုတွေဆီကို သမ္မတက စာရေး တိုက်တွန်းရင် သူတို့တော်တော်များများက လှူကြမှာပါ။ သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ ဒါမျိုးလုပ်ရင် သူ့စာကို ဖတ်ပါ့မလားတောင်မသိဘူး” ဟု မာရီကန်က ပြောကြားခဲ့သည်။
    မာရီကန်မှာ ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၃ ဦးတွင် ရွေးကောက်ပွဲဌာနသို့ ပထမဆုံး အမည်စာရင်းတင်သွင်းခဲ့သူလည်းဖြစ်သည်။
    ၎င်းကမူ ထိုကဲ့သို့ လျှောက်ထားရန်အတွက် နာရီ ၁၀၀ ကျော် စဉ်းစားတွေးတောခဲ့ရသည်ဟု ဆိုသည်။
    “အခုဆိုရင်တော့ သူတို့အပေါ်မှာ မူတည်နေပါပြီ။ ကျွန်တော့်ကို သမ္မတလောင်း အရည်အချင်းနဲ့ ပြည့်မီသူအဖြစ် ဆုံးဖြတ်ချက်ထွယ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”
    မာရီကန်မှာ သာမန် လက်လုပ်လက်စားမိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ငယ်စဉ်က ငွေရေးကြေးရေး အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။ ထို့နောက် ကိုယ့်ဒူးကိုယ်ချွန်ကာ စီးပွားရေးလောကထဲ ၀င်ရောက်လာခဲ့ပြီး အထည်လုပ်ငန်းဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့သည်။
    Ref : CNA
  • ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်း စင်ကာပူတွင် ဖွင့်လှစ်
    ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်း စင်ကာပူတွင် ဖွင့်လှစ်
    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media
    – ကလေးငယ်ပေါင်း ၂၁၀၀ လောက် တက်ရောက်နိုင်မယ့် ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်းကြီးကို စင်ကာပူနိုင်ငံမှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။
    The Early Learning Village လို့ခေါ်တဲ့ ဒီကျောင်းကြီးဟာ သြစတေးလျ နိုင်ငံတကာကျောင်း (AIS) ရဲ့ ကျောင်းဝင်းအတွင်းမှာ တည်ရှိပြီး စကွဲယားပေ ၅၀၀၀၀ လောက် ကျယ်ဝန်းပါတယ်။ ကျောင်းကို AIS နဲ့ စတန်းဖို့ဒ် အမေရိကန် နိုင်ငံတကာကျောင်းတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
    ဒီမူကြိုမှာ စာသင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြီး အသက် ၁၈ လကနေ ၆ နှစ်အထိ ကလေးငယ်တွေကို ပညာသင်ပေးနိုင်မှာ ဖြစ်ပါတယ်။
    ကစားကွင်းတွေ၊ မီတာ ၂၀ ကျယ်တဲ့ ရေကူးကန်တစ်ခုအပါအ၀င် ကလေးငယ်တွေအတွက် ပညာရေးနဲ့ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ သင်ထောက်ကူပစ္စည်း အစုံအလင်ကို ဒီမူကြိုမှာ ထားပေးထားပါတယ်။
    သင်ရိုးညွှန်းတမ်းကို နှစ်ခုထားရှိထားပြီး စတန်းဖို့ဒ်အမေရိကန်က သြဂုတ်လကနေ ဇွန်လအထိ အမေရိကန် သင်ရိုးညွှန်းတန်းနဲ့ သင်ကြားပေးသွားမှာဖြစ်ကာ၊ AIS က သြဇီသင်ရိုးညွှန်းတမ်းနဲ့ ဇန်န၀ါရီကနေ ဒီဇင်ဘာအထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
    နိုင်ငံပေါင်းစုံက ကျောင်းသားတွေကို လက်ခံသွားမယ်လို့လည်း The EArly Learning Village က ပြောကြားထားပါတယ်။ လက်ရှိ စာရင်းပေးထားတဲ့ ကျောင်းသားတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ စင်ကာပူနိုင်ငံသားတွေဖြစ်ပါတယ်။
    ကျောင်းအတွက် ကုန်ကျစားရိတ်က ကလေးရဲ့ အသက်အရွယ်နဲ့ တက်မယ့်ရက် အရေအတွက်အပေါ် မူတည်ကာ ကျသင့်မှာဖြစ်ပြီး၊ တစ်ပတ်ကို ၅ ရက်တက်မယ့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် ပညာသစ်နှစ်တစ်ဝက်ကို စင်ကာပူဒေါ်လာ ၁၄၅၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။
    Ref: CNA
  • စင်ကာပူသမ္မတ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှင့် မဲဆွယ်ရေးအဖွဲ့စာရင်းကို ဟာလီမာယာကွဘ် ထုတ်ပြန်
    စင်ကာပူသမ္မတ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှင့် မဲဆွယ်ရေးအဖွဲ့စာရင်းကို ဟာလီမာယာကွဘ် ထုတ်ပြန်
    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media
    – လာမည့်လတွင် ပြုလုပ်မည့် စင်ကာပူသမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ဥက္ကဌဟောင်း အမျိုးသမီး ဟာလီမာ ယာကွဘ်မှာ ရွေးကောက်ပွဲ ကြွေးကြော်သံနှင့် မဲဆွယ်ရေးအဖွဲ့ကို ယနေ့တွင် ကြေငြာလိုက်သည်။
    ဟာလီမာမှာ သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ယခုလအစောပိုင်းတွင် လွှတ်တော်ဥက္ကဌ ရာထူးမှ နှုတ်ထွက်ခဲ့သည်။
    သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရေးအတွက် NTUC စင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ ဟာလီမာမှာ ‘စုပေါင်းညီညာ အောင်ကြောင်းဖြာ’ ဆိုသည့် ရွေးကောက်ပွဲ ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့သည်။
    “လူတစ်ဦးချင်းစီဟာ စည်းစည်းလုံးလုံးနဲ့ လူ့အဖွဲ့အစည်းအတွက်၊ တိုင်းပြည်အတွက် ကောင်းမွန်တဲ့အရာကို ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ အရေးကြီးဆုံး အစိတ်အပိုင်းလို့ ကျွန်မ ထင်ပါတယ်” ဟု ဟာလီမာက သူမ၏ ဆောင်ပုဒ်အကြောင်း ပြောကြားခဲ့သည်။
    “လူမျိုး၊ ဘာသာစကား၊ ဘာသာတရားမရွေး စုပေါင်းညီညာအောင်ကြောင်းဖျာပြီး ကျွန်မတို့အားလုံး ဂုဏ်ယူလောက်တဲ့ စင်ကာပူနိုင်ငံဖြစ်အောင် ဆောင်ရွက်ရပါမယ်”
    ဟာလီမာမှုာ ၎င်း၏ မဲဆွယ်ရေးအဖွဲ့ကိုလည်း ပြည်သူနှင့် မိတ်ဆက်ပေးခဲ့ပြီး စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးကြမည့် ၎င်းတို့မှာ မိမိ၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ထိုအဖွဲ့တွင် Sheng Siong ကုမ္ပဏီမှ အမှုဆောင်အကြီးအကဲ Lim Hock Chee၊ လွှတ်တော်အမတ် Chia Yong Yong၊ လွှတ်တော်အမတ်ဟောင်း Mary Liew နှင့် စင်ကာပူနိုင်ငံတကာရေးရာ အင်စတီကျုမှ Simon Tay တို့ ပါဝင်သည်။
    မိမိအနေဖြင့် သမ္မတဖြစ်လာပါက တိုင်းပြည်စည်းလုံးညီညွတ်ရေး လုပ်ဆောင်သွားမည်ဟု ဟာလီမာက ပြောကြားခဲ့သည်။
    “သမ္မတဆိုတာ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ ကျွန်မတို့အားလုံး မျှဝေခံစားနေကြတဲ့ တန်ဖိုးတွေကို တိုင်းပြည် ကောင်းစားရေးအတွက် အသုံးချဖို့ ဦးဆောင်ရွက်ဦးရွက်ပြုရမှာ ဖြစ်ပါတယ်။ ပြီးတော့ စင်ကာပူနိုင်ငံနဲ့ စင်ကာပူပြည်သူတွေအတွက် စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုရမှာ ဖြစ်ပါတယ်”
    ယခုတစ်ကြိမ် စင်ကာပူသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသည့် လူ့အဖွဲ့အစည်းမှာ မလေးလူ့အဖွဲ့အစည်းဖြစ်သည်။
    သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ နှောင်ပိုင်းတွင် ကျင်းပပြုလုပ်ရန် ရှိနေပြီး ဟာလီမာယာကွဘ်မှာ မစ္စတာ ဖာရစ်ခန်း၊ မစ္စတာ မိုဟာမက် ဆာလေဟ် မာရီကန်တို့နှင့် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။
    Ref: CNA
  • စင်ကာပူသမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်
    စင်ကာပူသမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဟု စင်ကာပူက ကြေငြာလိုက်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် စက်တင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။
    ယခုတစ်ကြိမ် စင်ကာပူသမ္မတအဖြစ် မလေးလူ့အဖွဲ့အစည်းက တာဝန်ထမ်းဆောင်ရန် အလှည့်ကျပြီးစီးပွားရေးသမား မိုဟာမက် ဆာလေဟ် မာရီကန်၊ Bourbon Offshore Asia Pacific ဥက္ကဌ ဖာရစ်ခန်းနှင့် လွှတ်တော်ဥက္ကဌဟောင်း အမျိုးသမီး ဟာလီမာယာကွဘ်တို့က ၀င်ရောက် အရွေးခံမည်ဟု ကြေငြာထားသည်။
    လက်ရှိတွင် မာရီကန်နှင့် ဖာရစ်တို့မှာ ရွေးကောက်ပွဲဦးစီးဌာနသို့ ၎င်းတို့၏ စာရွက်စာတမ်းများကို တင်သွင်းထားသည်။
    “ကျွန်တော်တို့တိုင်းပြည်ဟာ လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ တိုင်းပြည်ဖြစ်ပြီး သူတို့လူ့အဖွဲ့အစည်းက ဘယ်သူမဆို သမ္မတ ဖြစ်လာနိုင်တယ်ဆိုတာ နိုင်ငံသားတိုင်း သိထားရပါမယ်။ စင်ကာပူပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတမျိုး တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်မှာပါ။ တိုင်းပြည်ရဲ့ အကျိုးစီးပွား၊ စွမ်းအားနဲ့ အမှတ်သညာကို အကောင်းဆုံး ကိုယ်စားပြုနိုင်တဲ့ သမ္မတလောင်းကို စင်ကာပူပြည်သူတွေက ထောက်ခံကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြည်တွင်းမှာတင်မကဘဲ နိုင်ငံကတာအသိုင်းဝိုင်းမှာရောပေါ့” ဟု ၀န်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    လက်ရှိသမ္မတ တိုနီ တန် ကင် ယမ်၏ သက်တမ်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး သမ္မတအကြံပေးကောင်စီ ဥက္ကဌ မစ္စတာ ဂျေ ၀ိုင် ပီလေးက သမ္မတသစ် ရွေးကောက်ပြီးသည်အထိ ခေတ္တသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။
    Ref: CNA
  • ဗုံးဖြင့် မှားယွင်းခြိမ်းခြောက်သူကို စင်ကာပူ ဖမ်းဆီး
    ဗုံးဖြင့် မှားယွင်းခြိမ်းခြောက်သူကို စင်ကာပူ ဖမ်းဆီး
    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media
    – မိမိတွင် ဗုံးရှိသည်ဟု မှားယွင်းခြိမ်းခြောက်မိခဲ့သူ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သိရသည်။
    ယမန်နေ့ညနေပိုင်းက စင်ကာပူ မိုးလုံလေလုံ အားကစားကွင်းတွင် ပြိုင်ပွဲကျင်းပပြုလုပ်နေစဉ် အဆိုပါအမျိုးသားက ထိုကဲ့သို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး ကွင်းလုံခြုံရေးများက ရဲတပ်ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားခဲ့သည်။
    နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသားအား ဖမ်းဆီးခဲ့သည်။
    “ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူဟာ ဒီလို ခြိမ်းခြောက်မှု ပြုလုပ်ဖို့ ရည်ရွယ်ချက်မရှိတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့က လုံခြုံရေး ခြိမ်းခြောက်မှုတွအားလုံးကို အရေးတယူ တုန့်ပြန်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ဘယ်သူ့ကိုမဆို အရေးယူဖို့ နောက်တွန့်နေမှာ မဟုတ်ပါဘူး” ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    အဆိုပါ အမျိုးသားကို ကုလ၏ အကြမ်းဖက်တိုက်ဖျက်ရေးဆောင်ရွက်မှု ဥပဒေအရ ဖမ်းဆီးထားပြီး ပြစ်မှုထင်ရှားပါက စင်ကာပူဒေါ်လာ ၁ သိန်းထက်မပိုသော ငွေဒဏ် သို့မဟုတ် ၅ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်သည်။
    Ref: CNA