News @ M-Media

Tag: South Korea

  • တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုများ အဆုံးသတ်

    တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ တင်းမာမှုများ အဆုံးသတ်

    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media

    south

    – အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဖြစ်ပေါ်လာသော နှစ်နိုင်ငံအကြား တင်းမာမှုများကို အဆုံးသတ်ရေးအတွက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှာ သဘောတူညီချက် ရရှိခဲ့သည်ဟု တောင်ကိုရီးယားသတင်းဌာန YTN က ယနေ့တွင် ဖော်ပြခဲ့သည်။

    နှစ်နိုင်ငံကိုယ်စားလှယ်များ ဆွေးနွေးမှုကို နယ်စပ်ရှိ ငြိမ်းချမ်းရေးရွာဖြစ်သော ပန်မွန်ဂျွန်းတွင် စနေနေ့ညပိုင်းမှ စတင်ကာ ပြုလုပ်ခဲ့ခြင်းသည်။

    နှစ်ဖက်ကိုယ်စားလှယ်များ ပူးပေါင်းထုတ်ပြန်သော ကြေညာချက်တွင် မြောက်ကိုရီးယားက ယခုလအစောပိုင်းတွင် တောင်ကိုရီးနယ်စပ်၌ ဖြစ်ပွားခဲ့သော မိုင်းကွဲမှုအပေါ် နောင်တရသည်ဟု ဖော်ပြခဲ့သည်။ ထိုမိုင်းကွဲမှုကြောင့် တောင်ကိုရီးယား နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုမိုင်းကို မြောက်ကိုရီးယားက ၀င်ရောက်ထောင်ထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့သည်။

    အပြန်အလှန်အားဖြင့် တောင်ကိုရီးယားကလည်း နယ်စပ်တွင် အသံချဲ့စက်များဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများ ပြုလုပ်မှုကို ဗုဒ္ဓဟူးနေ့ မွန်းတည့်တွင် ရပ်တန့်မည်ဖြစ်သည်။

    ထို့ပြင် ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် ကွဲကွာသွားသော မိသားစုများ ပေါင်းစည်းရေးကို လာမည့်လတွင် ပြန်လည်ပြုလုပ်သွားရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အမျိုးသားလုံခြုံရေးအကြံပေး ကင်ကွမ်ဂျင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    နယ်စပ်တွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယားက အသံချဲ့စက်များဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေး ၀ါဒဖြန့်မှုများကို ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားက ထိုအသံချဲ့စက်များအား ပြီးခဲ့သည့်တစ်ပတ်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကာ တောင်ကိုရီးယားကလည်း အမြှောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

    ထို့နောက် နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့ပြီး မြောက်ကိုရီးယားက နယ်စပ်တွင် တပ်များ တိုးချဲ့ချထား၍ စစ်ပြင်လာခဲ့ကာ တောင်ကိုရီးယားဘက်ကလည်း စစ်တပ်ကို တပ်လှန့်ထားခဲ့သည်။

    Ref: Aljazeera

  • နှစ်နိုင်ငံတင်းမာမှုလျော့ချရေး ကိုးရီးယားနှစ်နိုင်ငံ ဆွေးနွေးမည်

    နှစ်နိုင်ငံတင်းမာမှုလျော့ချရေး ကိုးရီးယားနှစ်နိုင်ငံ ဆွေးနွေးမည်

    သြဂုတ် ၂၂၊ ၂၀၁၅
    M-Media

    koran

    – ယခုသီတင်းပတ်အတွင်း နှစ်ဘက်စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီး တင်းမာမှုများ မြင့်တက်လာကာ စစ်ဖြစ်ပွားမည့် အခြေအနေသို့ ရောက်ရှိမှုအား ဖြေရှင်းရန်အတွက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ ထိပ်တန်းတာဝန်ရှိသူများ ဆွေးနွေးပွဲကို ယနေ့တွင် ပြုလုပ်မည်ဟု သိရသည်။

    အဆိုပါဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ်တွင် တောင်ကိုရီးယားမှ အသံချဲ့စက်များဖြင့် စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်မှုများအား ရပ်တန့်ရန် မြောက်ကိုရီးယားက ရာဇသံပေးထားသည့် နောက်ဆုံးအချိန်ဖြစ်သော ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီနောက်ပိုင်းတွင် ငြိမ်းချမ်းရေးရွာ ပန်မွန်ဂျွန်း၌ စတင်မည်ဖြစ်သည်။

    မြောက်ကိုရီးယား၏ အဆိုပါရာဇသံကြောင့် တောင်ကိုရီးယားကလည်း ၎င်းတို့၏စစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားသည်။

    နှစ်နိုင်ငံ အပစ်ရပ်ရေးလက်မှတ်ထိုးထားသော အဆိုပါ ပန်မွန်ဂျွန်းတွင် ပြုလုပ်မည့် ထိုဆွေးနွေးမှုမှာ နှစ်နိုင်ငံတင်းမာမှုများကို လျော့ချရန် အခွင့်အလမ်းဖြစ်မည် ဖြစ်သော်လည်း လေ့လာဆန်းစစ်သူများကမူ အလုပ်ဖြစ်နိုင်မည့် ဆွေးနွေးညှိနှိုင်မှုမျိုး ရှာဖွေနိုင်ရန်မှာ ခက်ခဲမည်ဟု ပြောကြားခဲ့သည်။

    “မြောက်ကိုရီးယားက ဒီဆွေးနွေးပွဲမှာ တစ်ခုခုများ ယူလာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ တောင်ကိုရီးယားရဲ့ အသံချဲ့စက်တွေကို ပိတ်ဖို့ဖြစ်လာမယ့် တောင်-မြောက် မိသားစု ပြန်ပေါင်းစည်းရေးကို ရုပ်သိမ်းတာလိုမျိုးပေါ့” ဟု ဆိုးလ်မြို့ရှိ နိုင်ငံတကာပြဿနာအုပ်စုမှ ကိုရီးယားဆိုင်ရာ ကျွမ်းကျင်သူ ဒန်ပင့်က်စတန်က ပြောကြားခဲ့သည်။

    တောင်ကိုရီးယားကမူ မြောက်ကိုရီးအနေဖြင့် ပြီးခဲ့သည့်တစ်ပတ်က မိုင်းပေါက်ကွဲမှုအတွက် မတောင်းပန်မချင်း ၎င်းတို့၏ အသံချဲ့စက်များဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်မှုကို အဆုံးသတ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယားနယ်စပ်တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားစစ်သားနှစ်ဦးမှာ ခြေထောက်များ ဖြတ်တောက်ခဲ့ရပြီး ထိုမိုင်းမှာ မြောက်ကိုရီးယားက ထောင်ထားခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲခဲ့သည်။

    သို့သော်လည်း မြောက်ကိုရီးယားကမူ ထိုမိုင်းဗုံးပေါက်ကွဲမှုအတွက် တာဝန်ယူရန် ငြင်းဆိုခဲ့ပြီး တောင်ကိုရီးယားက လုပ်ကြံခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ

    တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့ စစ်ရေးတင်းမာမှု မြင့်တက်လာ

    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media

    jikra

    – နှစ်နိုင်ငံနယ်စပ်တွင် ပတ္တယောင်လှည့်နေသည့် စစ်သားနှစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့မှုတွင် အဆိုပါမိုင်းအား မြောက်ကိုရီးယားက ထောင်ထားသည်ဟု တောင်ကိုရီးယားက စွပ်စွဲလိုက်ပြီး နှစ်နိုင်ငံ စစ်ရေးတင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ မိုင်းနင်းမှုတွင် မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး စစ်မဲ့ဇုန်တွင် ပတ္တယောင်လှည့်နေသော စစ်သားများအား ထိမိခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ စစ်မဲ့ဇုန်မှာ နှစ်နိုင်ငံနယ်စပ်မှ ၂ ကီလိုမီတာစီ ပါဝင်သော နယ်မြေဖြစ်သည်။

    “အဲဒါဟာ မြောက်ကိုရီးယားက မြေမြှုပ်မိုင်းတွေဆိုတာ သေချာပြီး ကျွန်တော်တို့ရဲ့ ရန်သူတွေက သေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကိုတိတ်တိတ်လေးဝင်ပြီး ထောင်တားတာပါပဲ” ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါ မိုင်းနင်းမိမှုတွင် စစ်သားတစ်ဦးမှာ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ခဲ့ရပြီး၊ အခြားတစ်ဦးမှာ ခြေထောက်တစ်ဖက် ဖြတ်ခဲ့ရသည်။

    တောင်ကိုရီးယား စစ်ဦးစီးချုပ်မှ ထုတ်ပြန်သော ကြေညာချက်တွင် မိမိတို့မှာ မြောက်ကိုရီးယား၏ ရန်စမှုအတွက် “ပြင်းထန်သည့် တန်ဖိုး”ကို ပေးဆပ်ရမည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း “ပြင်းထန်သည့် တန်ဖိုး” မှာ မည်သည်ကို ရည်ရွယ်ခြင်းဆိုသည်နှင့် စစ်ရေးအရ ရွေးချယ်မှုအတွက် စဉ်းစားမည်ဆိုသည့် ကောလဟာလများအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ လေ့လာဆန်းစစ်သူများကမူ တောင်ကိုရီးယား၏ တုံ့ပြန်မှုကို ခန့်မှန်းရန် ခက်ခဲသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီ

    တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီ

    ဇွန် ၂၈၊ ၂၀၁၅
    M-Media

    mars

    – မားစ်ရောဂါကြောင့် ယမန်နေ့က လူတစ်ဦး သေဆုံးခဲ့သည်ဟု တောင်ကိုရီးယား ကျန်းမာရေး ၀န်ကြီးဌာနက ယနေ့နံနက်တွင် ကြေညာခဲ့ပြီး မားစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းမှာ ၃၂ ဦးအထိ ရှိလာပြီဖြစ်သည်။

    အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇွန်လ ၉ ရက်နေ့က ရောဂါကူးစက်ခဲ့ခြင်းဖြစ်ကာ မြို့တော်ဆိုးလ်ရှိ ဆမ်ဆောင်းဆေးရုံတွင် ဆေးကုသမှုခံနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆမ်ဆောင်းဆေးရုံတွင် မားစ်ရောဂါ ကူးစက်သူ အရေအတွက်မှာ ၉၀ ဦးခန့် ရှိပြီး ဆေးရုံဝန်ထမ်းများနှင့် လူနာလာကြည့်သူများ ဖြစ်သည်။

    ယခုသေဆုံးမှုကြောင့် ကူးစက်သူများအကြား သေဆုံးမှုနှုန်းမှာ ၁၇.၅ ရာခိုင်နှုန်းသို့ ရောက်လာခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ၁၅ ရာခိုင်နှုန်း ရှိခဲ့ကာ နှစ်ပတ်အရင်က ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ သို့သော်လည်း ကူးစက်မှုနှုန်းမှာ နောက်ပိုင်းတွင် ကျလာခဲ့သည်။

    လက်ရှိအချိန်တွင် မားစ်ရောဂါကူးစက်သူအရေအတွက်မှာ ၁၈၂ ဦး ရှိပြီး ၁၅ ဦးမှာ စိုးရိမ်စရာကောင်းသည့် အနေအထားတွင် ရှိနေသည်။

    ရောဂါကူးစက်ပြီးနောက် သက်သာ၍ ဆေးရုံမှ ပြန်လည်ဆင်းသွားရသူများမှာ စုစုပေါင်း ၉၁ ဦး ရှိနေပြီး ယနေ့အထိ ရောဂါကူးစက်နိုင်မှု သံသယဖြင့် စောင့်ကြည့်နေသူအရေအတွက်မှာ ၂၅၆၂ ဦး ရှိနေသည်။

    တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါကူးစက်မှုကို မေလ ၂၀ ရက်နေ့က ဆော်ဒီအာရေဗျနိုင်ငံမှ ပြန်လာသော အမျိုးသမီးတစ်ဦး၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုနောက် အလျင်အမြန် ပြန့်နှံ့ ကူးစက်လာခဲ့ခြင်းဖြစ်သည်။

    Ref: PressTV

  • MERS ရောဂါပိုးကြောင့် တောင်ကိုရီးယားတွင် ၂ ဦးသေဆုံး

    MERS ရောဂါပိုးကြောင့် တောင်ကိုရီးယားတွင် ၂ ဦးသေဆုံး

    ဇွန် ၂၊ ၂၀၁၅
    M-Media

    south

    – အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကို ဖြစ်စေပြီး အရှေ့အလယ်ပိုင်းတွင် ကူးစက်ပြန့်နှံ့သည့် MERS ဗိုင်းရပ်ကြောင့် ၂ ဦး သေဆုံးခဲ့သည်ဟု တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ကြေညာလိုက်ပြီး ထိုဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယားတွင် ပထမဆုံး သေဆုံးမှုလည်း ဖြစ်သည်။

    MERS ဗိုင်းရပ်စ် ကူးစက်နေသည်ဟူသော သံသယဖြင့် ဆေးကုသမှုခံယူနေရသော အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ယမန်နေ့က သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၌ ဗိုင်းရပ်စ်ပိုး ကူးစက်နေကြာင်း စမ်းသပ်တွေ့ရှိခဲ့ရသည်။

    လွန်ခဲ့သည့် ရက်အနည်းငယ်က ဗိုင်းရပ်စ်ပိုး ကူးစက်နေသည်ဟု စမ်းသပ်တွေ့ရှိခဲ့ရသူ အသက် ၇၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ယနေ့တွင်သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    တနင်္လာနေ့ညတွင် ရောဂါပိုးကူးစက်သူ ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရပြီး သေဆုံးသူ ၂ ဦးအပါအ၀င် နိုင်ငံတစ်ဝှမ်း MERS ဗိုင်းရပ်စ်ပိုး ကူးစက်နေသူမှာ စုစုပေါင်း ၂၅ ဦး ရှိနေပြီဖြစ်သည်။

    တောင်ကိုရီးယားတွင် ဖြစ်ပွားမှုမှာ ဗိုင်းရပ်စ်ပိုးအခြေတည်သော အရှေ့အလယ်ပိုင်းအပြင်ဘက်တွင် အကြီးမားဆုံးလည်းဖြစ်ကာ စိုးရိမ်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။ တောင်ကိုရီးယား၌ MERS ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို မေ ၂၀ ရက်နေ့က စတင် သိရှိခဲ့ရခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနကမူ ဗိုင်းရပ်စ်နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိတွေ့ခဲ့သူ ၆၈၂ ဦးကို
    ထိန်းသိမ်းထားခြင်း၊ အထူးစောင့်ကြည့်ခြင်းတို့ ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    MERS ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါပိုးနှင့် ဆင်တူပြီး ကုသ၍မရသေးသည့် ရောဂါပိုးဖြစ်သော်လည်း ဆားစ်ရောဂါပိုးထက် ကူးစက်မှုနှုန်း နည်းပါးသည်။ ၂၀၀၃ ခုနှစ်က အာရှနိုင်ငံတစ်ဝှမ်းတွင် ကူးစက်ပြန့်နှံ့ခဲ့သော ဆားစ်ရောဂါပိုးကြောင့် လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရသည်။

    Ref: Channelnewsasia