News @ M-Media

Tag: Spain

  • စပိန်နှင့်ကပ်နေသည့် ဂျီဘရောလ်တာသို့ ဗြိတိန်က ရေငုပ်သင်္ဘောစေလွှတ်

    စပိန်နှင့်ကပ်နေသည့် ဂျီဘရောလ်တာသို့ ဗြိတိန်က ရေငုပ်သင်္ဘောစေလွှတ်

    ဇွန် ၂၈၊ ၂၀၁၆
    M-Media

    gibralta

    – ဥရောပသမဂ္ဂကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဗြိတိန်ဟာ စပိန်နဲ့ ကာလကြာရှည်စွာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဂျီဘရောလ်တာကျွန်းစုကို နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်း စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

    HMS Ambush လို့ အမည်ရတဲ့ ရေငုပ်သင်္ဘောဖြစ်ပြီး စနေနေ့က ဂျီဘရောလ်တာကို ရောက်ရှိခဲ့တာပါ။ ဒါဟာ စပိန်နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေးမန်နျူယဲလ် ဂါစီယာ-မာဂါလိုက ဂျီဘရောလ်တာဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာပိုင်ဖြစ်တယ်လို့ ပြောကြားပြီး နောက်တစ်ရက်မှာ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

    ဗြိတိန် ရေတပ်ကတော့ ဒီလိုရေငုပ်သင်္ဘော စေလွှတ်လိုက်တာဟာ ရေရှည်စီမံကိန်းအတွက်ဖြစ်ပြီး၊ လေ့လာဆန်းစစ်သူတွေက ဒီလုပ်ရပ်ဟာ ယူကေအနေနဲ့ ဂျီဘရောလ်တာအပေါ်မှာ ရှိနေတဲ့ အခြေအနေကို ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ယူကေနိုင်ငံခြားရေးဝန်ကြီး ဖိးလစ်ဟမ်မွန်ကတော့ အီးယူကနေထွက်ခွာပြီးနောက်ပိုင်း မိမိတို့ပိုင်ဆိုင်တဲ့ ဂျီဘရောလ်တာကို ကာကွယ်ဖို့ဆိုတာ သိပ်တော့ လွယ်မှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့က သတိပေးခဲ့ပါတယ်။

    ဂျီဘရောလ်တာကျွန်းစုကို ဗြိတိန်က ၁၇၁၃ ခုနှစ်မှာ Utrecht စာချုပ်အရ ရရှိခဲ့တာဖြစ်ပေမယ့် စပိန်ကတော့ ဒီနယ်မြေကို ပြန်ရဖို့အတွက် ပြီးခဲ့သည့် ဆယ်စုနှစ်တွေအတွင်းမှာ တစ်စိုက်မတ်မတ် ကြိုးစားလာခဲ့ပါတယ်။ ယူကေရဲ့ အီယူးကခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲမှာ ဂျီဘရောလ်တာလည်း ပါဝင်ခဲ့ပြီး မထွက်ရေးဖက်က မဲပေးခဲ့ပါတယ်။

    Ref: Presstv

  • စပိန်တွင် လွတ်လပ်ရေးတောင်းသည့် ဒေသတစ်ခု ထပ်တိုး

    စပိန်တွင် လွတ်လပ်ရေးတောင်းသည့် ဒေသတစ်ခု ထပ်တိုး

    မတ် ၂၉၊ ၂၀၁၆
    M-Media

    inde

    – စပိန်နိုင်ငံက Basque တိုင်းရင်းသားမျိုးနွယ်စု လူ ၁၁၀၀၀ ခန့်ဟာ လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ သူတို့ရဲ့ ပြည်နယ်ကို စပိန်နိုင်ငံကနေ ခွဲထွက်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြမှုတစ်ခု နိုင်ငံမြောက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ပမ်ပလိုနာမြို့မှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြတဲ့ အဲဒီ ချီတက်ဆန္ဒပြမှုကို ဒေသလွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့ Basque Independentistak က စီစဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး Basque ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အလံတွေ၊ ‘လွတ်လပ်ရေး’ လို့ ရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။

    Basque ပြည်နယ်မှာ ကိုယ်ပိုင်ဘာသာစကားနဲ့ ယဉ်ကျေးမှုရှိတဲ့အပြင် နိုင်ငံရေးမူဝါဒပိုင်းနဲ့ အခွန်ကောက်ခံမှုပိုင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ် ရှိနေပါတယ်။

    “ကျွန်တော်တို့ တောင်းဆိုတာက တစ်နိုင်ငံတည်းစနစ်ပါ။ ဒါဟာ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဒီမဟာဗျူဟာမှာ အခုချီတက်နေကြတဲ့ လူထုကို လိုအပ်ပါတယ်” လို့ လှုပ်ရှားမှုရဲ့ခေါင်းဆောင်များအနက် တစ်ဦးဖြစ်သူ Txutxi Ariznabarreta က ပြောကြားခဲ့ပါတယ်။

    စပိန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Basque ဒေသ လွတ်လပ်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြုလုပ်ပေးဖို့ ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ စပိန်ရဲ့ အခြားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ ကာတာလိုနီယာကလည်း ဒေသလွတ်လပ်ရေးအတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တောင်းဆိုမှုတွေကို တိုးမြှင့် ပြုလုပ်လာခဲ့ပါတယ်။

    Ref: Presstv

  • အခွန်လိမ်လည်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် စပိန်တော်ဝင်မင်းသမီး တရားရင်ဆိုင်နေရ

    အခွန်လိမ်လည်မှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် စပိန်တော်ဝင်မင်းသမီး တရားရင်ဆိုင်နေရ

    ဇန်န၀ါရီ ၁၂၊ ၂၀၁၆
    M-Media

    spain

    – စပိန်နိုင်ငံ၏ တော်ဝင်မင်းသမီး ခရစ္စတီးနားအား အခွန်ရှောင်မှုနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်သည်ဟူသော စွဲချက်ဖြင့် ယမန်နေ့က စတင်ကြားနာစစ်ဆေးခဲ့သည်ဟု သိရသည်။

    ခရစ်တီးနားမှာ အခွန်ငွေလိမ်လည်မှုဖြင့် တရားသူကြီး ၃ ဦးပါဝင်သော ခုံအဖွဲ့ရှေ့မှောက်တွင် ကြားနာစစ်ဆေးခံခဲ့ရခြင်းဖြစ်ပြီး စပိန်တော်ဝင်အသိုင်းအ၀ိုင်းတွင် ပထမဆုံး တရားစွဲဆိုခံရသူ ဖြစ်လာခဲ့သည်။

    သူမခင်ပွန်း၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ မသမာမှုများရှိနေသောကြောင့် စပိန်တရားရေးဌာနက ကာလကြာရှည် စုံစမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ခရစ္စတီးနား၊ သူမ၏ ခင်ပွန်းနှင့် အခြား ၁၆ ဦးကို ပြည်သူ့ဘဏ္ဍာအလွဲသုံးစားလုပ်မှု၊ အခွန်ငွေလိမ်လည်မှုတို့အတွက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အားလုံးကမူ စွဲချက်များကို ငြင်းဆိုခဲ့သည်။

    ထိုကဲ့သို့ တရားစွဲဆိုခံရသောကြောင့် ဘုရင်ဖီးလစ် ၆ ၏ ညီမဖြစ်သူ အသက် ၅၀ အရွယ် ခရစ္စတီးနားမှာ သူမ၏ မြို့ စားဘွဲ့ကိုလည်း စွန့်လွှတ်ခဲ့ရသည်။

    ခရစ္စတီးနားမှာ ခင်ပွန်းနှင့်အတူ ပူးတွဲပိုင်ဆိုင်သည့် အိမ်ခြံမြေကုမ္ပဏီမှ အကုန်ကျခံသည့် တစ်ကိုယ်ရေ အသုံးစားရိတ်များနှင့် ပတ်သက်၍ အခွန်ငွေကို ကြေငြာရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၈ နှစ်အထိ ကျခံရနိုင်သည်။

    စီးပွားရေးသမားဖြစ်သူ သူမ၏ ခင်ပွန်း အီနာရီ အာရ်ဒန်ဂါရင်မှာ ၎င်းကိုင်တွယ်နေသော အကျိုးအမြတ်မယူသည့် အဖွဲ့မှတစ်ဆင့် ပါးလ်မားမြို့စားရာထူးကို အသုံးပြု၍ ပြည်သူ့ဘဏ္ဍာ ယူရိုသန်းပေါင်းများစွာကို အလွဲသုံးစား လုပ်ထားသည်ဟု စွပ်စွဲခံထားရသည်။ အစိုးရရှေ့နေများက အာရ်ဒါန်ဂါရင်ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ရန်တင်ပြခဲ့သည်။

    Ref: Al-jazeera

  • ဆီးရီးယားစစ်ပွဲတွင် စပိန်နှင့် ယူကေတို့၏ ပါဝင်ရန်စီစဉ်မှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဆီးရီးယားစစ်ပွဲတွင် စပိန်နှင့် ယူကေတို့၏ ပါဝင်ရန်စီစဉ်မှုကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    uk

    – ဆီးရီးယားရှိ IS အဖွဲ့အား လေကြောင်းမှတိုက်ခိုက်မှုတွင် ၎င်းတို့၏ နိုင်ငံများမှ ပါဝင်လာနိုင်ချေရှိသော အလားအလာကို ဆန့်ကျင်သည့်အနေဖြင့် ယူကေနှင့် စပိန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    လန်ဒန်မြို့လယ်ကောင်တွင် ပြုလုပ်သည့် ဆန္ဒပြမှုတွင် ဗြိတိန်ပြည်သူ အနည်းဆုံး ၅၀၀၀ ခန့် ပါဝင်ခဲ့ပြီး “ဆီးရီးယားကို ဗုံးမကြဲပါနဲ့” “ကင်မရွန်းကိုဖြုတ်ချ။ ဗုံးမကြဲနဲ့” “မီးလောင်ရာလေမပင့်နဲ့” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

    “ဆီးရီးယားကိစ္စမှာ ပါဝင်ဖို့အတွက် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ မရေရာမသေချာတဲ့ အဆိုပြုချက်တွေဟာ IS ကို အားနည်းသွားစေမှာ မဟုတ်ဘဲ ပြည်တွင်းစစ်မီးတောက်သာ ပိုပြီး တောက်လောင်သွားလိမ့်မယ်။ ဆီးရီးယား ပြည်သူတွေရဲ့ စိတ်ဆင်းရဲမှုတွေ ပိုပြီး ဆိုးသွားလိမ့်မယ်။ ပြီးတော့ အကြမ်းဖက်မှုအန္တရာယ်လည်း တိုးလာပါလိမ့်မယ်” ဟု Stop the War Coalition စစ်ဆန့်ကျင်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဗြိတိန်မှာ အီရတ်ရှိ IS ပစ်မှတ်များကို ဗုံးကြဲနေပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မိမိတို့မှာ ဆီးရီးယားရှိ IS ခြေကုပ်စခန်းများကို ပြင်သစ်နှင့် အမေရိကန်တို့မှ ဗုံးကြဲမှုတွင် ပါဝင်သွားရန် ရှိနေသည်ဟု ကြာသာပတေးနေ့က ပြောကြားခဲ့သည်။

    ထိုကိစ္စအတွက် ပါလီမန်တွင် မဲခွဲမှုကို လာမည့်သီတင်းပတ်အစောပိုင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး စောစောပိုင်းက တွန့်ဆုတ်နေသည့် နိုင်ငံရေးသမားများမှာလည်း ပဲရစ်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့၏ စိတ်ကို ပြောင်းလဲပစ်လိုက်ပြီဟု ယူဆမှုများ ရှိနေသည်။

    madrid

    မက်ဒရစ်တွင်လည်း ဆန္ဒပြ

    ဆီးရီးယားပဋိပက္ခတွင် စပိန်၏ ပါဝင်မှုကို ဆန့်ကျင်ရန်အတွက် မက်ဒရစ်မြို့၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင်လည်း ပြည်သူ ၅၀၀၀ ခန့် ပါဝင်ခဲ့ကြပြီး Reina Sofia ပြတိုက်အရှေ့တွင် ပြည်သူများက “စစ်ပွဲအလိုမရှိ” ဟု ကျွေးကြော်ခဲ့ကြသည်။

    ဥရောပအစိုးရများက လက်နက်ဖြင့် ကြားဝင်ဆောင်ရွက်မှု အစီအစဉ်အတွက် စဉ်းစားရန် အနုပညာရှင်များက ဦးဆောင်တောင်းဆိုသည့် not in our name မေတ္တာရပ်ခံလွှာမှာ ယနေ့အချိန်အထိ အွန်လိုင်းတွင် လက်မှတ်ပေါင်း ၂၄၀၀၀ ခန့် ရရှိထားပြီး မက်ဒရစ်ရှိ ဆန္ဒပြသူများကလည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဒီဇင်ဘာတွင် ရွေးကောက်ပွဲအား ရင်ဆိုင်ရမည့် စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းကလည်း မိမိမှာ ဆုံးဖြတ်ချက်ကို အလျင်စလို ချမှတ်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ဆုံးဖြတ်ချက်ကို ရှုထောင့်ပေါင်းစုံကကြည့်၊ အကြေအလည်သုံးသပ်ပြီးမှ ချမှတ်သွားမှာပါ“ ဟု ရာဂျွိုင်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • စပိန်ရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေး အကောင်အထည်ပေါ်လာတော့မည်

    စပိန်ရှိ ကာတာလိုနီယာဒေသ ခွဲထွက်ရေး အကောင်အထည်ပေါ်လာတော့မည်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    cata

    – စပိန်နိုင်ငံ ကတာလိုနီယာဒေသ လွှတ်တော်က ၂၀၁၇ ခုနှစ်တွင် စပိန်နိုင်ငံမှ ခွဲထွက်၍ သီးခြား လွတ်လပ်သော သမ္မတနိုင်ငံ ထူထောင်ရေး မူဝါဒလမ်းစဉ်ကို ယမန်နေ့တွင် မဲခွဲအတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ မူဝါဒလမ်းစဉ် အဆိုပြုချက်ကို Together for Yes အဖွဲ့နှင့် လက်ဝဲစွန်းရောက် CUP ပါတီတို့မှ အမတ်များက ဒေသလွှတ်တော်အတွင်းသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အုပ်စုမှာ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ဒေသတွင်း ရွေးကောက်ပွဲတွင် မဲအများစု ရရှိခဲ့သည်။

    ထိုဆုံးဖြတ်ချက်အား ကာတာလိုနီယာဒေသ လွှတ်တော်တွင် ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများကလည်း စပိန်နှင့် ကာ့တ်လန်အလံနှစ်ခုကို ယှဉ်တွဲဝှေ့ယမ်းခဲ့ကြသည်။ စပိန်အစိုးရကမူ ထိုမူဝါဒလမ်းစဉ်ကို ချက်ခြင်းပင် တုန့်ပြန်ခဲ့ပြီး ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည် မိန့်ခွန်းတွင် ၀န်ကြီးချုပ် မာရီယာနို ရာဂျွိုင်းက မိမိတို့အစိုးရအနေဖြင့် ထိုဆုံးဖြတ်ချက်အတွက် အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ခုံရုံးမှာ ယခင်က ကာတာလိုနီယာဒေသ ခွဲထွက်ရေးကို ကန့်ကွက်ခဲ့ဖူးသည်။ ၀န်ကြီးချုပ်ကမူ မိမိမှာ အဓိက အတိုက်အခံ ဆိုရှယ်လစ်ပါတီ၏ ခေါင်းဆောင် ပက်ဒရို ဆန်းချက်ဇ်နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ခွဲထွက်ရေးသမားများကို ရင်ဆိုင်ရန် ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CBS News