News @ M-Media

Tag: Spain

  • စပိန်ရှိ ကာတာလိုနီယာဒေသ ရွေးကောက်ပွဲ ခွဲထွက်လိုသူများ အနိုင်ရ

    စပိန်ရှိ ကာတာလိုနီယာဒေသ ရွေးကောက်ပွဲ ခွဲထွက်လိုသူများ အနိုင်ရ

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    spaing

    – စပိန်ရှိ ကာတာလိုနီယာဒေသတွင် စနေနေ့က ပါလီမန်ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ရာ ဒေသအား လွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးထားသည့် ခွဲထွက်လိုသူများ မဟာမိတ်အဖွဲ့က အနိုင်ရရှိခဲ့ဟု သိရသည်။

    ရွေးကောက်ပွဲမှ မဲများ၏ ၉၉ ရာခိုင်နှုန်းကို ရေတွက်ခဲ့ရာတွင် ခွဲထွက်ရေး လိုလားသူများ၏ Together for Yes အဖွဲ့က ပါလီမန် ၁၃၅ နေရာတွင် ၆၂ နေရာ ရရှိခဲ့ခြင်းဖြစ်သည်။

    အကယ်၍ ၎င်းတို့မှာ အမတ်နေရာ ၁၀ နေရာ ရရှိခဲ့သော ဒေသလွတ်လပ်ရေး လိုလားသည့် လက်ဝဲပါတီ Popular Unity Candidacy (CUP) နှင့် မဟာမိတ်ဖွဲ့ခဲ့ပါက ပါလီမန်အား အုပ်စီးရန် လိုအပ်သည့် အမတ်နေရာ ၆၈ နေရာကို ပြည့်မှီမည်ဖြစ်ပြီး၂၀၁၇ ခုနှစ် ကာတာလိုနီယာဒေသ စပိန်ထံမှ ခွဲထွက်ရေး အစီအစဉ်ကို ရှေ့ဆက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    သို့သော်လည်း CUP ပါတီကမူ ခွဲထွက်ရေးလိုလားသူများ မဟာမိတ်အဖွဲ့က လူကြိုက်များမှု ၅၀ ရာခိုင်နှုန်းကျော်မှသာ လွတ်လပ်ရေး တောင်းဆိုမှုတွင် ပါဝင်မည်ဟု ပြောကြားထားပြီး မဟာမိတ်အဖွဲ့မှာ ၄၈ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

    ဒေသခေါင်းဆောင် အာတာရ် မက်စ်ကမူ ၎င်းအား သြဘာပေးနေသည့် ထောက်ခံသူများအကြားတွင် ၎င်းတို့အနိုင်ရကြောင်း ကြေငြာခဲ့သည်။

    ကာတာလိုနီယာဒေသမှာ စပိန်နိုင်ငံ စီးပွားရေး၏ ၅ ပုံ ၁ ပုံ နီးပါးကို အထောက်အကူပြုနေသော်လည်း ဒေသအတွင်း အခွန်များကြီးမြင့်မှု၊ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာ ရရှိခြင်းတို့ကြောင့် ပြည်သူများမှာ စပိန်မှ ခွဲထွက်လိုကြခြင်းဖြစ်သည်။ စပိန်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုနှင့် ဘဏ္ဍာရေးပြဿနာများ ဖြစ်ပေါ်စဉ်အတွင်း ကာတာလိုနီယာဒေသ ခွဲထွက်ရေး လှုပ်ရှားမှုမှာ ပိုမို အရှိန်မြင့်လာခဲ့သည်။

    Ref: Aljazeera

  • ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ မွေးရပ်မြေလွတ်လပ်ရေးအတွက် အားပေးသွားမည်

    ဘိုင်ယန်နည်းပြ ဂွါဒီယိုလာ မွေးရပ်မြေလွတ်လပ်ရေးအတွက် အားပေးသွားမည်

    ဇူလိုင် ၂၁၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်နည်းပြဖြစ်သူ ဂွါဒီယိုလာမှာ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်ကာ စပိန်နိုင်ငံရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေးအတွက် အားပေးထောက်ခံသွားမည်ဟု သိရသည်။

    ဘာစီလိုနာအသင်း၏ နည်းပြဟောင်းဖြစ်သူ ဂွာဒီယိုလာမှာ ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ကတာလိုနီယာဒေသ လွတ်လပ်ရေးအတွက် အမာခံ ထောက်ခံသူဖြစ်သည်။ ထို့ပြင် ခွဲထွက်ရေးလိုလားသော Convergencia i Esquerra ပါတီသို့ ၎င်း၏အမည် တင်သွင်းကာ
    လာမည့်စက်တင်ဘာတွင်ပြုလုပ်မည့် ကာတာလိုနီယာဒေသ ပါလီမန် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

    ဂွါဒီယိုလာကမူ အဆိုပါ ပါတီသို့ ၎င်း၏ အားပေးမှုက ကာတာလိုနီယာဒေသ စပိန်မှ ခွဲထွက်မှုအတွက် မျှော်လင့်ချက်ကို တိုးမြှင့်လာမည်ဟု ယုံကြည်နေသည်။ ဂွါဒီယိုလာမှာ ပါလီမန်အမတ် ဖြစ်လာရန် ဆန္ဒမရှိသော်လည်း လာမည့်ရွေးကောက်ပွဲများတွင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရန် ပံ့ပိုးခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

    အသက် ၄၄ နှစ်အရွယ်ရှိ ဂွါဒီယိုလာ ပါလီမန်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုခြင်းကို ယမန်နေ့က Twitter စာမျက်နှာတွင် ကြေညာခဲ့ပြီး ညပိုင်းတွင် ဘာစီလိုနာ၌ အမတ်လောင်း အမည်စာရင်းကို တရာဝင်ကြေညာခဲ့သည်။

    ဂွါဒီယိုလာမှာ ကာတာလိုနီယာဒေသ အမျိုးသားနေ့တွင် ပြီးခဲ့သည့် ၃ နှစ်ဆက်တိုက် ပါဝင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နိုဝင်ဘာ ခွဲထွက်ရေးအတွက် ပြည်သူဆန္ဒခံယူပွဲတွင်လည်း ပြန်လာ၍ မဲပေးခဲ့သည်။

    Ref : Goal

  • ခရစ်ယာန်ဘာသာရေးခုံရုံးဒဏ် ခံစားခဲ့ရသည့် ဂျူးမျိုးဆက်များကို စပိန်က နိုင်ငံသားပေးမည်

    ခရစ်ယာန်ဘာသာရေးခုံရုံးဒဏ် ခံစားခဲ့ရသည့် ဂျူးမျိုးဆက်များကို စပိန်က နိုင်ငံသားပေးမည်

    ဇွန် ၁၃၊ ၂၀၁၅
    M-Media

    jew

    – ၁၄၉၂ ခုနှစ်မှ စတင်ခဲ့သည့် စပိန်နိုင်ငံ၏ ခရစ်ယာန်ဘာသာရေး ခုံရုံးအောက်တွင် မောင်းထုတ်ခံခဲ့ရသူ၊ လက်ဝါးကပ်တိုင်တွင် အရှင်လတ်လတ် မီးရှို့ခံရသူ သို့မဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခံရသူ ဂျူးများ၏ မျိုးဆက်များကို နိုင်ငံသားပေးမည့် ဥပဒေသစ်တစ်ခုကို စပိန်နိုင်ငံက ပြဌာန်းခဲ့သည်ဟု သိရသည်။

    ကြာသာပတေးနေ့က အတည်ပြုခဲ့သည့် အဆိုပါဥပဒေမှာ ယခုနှစ်အောက်တိုဘာလတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး Sephardic Jews ဟုခေါ်သည့် စပိန်နိုင်ငံ၏ ခရစ်ယာန်ဘာသာရေးခုံရုံးဒဏ်ကို ခံစားခဲ့ရသော ဂျူးများ၏ ကမ္ဘာတစ်ဝှမ်းတွင် ရှိနေသည့် မျိုးဆက်များကို နိုင်ငံသားပေးမည် ဖြစ်သည်။

    အဆိုပါ ဘာသာရေးခုံရုံးကို အာရဂွန်ပြည့်ရှင် ခရစ်ယာန် ကက်သလစ်ဘုရင် ဖာဒီနန် ၂ နှင့် ၎င်း၏မိဘုရား ကက်စ်တိုင်းလ်ပြည့်ရှင် ဘုရင်မ အစ္စဘယ်လာတို့က ၁၄၇၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

    တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ကက်သလစ်အယူဝါဒကို ထိန်းသိမ်းရန် ဖြစ်သော်လည်း ၁၄၉၂ ခုနှစ်မှစ၍ စပိန်နိုင်ငံအတွင်းရှိ ဂျူးနှင့် အစ္စလာမ်ဘာသာဝင်များကို ခရစ်ယာန်သို့ ဘာသာပြောင်းရန် သို့မဟုတ် တိုင်းပြည်မှထွက်သွားရန် အဆိုပါခုံရုံးက အမိန့်ထုတ်ခဲ့ပြီး လျှို့ဝှက်စွာ ကိုးကွယ်ကြသည့် ဂျူးများနှင့် မူးရ်လူမျိုး အစ္စလာမ်ဘာသာဝင် ထောင်ပေါင်းများစွာကို
    မိစ္ဆာဒိဌိများအဖြစ် သတ်မှတ်ကာ ညှင်းဆဲခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းများကို အဆိုပါခုံရုံး၏ အမိန့်ဖြင့် စပိန်ဘုရင့်အစိုးရက ဆောင်ရွက်ခဲ့ကြသည်။

    ထိုသမိုင်းအမည်းစက်ကို ဖျောက်ဖျက်ရန်အတွက် စပိန်အစိုးရမှာ ဘာသာရေးခုံရုံးဒဏ်ကို ခံစားခဲ့ရသည့် ဂျူးများ၏ မျိုးဆက်များအား နိုင်ငံသားပေးရေး ဥပဒေတစ်ခုကို ၁၉၂၄ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ အဆိုပါဥပဒေတွင် ယခင်က စပိန်နိုင်ငံတွင် နေထိုင်သူများနှင့် စပိန်နိုင်ငံသားဘ၀ကို စွန့်လွှတ်ခဲ့သူများသာ အကျုံးဝင်ခဲ့သည်။ သို့သော်လည်း ယခုပြဌာန်းလိုက်သည့် ဥပဒေသစ်တွင်
    စပိန်၏ ခရစ်ယာန်ဘာသာရေးခုံရုံး ပြန့်နှံ့ရာ ကိုလိုနီနိုင်ငံများဖြစ်သော ပေါ်တူဂီနှင့် အန်ဒိုရာတို့တွင်ပါ အကျုံးဝင်မည်ဖြစ်သည်။

    ထိုဥပဒေကို စပိန်၏ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုက အားပေးထောက်ခံခဲ့ပြီး၊ နိုင်ငံရေးပါတီအားလုံးက သဘောတူခဲ့ကြသည်။ အစိုးရကမူ ယခုဥပဒေသစ်၏ စံနှုန်းများတွင် အကြုံးဝင်မည့်သူများမှာ ၉ သောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    Ref: RT

  • လိင်ပိုင်းဆိုင်ရာပြဿနာကြောင့် စပိန်တွင် ကက်သလစ်ဘုန်းတော်ကြီး ၁၀ ပါးအား တရားစွဲ

    လိင်ပိုင်းဆိုင်ရာပြဿနာကြောင့် စပိန်တွင် ကက်သလစ်ဘုန်းတော်ကြီး ၁၀ ပါးအား တရားစွဲ

    ဇန်န၀ါရီ ၂၈၊ ၂၀၁၅
    M-Media

    spa

    – စပိန်နိုင်ငံတောင်ပိုင်း ဂရာနာဒါမြို့ရှိ ကက်သလစ်ဘုရားကျောင်းတစ်ခုမှ ဘုန်းတော်ကြီး ၁၀ ပါးနှင့် ဘုရားကျောင်းတွင် အလုပ်လုပ်ကိုင်နေသူ ၂ ဦးတို့အား ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့ ၁၂ ဦးမှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ဘုန်းတော်ကြီးများ၏ အိမ်တွင် ယောက်ျားလေး ၄ ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် သံသယရှိနေသူဖြစ်သည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော စွဲချက်တွင် ဖော်ပြထားသည်။ ယခုလက်ရှိတွင် ၎င်းတို့အား အာမခံဖြင့် လွှတ်ပေးထားသည်။

    ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသူတစ်ဦးက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သို့ ပြီးခဲ့သည့် နိုဝင်ဘာလတွင် စာရေးတိုင်ကြားခဲ့ပြီး ပုပ်ရဟန်းမင်းကြီးက ၎င်းအား ဖုန်းဆက်ကာ ဂရာနာဒါရှိ ခရစ်ယာန်ဂိုဏ်းအုပ်ဘုန်းတော်ကြီးအား သွားရောက်တိုင်ကြားရန် အကြံပေးခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးကလည်း မိမိမှာ ဂါရာနာဒါမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖရန်စစ္စကို ဂျာဗီယာ မာတီနက်ဇ်ထံသို့ စာပို့ကာ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးရန် ဖိအားပေးခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ထို့နောက် ဂရာနာဒါရှိ ကက်သလစ်ဘုန်းတော်ကြီး အများအပြားကို ရာထူးမှ ဖယ်ရှားခဲ့ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

    သံသယရှိသူများအနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခံရမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်များစွာကပင် ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ ပြဿနာများမှာ အမြောက်အများပေါ်ထွက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကမူ ထိုကိစ္စအတွက် လုံးဝ သည်းခံမည်မဟုတ်ဟု ကတိပြုခဲ့သည်။

    ဗာတီကန်ကမူ မိမိတို့မှာ ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အရွယ်မရောက်သေးသူများအပေါ်လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် ဘုန်းတော်ကြီး ၈၅၀ ခန့်ကို ရာထူးမှ ဖယ်ရှားခဲ့သည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

    Ref: aljazeera

  • ပါလက်စတိုင်းအား အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် အစိုးရအား စပိန်လွှတ်တော်အမတ်များ တိုက်တွန်း

    ပါလက်စတိုင်းအား အချုပ်အခြာ ပိုင်နိုင်ငံ အဖြစ် အသိအမှတ်ပြုရန် အစိုးရအား စပိန်လွှတ်တော်အမတ်များ တိုက်တွန်း

    နိုဝင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media
    201411182131153734_20
    – ၁၉၆၇ ခုနှစ် စစ်ပွဲအပြီး နိုင်ငံတစ်ခုတည်ထောင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ နယ်နမိတ်သတ်မှတ်ပေးခဲ့သော်လည်း အစ္စရေးက ပိတ်ဆို့ကျူးကျော်ထားသည့် ပါလက်စတိုင်းအား လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုရန် စပိန်အစိုးရကို တိုက်တွန်းသည့် အဆိုပြုချက်တစ်ခုအား စပိန်လွှတ်တော်အမတ်များက သဘောတူညီခဲ့သည်ဟု သိရသည်။

    ထိုအဆိုပြုချက်နှင့် ပတ်သက်၍ ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၁၉ မဲ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၁ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ အတိုက်အခံ ဆိုရှယ်လစ်များကပါ ထောက်ခံသော ထိုအဆိုပြုချက်တွင် ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စပိန်အစိုးရကို တိုက်တွန်းထားသည်။

    ထိုအဆိုပြုချက် ဆွေးနွေးပွဲတွင် စပိန် နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေး မန်နျူယဲလ် ဂါစီယာ-မာဂဲလို တက်ရောက်ခဲ့ပြီး အာဏာရပါတီနှင့် အတိုက်အခံတို့၏ ဆွေးနွေးသဘောတူညီချက်အား အစိုးရက အလေးပေးသွားမည်ဟု ကတိပြုခဲ့ကာ ထိုအဆိုပြုချက်မှာ နှစ်ကာလကြာရှည်စွာ ထိခိုက်ခံစားနေရသည့် ပါလက်စတိုင်းဒေသအတွင်း တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် တိုးတက်မှုတို့ကို ဆောင်ကျဉ်းပေးနိုင်မည်ဟု ဂါစီယာက ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက ဗြိတိန်နှင့် အိုင်ယာလန်တို့မှ လွှတ်တော်အမတ်များကလည်း ထိုကဲ့သို့ ဆုံးဖြတ်မှုများကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအသင်းအဖွဲ့များအားလုံးက ထောက်ခံခဲ့ကြသည်။

    ဆွီဒင်နိုင်ငံကမူ ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကြွင်းမဲ့ အသိအမှတ်ပြုခဲ့ပြီး ဥရောပနိုင်ငံများတွင် ပါလက်စတိုင်းအား ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံလည်းဖြစ်သည်။