News @ M-Media

Tag: Spain

  • ဒုက္ခသည်များ ပိုမိုလက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

    ဒုက္ခသည်များ ပိုမိုလက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

    ဇွန် ၁၈၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်များကို ဥရောပနိုင်ငံများ ခွဲဝေလက်ခံရေး အစီအစဉ်အရ စပိန်နိုင်ငံက ပေးထားသည့် ကတိက၀တ်ကို အကောင်အထည်ဖော်ရေး ယမန်နေ့တွင် မြို့တော်မက်ဒရစ်၌ ပြည်သူ ထောင်နှင့်ချီ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဥရာပတွင် အကြီးမားဆုံး ဒုက္ခသည် ပြဿနာတွင် အီတလီနှင့် ဂရိနိုင်ငံတို့ကဲ့သို့ ရှေ့တန်းနိုင်ငံများ၏ ၀န်ထုပ်ဝန်ပိုးကို ဖြေလျော့ရန်အတွက် ဥရောပတိုက်မှ နိုင်ငံများအနေဖြင့် ဒုက္ခသည် ၁၆၀၀၀၀ ကို ခွဲဝေလက်ခံရန် ၂၀၁၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီး လက်ရှိတွင် ထိုအစီအစဉ်အတွက် နောက်ဆုံးရက်မှာ နီးလာပြီဖြစ်သည်။

    သို့သော်လည်း ဇွန်လအစပိုင်းအထိ ဒုက္ခသည် ၂ သောင်းသာ ဥရောပက ခွဲဝေလက်ခံထားပြီး၊ ၁၇၃၀၀ ကျော် လက်ခံရန် ကတိပြုထားသည့် စပိန်နိုင်ငံက ၁၃၀၀ သာ ခေါ်ဆောင်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားခဲ့သည်။

    အင်္ဂါနေ့တွင် ကျရာက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အကြို ယမန်နေ့ဆန္ဒပြမှုကို ယူကေအစိုက် Amnesty International အဖွဲ့အပါအ၀င် NGO များက ဦးစီးကျင်းပခြင်းဖြစ်ပြီး လူပေါင်း ၈၀၀၀ ခန့် တက်ရောက်သည်ဟုဆိုသည်။

    မက်ဒရစ်မြို့လယ်ကောင်တွင် ချီတက်ဆန္ဒပြသူများမှာ “တရားမ၀င်ဆိုသည့် လူသားဆိုသည် မရှိ” ဆိုသည့် ကျွေးကြော်သံများကို ကျွေးကြော်ကာ “နယ်စပ်တွေကိုဖွင့်ပါ” “တံတားထိုးပါ။ တံတိုင်းမကာပါနဲ့” “ဆင်ခြေတွေတော်ပြီ အဆီးအတားတွေ ထပ်မလိုချင်တော့” စသည့် စာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။

    ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် အသက် ၅၅ နှစ်အရွယ် အလယ်တန်းကျောင်းဆရာ ကားလို့စ် ဒီယက်ဇ်က စပိန်နိုင်ငံမှာ လုပ်သင့်လုပ်ထိုက်သည်ကို မလုပ်ကြောင်း၊ ထို့ကြောင့် ဥရောပနှင့် စပိန်နိုင်ငံတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းရကြောင်း ပြောကြားခဲ့သည်။

    ဒုက္ခသည်ပထမအသုတ် လက်ခံရေး နောက်ဆုံးရက်မှာ လာမည့်လကုန်ပိုင်းတွင် ပြည့်မည်ဖြစ်ပြီး ဒုတိယ အသုတ်လက်ခံရေးကာလမှာ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။

    Ref: Aljazeera

  • ဥရောပတွင် ransomware ဆိုက်ဘာတိုက်ခိုက်မှု မြင့်တက်

    ဥရောပတွင် ransomware ဆိုက်ဘာတိုက်ခိုက်မှု မြင့်တက်

    မေ ၁၃၊ ၂၀၁၇
    M-Media

    – နာမည်ကြီး ကုမ္ပဏီ Telefonica အပါအ၀င် စပိန်နိုင်ငံရှိ ကုမ္ပဏီများမှာ ယမန်နေ့က ransomware ဆော့ဖ်ဝဲဖြင့် ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပြီး နောက်ထပ် အကြီးအကျယ် တိုက်ခိုက်မှုများလည်း ပြုလုပ်လာနိုင်သည်ဟု စပိန် ဆိုက်ဘာလုံခြုံရေးဌာနက သတိပေးထားသည်။

    ransomware တိုက်ခိုက်မှု မှာ ကွန်ပျူတာစနစ်များအား ၀င်ရောက်နှောက်ယှက်ပြီး၊ စက်အတွင်းရှိ ဖိုင်များကို encrypt လုပ်ကာ ပုံမှန်အတိုင်း ပြန်လိုချင်ပါက အင်တာနက်မှတစ်ဆင့် ပြန်ပေးငွေတောင်းခံသည့် ပုံစံမျိုးဖြစ်သည်။

    “အဖွဲ့အစည်းတော်တော်များများကို ransomware တိုက်ခိုက်မယ်ဆိုတာနဲ့ ပတ်သက်လို့ သတိပေးထားပြီး၊ ဒီဟာက Windows စနစ်ကို ထိခိုက်မှာ ဖြစ်ပါတယ်” ဟု စပိန် အမျိုးသားစကားဝှက်စင်တာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားပြီး ကုမ္ပဏီအများအပြားမှာ တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။ သို့သော် မည်သည့်ကုမ္ပဏီများဖြစ်သည်ကို ထုတ်ဖော်မပြောခဲ့ပေ။

    စပိန်တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သော Telefonica က ကုမ္ပဏီ၏ အိုင်တီစနစ်များတွင် ပြဿနာတစ်ခု ဖြစ်ခဲ့သော်လည်း ရုံးတွင်း ကွန်ပျူတာကွန်ယက်ကိုသာ ထိခိုက်ခဲ့ခြင်းဖြစ်ကာ ဖောက်သည်များ၏ ကွန်ပျူများ၊ ဈေးဝယ်သူများကို ၀န်ဆောင်မှုပေးနေသော ကွန်ပျူတာများကို ထိခိုက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    Vodafone၊ Iberdrola နှင့် Gas Natural တို့က ၀န်ထမ်းများကို ကွန်ပျူတာ အသုံးမပြုရန် အမိန့်ထုတ်ထားသည်။

    ransomware တိုက်ခိုက်မှုကို အင်္ဂလန်ရှိ ဆေးရုံများလည်း ခံခဲ့ရပြီး၊ လူနာများအား ပြန်လွှတ်ရခြင်း၊ ရက်ချိန်းပေးထားမှုများကို ပယ်ဖျက်ရခြင်းတို့ ပြုလုပ်ခဲ့ရသည်။ ထို့ပြင် ပေါ်တူဂီ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Portugal Telecom လည်း ထိုတိုက်ခိုက်မှုမျိုး ခံခဲ့ရပြီး မည်သည့်ဝန်ဆောင်မှုကိုမှ ထိခိုက်ခြင်းမရှိဟု ဆိုသည်။

    Ref: Reuters

  • ဒုက္ခသည်များ တိုးမြှင့်လက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

    ဒုက္ခသည်များ တိုးမြှင့်လက်ခံရေး စပိန်ပြည်သူများ ဆန္ဒထုတ်ဖော်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
    M-Media

    – ဆီးရီးယားကဲ့သို့ စစ်မက်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခည်များကို ခေါ်ယူရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်အတွက် အစိုးရကို တိုက်တွန်းသည့်အနေဖြင့် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ယမန်နေ့က လူ ၁ သိန်းကျော် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

    စပိန်နိုင်ငံမှာ ဒုက္ခသည်အရေအတွက် ၁၇၀၀၀ လက်ခံမည်ဟု ကတိပြုထားပြီး လက်ရှိတွင် ၁၁၀၀ သာ ခေါ်ယူထားသည်။

    ပြည်သူများမှာ “ဆင်ခြေပေးတာ တော်လောက်ပြီ။ သူတို့ကို အခုချက်ချခြင်းခေါ်ပါ” ၊ “သေဆုံးတာတွေ အလိုမရှိတော့၊ နယ်စပ်ကိုဖွင့်ပေးပါ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြပြီး ဘာစီလိုနာ မြို့လယ်ကောင်မှ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ ချီတက်ခဲ့ကြသည်။

    ရဲတပ်ဖွဲ့က အဆိုပါချီတက်မှုတွင် လူပေါင်း ၁ သိန်း ၆ သောင်း ပါဝင်သည်ဟု ပြောကြားခဲ့ပြီး စီစဉ်သူများက ၃ သိန်းရှိသည်ဟု ဆိုသည်။

    “(အစိုးရရဲ့) ကတိက၀တ်တွေကို ဖြည့်ဆည်းဖို့ တောင်းဆိုရာမှာ ကာတာလိုနီယာမှာ ဒါဟာ လုံလောက်တဲ့ အများဆန္ဒပါပဲ” ဟု စီစဉ်သူ ရူဘန် ၀ါဂျန်စ်ဘာ့ဂ်က ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလက စပိန်အစိုးရမှာ ၂ နှစ်အတွင်း ဒုက္ခသည်ပေါင်း ၁၇၃၃၇ ဦး ခေါ်ယူမည်ဟု ကတိပြုခဲ့ပြီး၊ အီတလီနှင့် ဂရိတို့ရှိ ဒုက္ခသည်စခန်းများမှ ၁၅၈၈၈ ဦး၊ တူရကီနှင့် လစ်ဗျားတို့ရှိ ဒုက္ခသည်စခန်းများမှာ ၁၄၄၉ ဦး ခေါ်ယူရန် ဖြစ်သည်။

    ကြာသာပတေးနေ့တွင် ဆီးရီးယား ၆၅ ဦးနှင့် အီရတ် ၁ ဦးတို့ ရောက်ရှိလာခဲ့ပြီးနောက် စပိန်က လက်ခံထားသည့် ဒုက္ခသည်အရေအတွက်မှာ ၁၁၀၀ သာ ရှိသေးသည်။

    မိမိ၏မြို့တွင် ဒုက္ခသည်များ ပိုမိုလက်ခံနိုင်ရေး စပိန်အစိုးရအား တောင်းဆိုထားသည့် ဘာစီလိုနာမြို့တော်ဝန် အဒါ ကိုလူလည်း အဆိုပါ ချီတက်မှုတွင် ပါဝင်ခဲ့သည်။

    “ဥရောပမှာ နိုင်ငံခြားသားကြောက်ရောဂါတွေနဲ့ မသေချာမှုတွေ ရှိနေတဲ့အချိန်မှာ ဘာစီလိုနာက မျှော်လင့်ချက်မြို့ တော်ဖြစ်ဖို့ အရေးကြီးပါတယ်” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

    ထို့ပြင် ဒီဇင်ဘာက ဗာတီကန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုက္ခသည်အရေး ညီလာခံတွင် စပိန်နိုင်ငံ၏ ရပ်တည်မှုကိုလည်း သူမက ဝေဖန်ခဲ့သည်။

    Ref: Independent

  • အာဏာရှိသူကိုမှီ၍ ငွေရှာသည့် စပိန်တော်ဝင်မင်းသမီး၏ ခင်ပွန်း ထောင် ၆ နှစ် ကျမည်

    အာဏာရှိသူကိုမှီ၍ ငွေရှာသည့် စပိန်တော်ဝင်မင်းသမီး၏ ခင်ပွန်း ထောင် ၆ နှစ် ကျမည်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇
    M-Media

    – ငွေကြေး မသမာမှု၊ အခွန်ရှောင်မှုတို့ဖြင့် စပိန် တော်ဝင်မင်းသမီး ခရစ္စတီးနား၏ ခင်ပွန်း အင်နာကီ အူရ်ဒန်ဂါရင်ကို တရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အမိန့်ချခဲ့ခြင်းဖြစ်ပြီး ခရစ္စတီးနားကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း ခင်ပွန်းသည်ထံမှ သွယ်ဝိုက်၍ အကျိုးဖြစ်ထွန်းခဲ့သည့်အတွက် ဒဏ်ငွေ ကန်ဒေါ်လာ ၂၈၀၀၀၀ ရိုက်ခဲ့သည်။ အူရ်ဒါန်ဂါရင်မှာလည်း ဒဏ်ငွေ ဒေါ်လာ ၅၄၅၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

    စပိန်ဘုရင် ဖီလစ်ပီ ၆ ၏ ညီမဖြစ်သူ ခရစ္စတီးနား မိသားစုမှာ ၂၀၁၃ ခုနှစ်ကလည်းက ဆွစ်ဇာလန်တွင် နေထိုင်နေခြင်းဖြစ်သည်။

    ခရစ္စတီးနား၏ ရှေ့နေအဖွဲ့က မင်းသမီးမှာ ၎င်း အပြစ်မရှိကြောင်း ပြသနိုင်သည့်အတွက် ကျေနပ်ပြီး၊ ခင်ပွန်းဖြစ်သူမှာလည်း အပြစ်မရှိဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။

    တော်ဝင်အသိုင်းအ၀ိုင်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ တရားရုံး၏ ဆုံးဖြတ်ချက်ကို တော်ဝင်မိသားစုက အလေးထားသွားမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဘုရင် ဖီလစ်ပီနှင့် ဘုရင်မ လက်တီဇီယာတို့ထံမှ မည်သည့်မှတ်ချက်မှ ထွက်မလာသေးပေ။

    အိုလံပစ်အားကစားသမားဟောင်းတစ်ဦးဖြစ်သူ အူရ်ဒန်ဂါရင်မှာ တော်ဝင်မိသားစုနှင့် ဆက်နွယ်မှုကို အသုံးချ၍ ၎င်း၏ အကျိုးအမြတ်မယူသော Noos Foundation မှတဆင့် အခမ်းအနားများ ကျင်းပခွင့်ရရန် စာချုပ်များကို ဈေးမတန်တဆ တင်ကာ ရယူခဲ့ပြီး၊ ဒေါ်လာသန်းပေါင်းများစွာကို နိုင်ငံခြားဘဏ်များတွင် လွှဲပြောင်း အပ်နှံခဲ့သည်။

    ထို့ပြင် ဖောင်ဒေးရှင်းမှ အချို့သောငွေများကို ပုဂ္ဂလိကကုမ္ပဏီများသို့ လွှဲပြောင်းကာ၊ မိသားစု အပျော်ခရီးထွက်ခြင်း၊ ပရိဘောဂပစ္စည်းများ ၀ယ်ယူခြင်းတို့ ပြုလုပ်ခဲ့သည်ဟု တရာလိုရှေ့နေများက ပြောကြားခဲ့သည်။

    ယခုပြစ်ဒဏ်အတွက် အူရ်ဒန်ဂါရင်မှာ တရားရုံးချုပ်တွင် အယူခံဝင်နိုင်မည်ဖြစ်သည်။

    Ref: Aljazeera

  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် ဥရောပအမျိုးသမီးများ ဆန္ဒပြ

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် ဥရောပအမျိုးသမီးများ ဆန္ဒပြ

    နိုဝင်ဘာ ၉၊ ၂၀၁၆
    M-Media

    europe

    – လူ့အခွင့်အရေးစံပြဖြစ်သော ဥရောပတွင် လိင်အပေါ်အခြေခံ၍ လုပ်ခလစာ ခွဲခြားခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းတို့ ဖြစ်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် စပိန်နှင့် ပြင်သစ်တို့မှ အမျိုးသမီးများမှာ တနင်္လာနေ့က လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    တက်ကြွလှုပ်ရှားသူများက ကျား၊ မ လုပ်ခလစာ ခြားနားနေမှုကို ဆန့်ကျင်သည့်အနေဖြင့် တနင်္လာနေ့ညနေတွင် အလုပ်နား၍ ဆန္ဒပြကြရန် တောင်းဆိုခဲ့ပြီးနောက် ပြင်သစ်အမျိုးသမီးများမှာ ပဲရစ်ရှိ Place de la Republique ရင်ပြင်တွင် စုရုံး ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ဥရောပသမဂ္ဂ၏ စာရင်းဇယားဆိုင်ရာအဖွဲ့ Eurostat က ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ပြင်သစ်တွင် အလုပ်ချင်းတူ၊ အချိန်ချင်းတူသည့်အလုပ်မျိုး၌ပင် အမျိုးသမီးများ၏လုပ်အားခသည် အမျိုးသားများထက် ၁၅.၁ ရာခိုင်နှုန်း ပိုနည်းကြောင်း တွေ့ရှိရသည်။

    ယခုကဲ့သို့ လုပ်ခလစာတွင် ခွဲခြားဆက်ဆံမှုသည် အမျိုးသမီးများက စေတနာ့ဝန်ထမ်းသာသာ အခမဲ့ လုပ်ကိုင်ပေးနေရသည်နှင့် တူကြောင်း ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် Les Glorieuses (The Glorious Women) အဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    “အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ သမဂ္ဂတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ကျွန်မတို့ရဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့၊ လုပ်ခလစာ မညီမျှမှုကို အဓိကနိုင်ငံရေးပြဿနာ ဖြစ်လာရေး အခမ်းအနားတွေ၊ ဆန္ဒပြမှုတွေ လုပ်ကြဖို့ တိုက်တွန်းပါတယ်။ ဒီပြဿနာကို တုန့်ပြန်ခြင်းအားဖြင့် လုပ်ခလစာမတူညီမှုဟာ အမျိုးသမီးတွေရဲ့ ပြဿနာသာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ ပြသတာမျိုး ဖြစ်ပါတယ်” ဟု ကြေငြာချက်က ဆိုသည်။

    အကြမ်းဖက်မှုအတွက် ဆန္ဒပြ

    စပိန်နိုင်ငံတွင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဆန့်ကျင်သည့်အနေဖြင့် တနင်္လာနေ့က Museo del Prado ပြတိုက်ရှေ့တွင် အမျိုးသမီး ရာပေါင်းများစွာက ဆန္ဒပြခဲ့ကြသည်။

    နိုင်ငံအတွင်း ထိုကဲ့သို့ အကြမ်းဖက်မှုများ စိုးရိမ်ဖွယ် မြင့်တက်လာမှုကို ရှုတ်ချသည့်အနေဖြင့် ‘နိုဝင်ဘာ ၇’ (7-N) ဆန္ဒပြမှုကို ပြီးခဲ့သည့်နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

    ဆန္ဒပြမှု ပြုလုပ်ပြီးနောက် အမျိုးသမီးများမှာ လမ်းမများတစ်လျှောက် ချီတက်ခဲ့ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှု မြင့်တက်လာခြင်းအပေါ် ဆန့်ကျင်သည့် ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    လူ့အခွင့်အရေးအဖွဲ့များ၏ အဆိုအရ ဥရောပတွင် အိမ်တွင်းအကြမ်းဖက်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ဟု သိရသည်။

    Ref : Presstv