News @ M-Media

Tag: Syria

  • ဆီးရီးယားကို ဆက်တိုက်လျှင် အင်အားဖြင့် တုန့်ပြန်မည်ဟု အမေရိကန်ကို အီရန်နှင့် ရုရှား သတိပေး

    ဆီးရီးယားကို ဆက်တိုက်လျှင် အင်အားဖြင့် တုန့်ပြန်မည်ဟု အမေရိကန်ကို အီရန်နှင့် ရုရှား သတိပေး

    ဧပြီ ၉၊ ၂၀၁၇
    M-Media

    ရုရှား ရေတပ်သင်္ဘောတစ်စီး

    – ဆီးရီးယားကို အမေရိကန်က ဆက်လက်တိုက်ခိုက်နေလျှင် မိမိတို့က စစ်အင်အားဖြင့် တုန့်ပြန်သွားမည်ဟု​ ရုရှားနှင့် အီရန်တို့က ယနေ့တွင် ပြောကြားလိုက်သည်။

    “အမေရိကန်က ဆီးရီးယားမှာ ကျူးကျော်မှုလုပ်တာဟာ စည်းဖောက်လိုက်တာပါ။ အခုအချိန်ကစပြီး စည်းထပ်ဖောက်သူ ဘယ်သူ့ကိုမဆို၊ ကျူးကျော်သူ ဘယ်သူ့ကိုမဆို ကျွန်တော်တို့အနေနဲ့ စစ်အင်အားနဲ့ တုန့်ပြန်သွားမှာပါ။ ကျွန်တော်တို့ ကောင်းကောင်း တုန့်ပြန်နိုင်တယ်ဆိုတာ အမေရိကန်ကလည်း သိပါတယ်” ဟု ရုရှားနှင့် အီရန်တို့၏ စစ်ဌာနချုပ်မှ ပူးတွဲထုတ်ပြန်သော ကြောငြာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် အင်္ဂါနေ့က အစ်ဒလစ်ပြည်နယ်၌ ဆီးရီးယားအစိုးရတပ်က ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုတွင် ဓာတုလက်နက် အသုံးပြုသည်ဟုဆိုကာ အမေရိကန်က သောကြောနေ့ မနက်အစောပိုင်းတွင် ဆီးရီးယား လေတပ်စခန်းတစ်ခုကို ခရုဇ်ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ်သည့် ရုရှားက ထိုတိုက်ခိုက်မှုမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်မှုဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရန်ကလည်း ထိုလုပ်ရပ်ကို ကန့်ကွက်ခဲ့သည်။

    ရုရှားနှင့် အီရန်တို့၏ ကြေငြာချက်တွင် အမေရိကန်၏ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုက ဆီးရီးယားအား လွတ်မြောက်ရေး မိမိတို့၏ ကူညီမှုကို အဟန့်အတား ဖြစ်စေမည်မဟုတ်ဘဲ၊ ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အမေရိကန်စစ်တပ် တည်ရှိနေမှုမှာ တရားမ၀င် ကျူးကျော်သိမ်းပိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးကမူ ဆီးရီးယားကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်တို့အပေါ် ပိတ်ဆို့မှုများပြုလုပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေသည်ဟု CNN နှင့် ယနေ့အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    Ref: Independent, RT

  • ဆီးရီးယားကို ထပ်တိုက်မည်ဟု အမေရိကန်ခြိမ်းခြောက်

    ဆီးရီးယားကို ထပ်တိုက်မည်ဟု အမေရိကန်ခြိမ်းခြောက်

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေး

    – သူပုန်များထိန်းချုပ်ရာဒေသတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို လက်စားချေသည်ဟုဆိုကာ ဆီးရီးယား အစိုးရ လေတပ်စခန်းကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ထပ်မံ၍ တိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု အမေရိကန်က ယမန်နေ့တွင် ခြိမ်းခြောက်လိုက်သည်။

    ယမန်နေ့မနက် အစောပိုင်းက မြေထဲပင်လယ်ရှိ စစ်သင်္ဘောနှစ်စင်းမှ ဒုံးကျည်ပေါင်း ၅၉ စင်းဖြင့်ဟုမ်းစ်ပြည်နယ် ရှေရတ် လေတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းနှင့် ထောက်ပံ့ရေး အဆောက်အဦးအားလုံး ပျက်ဆီးသွားခဲ့သည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးက မိမိတို့မှာ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    “အမေရိကန်ဟာ မနေ့ညက သိပ်ပြီး ဂရုတစ်စိုက်နဲ့ ခြေလှမ်းတစ်ခု လှမ်းခဲ့တာပါ။ နောက်ထပ် ဒါမျိုးလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒါပေမယ့် လိုအပ်မှာ မဟုတ်တော့ဘူးလို့ ကျွန်မတို့ မျှော်လင့်ပါတယ်”

    အစည်းအဝေးတွင် ရုရှားက အဆိုပါတိုက်ခိုက်မှုမှာ “နိုင်ငံတကာဥပဒေကို ရှက်ဖွယ် ချိုးဖောက်မှုဖြစ်ပြီး ဆီးရီးယားနိုင်ကို ကျူးကျော်မှုလုပ်ရပ်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

    အင်္ဂါနေ့က သူပုန်များထိန်းချုပ်ထားရာ အစ်ဒလစ်ပြည် ခန် ရှိခ်ခွန်မြို့ကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခုကို ဆီးရီးယားအစိုးရတပ်က ပြုလုပ်ခဲ့ပြီး ကလေးငယ် ၂၉ ဦး အပါအ၀င် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားကို အမေရိကန်က ဒုံးကျည်များဖြင့် ပထမဆုံး တိုက်ခိုက်မှု ပြုလုပ်

    ဆီးရီးယားကို အမေရိကန်က ဒုံးကျည်များဖြင့် ပထမဆုံး တိုက်ခိုက်မှု ပြုလုပ်

    ဧပြီ ၇၊ ၂၀၁၇
    M-Media

    အမေရိကန်စစ်သင်္ဘောမှ ဒုံကျည်ပစ်လွှတ်နေသည့် မြင်ကွင်း

    – ဆီးရီးယားအစိုးရက အစ်ဒလစ်ဘ်ပြည်နယ်တွင် ဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်မှုကို လက်စားချေသည်ဟုဆိုကာ အမေရိကန်က ယနေ့တွင် ခရုဇ်ဒုံးကျည်များဖြင့် ဆီးရီးယား စစ်ဖက်ဆိုင်ရာ လေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ပင်တဂွန် စစ်ဌာနကချုပ်က ၎င်းတို့မှာ တွမ်ဟော့က် ဒုံးကျည် ၅၉ လုံးဖြင့် သောကြာနေ့မနက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟုမ်းစ်မြို့ရှိ ဆီးရီးယားအစိုးရက ထိန်းချုပ်ထားသော ရှေရသ်လေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အင်္ဂါနေ့က ကလေးငယ်များအပါအ၀င် ဆီးရီးယားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ပြီး ဓာတုလက်နက်ကို အသုံးပြုခဲ့သည်ဟု သတင်းထွက်ခဲ့သည့် ဆီးရီးယားအစိုးရတပ်၏ တိုက်ခိုက်မှုမှာ အဆိုပါ လေယာဉ်ကွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့သည်။

    ဆီးရီးယားရုပ်သံကမူ စစ်ဖက်ဆိုင်ရာနေရာများအား အမေရိကန်က ဒုံးကျည်ဖြင့်တိုက်ခိုက်မှုများကို ထုတ်လွှင့်ပြသခဲ့ပြီး ‘ကျူးကျော်ရန်စသည့်လုပ်ရပ်’ ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    အဆိုပါတိုက်ခိုက်မှုကို မြေထဲပင်လယ်ရှိ စစ်သင်္ဘောနှစ်စင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပြေးလမ်း၊ လေယာဉ်ပျံထားရာရုံများ၊ ထိန်းချုပ်မျှော်စင်နှင့် လက်နက်တိုက်များကို ပစ်မှတ်ထားခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ပြောကြားခဲ့ပြီး၊ လေယာဉ်ကွင်း၊ ထောက်ပံ့ရေး အဆောက်အဦးများမှာ ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားခဲ့သည်ဟု ဆိုသည်။

    ထိုတိုက်ခိုက်မှုမှာ ၆ နှစ်အတွင်း သမ္မတ ဘာရှာ အလ်-အာဆတ်၏ ဆီးရီးယားအစိုးရကို အမေရိကန်က ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုလည်းဖြစ်သည်။

    Ref: Aljazeera

  • အသက်ရှင်သော်လည်း ဘ၀မရှိတော့သည့် ဆီးရီယားပြည်သူများ

    အသက်ရှင်သော်လည်း ဘ၀မရှိတော့သည့် ဆီးရီယားပြည်သူများ

    ဧပြီ ၆၊ ၂၀၁၇
    M-Media

    ၉ လအရွယ် အမြွှာသားငယ်လေးနှစ်ဦး၏ အလောင်းကို ပွေ့ဖက်ကာ နောက်ဆုံးအနေဖြင့် နှုတ်ဆက်နေသည့် ယူဆက်ဖ်

    – နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် အဘ်ဒူလ် ဟာမစ် ယူဆက်ဖ်တစ်ယောက် လေကြောင်းတိုက်ခိုက်မှုကြောင့် တုန်ခါမှုကို ခံစားခဲ့ရကာ နိုးလာခဲ့သည်။

    ထိုအချိန်တွင် အသက်ရှု၍ မရတော့။ အော်ဟစ်ကာ အိပ်ယာမှ ဆင်းပြေးပြီး အသက် ၉ လ အရွယ် အမြွှာရင်သွေးငယ်လေးနှစ်ယောက် အသက်ရှင်နေလားဆိုသည်ကို သွားကြည့်သည်။ ဘာမှဖြစ်ပုံမရ။ ထို့ကြောင့် ဇနီးဖြစ်သူလက်သို့ ကလေးများကို အပ်ခဲ့ပြီး အိမ်မှာနေရန်မှာသည်။

    သူကတော့ ဘေးအိမ်မှ မိဘများကို သွားကြည့်ရန် အပြင်သို့ထွက်သွားသည်။ ယိုင်တိုင်တိုင်ဖြစ်နေသော သူများ၊ လမ်းမပေါ်တွင် လဲကျနေသောသူများကိုလည်း တွေ့ခဲ့သည်။

    ယူဆက်ဖ်နှင့် ၎င်း၏ မိန်းမဘက်မှ မိသားစုဝင်များမှာ အစ်ဒလစ်ဘ်ပြည်နယ် ချန် ရှိခ်ခွန်မြို့ မြောက်ဖက်စွန်းစွန်းတွင် နေထိုင်ကြသည်။ အင်္ဂါနေ့က ယူဆက်ဖ်၏ အိမ်နှင့် မီတာအနည်းငယ်သာလှမ်းသည့် မုန်ဖုတ်ဆိုင်အနီးတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

    သို့သော်လည်း ထိုအဖြစ်အပျက်က ရိုးရိုးတိုက်ခိုက်မှုသာမဟုတ်။ သူပုန်များထိန်းချုပ်ထားသော ထိုနေရာတွင် ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်၏ တပ်များက ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟု ပြောကြားမှုများ ရှိသည်။

    ယူဆက်ဖ်တစ်ယောက် မိဘများအိမ်သို့ ရောက်လာသည့်အချိန်တွင် ညီနှစ်ယောက်မှာ သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ စိတ်ထင့်သွားသည့် ၎င်းက ၎င်း၏အိမ်သို့ ပြန်သွားခဲ့ပြီး ဇနီးဖြစ်သူနှင့် ကလေးငယ်များကို ကြည့်ရှုခဲ့သည်။

    “သူတို့ရဲ့ ပါးစပ်တွေမှာ အမြှုပ်တွေထွက်နေပြီး၊ အကြောဆွဲနေတယ်။ သူတို့အားလုံး ကြမ်းပြင်ပေါ်မှာ လဲကျနေပါတယ်။ ကျွန်တော့်ကလေးနှစ်ယာက်ဖြစ်တဲ့ အဟ်မဒ်နဲ့ အေယာ၊ ကျွန်တော်တို့ ဇနီးသည် သူတို့အားလုံး ဆုံးပါးခဲ့ကြပါတယ်။ မိသားစုတစ်ခုလုံး ဆုံးရှုံးလိုက်ရတာပေါ့ဗျာ” ဟု ယူဆက်ဖ်က ကြေကွဲဆို့နင့်စွာ ပြောကြားခဲ့သည်။

    ယခုနှစ်များအတွင်း ဆီးရီးယား၌ အဆိုးဝါးဆုံး ဓာတုတိုက်ခိုက်မှုဟု ယုံကြည်ရသည့် အဆိုပါအဖြစ်အပျက်တွင် ကလေးငယ်အများစုအပါအ၀င် အနည်းဆုံး လူ ၈၀ သေဆုံးခဲ့သည်။ ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက်များ သုံးစွဲမှုမရှိဟု ငြင်းဆိုခဲ့ပြီး သူပုန်များကို အပြစ်တင်ခဲ့သည်။

    ယူဆက်တစ်မှာ ထိုနေရာတွင် လဲကျသွားပြီး နာရီအနည်းငယ်ကြာသည့်အခါ ဆေးရုံ၌ ပြန်လည်သတိရလာသည့်အချိန်တွင် ဇနီးဖြစ်သူမိသားစုမှ အများအပြား အသက်ဆုံးရှုံးခဲ့သည်ဆိုသည့် ကြေကွဲဖွယ်သတင်းကို ကြားခဲ့ရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ယူဆက်ဖ်၏ ဇနီး၊ ကလေးများအပါအ၀င် ဆွေးမျိုးသားချင်း စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့သည်။

    ဗုဒ္ဓဟူးနေ့က သေဆုံးသူများကို မြှုပ်နှံခဲ့ပြီး သုဿာန်၌ အမြွှာသားငယ်လေးနှစ်ဦးကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် ပွေ့ချီငိုကြွေးနေသည့် ယူဆက်ဖ်၏ ဓာတ်ပုံမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့ပြီး တစ်ကမ္ဘာလုံးက ဂရုဏာသက်ခဲ့ကြသည်။

    ယူဆက်ဖ်ကတော့ သားငယ်လေးများမှာ ဘုရားသခင်နှင့်အတူ ရှိနေမည်ဖြစ်ပြီး၊ ဆီးရီးယားတွင်ရှိနေသည်ထက် ပိုကောင်းကြောင်း၊ ၎င်းတို့မှာ စစ်ပွဲ၏ဆိုးကျိုးများကို ခံစားခဲ့ရသော ပထမဆုံး ကလေးများမဟုတ်ကြောင်း မျက်ရည်လည်ရွဲနှင့် ပြောကြားခဲ့လေသည်။

    မိသားစု ၁၉ ဦး ဆုံးရှုံး

    မိသားစုဝင် ၁၉ ဦး ဆုံးရှုံးခဲ့ရသည့် မာဇင် ယူဆစ်ဖ်

    အသက် ၁၃ နှစ်အရွယ် မာဇင် ယူဆစ်ဖ် လေးက ထိုတိုက်ခိုက်မှုအတွင်း မိသားစု ၁၉ ဦးကို ဆုံးရှုံးခဲ့ရသည်။

    အဖွားဖြစ်သူ အိုက်ရှာ အလ်-သီလာဝီက ဆေးရုံးတွင် အောက်ဆီဂျင်တပ်ထားရပြီး အသက်ရှု ပုံမှန်မဖြစ်သေး။ အပြာရောင်နှင့် အ၀ါရောင် ဗုံးများ သူမ၏ အိမ်အနီးတွင် ကျခဲ့သည်ဟု သူမက ပြောကြားခဲ့သည်။

    “ကျွန်မတို့ အသက်ရှုကြပ်လာတယ်။ ခေါင်းတွေမူးလာပြီး နောက်တော့ မေ့လဲသွားပါတယ်။ မာဇင်က သူ့အဖိုးကို သွားပြီးထူဖို့ ကြိုးစားခဲ့ပါတယ်”

    မာဇင်က မနက်စောစော ၆ နာရီခွဲခန့်တွင် လေကြောင်းတိုက်ခိုက်မှုဖြစ်လာကြောင်း၊ အဖွားဖြစ်သူ၏အိမ်ရှေ့တွင် ပေါက်ကွဲမှုကြောင့် အပြေးအလွှား သွားရောက်ခဲ့ရာတွင် အဖိုးမှာ အသက်ရှုကြပ်နေသည်ကို တွေ့ရှိရကြောင်း ဖွင့်ဟခဲ့သည်။

    “ကျွန်တော် ခေါင်းနောက်လာပါတယ်။ နိုးလာတဲ့အခါမှာ ကျွန်တော် အိပ်ယာထဲရောက်နေပြီး အ၀တ်အစားမရှိပါဘူး” ဟု မာဇင်က ဆိုသည်။

    ထိုခိုက်မှုဖြစ်ပွားပြီးနောက် မာဇင်တို့မြေးအဖွားမှာ ဆီးရီးယားနယ်စပ်အနီးရှိ တူရကီမြို့ငယ်လေးတစ်ခုမှ ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

    သူပုန်များ ထိန်းချုပ်ထားသော အစ်ဒလစ်ဘ်ပြည်နယ်ရှိ ဆေးရုံတိုင်းကို ဆီးရီးယားအစိုးရတပ်များက တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပြီး အချို့ဆိုလျှင် အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံရသည်။

    “ကျွန်တော့်ရဲ့အဖိုး၊ ၀မ်းကွဲတွေနဲ့ သူတို့ရဲ ကလေးတွေ ဆုံးပါးသွားကြပြီလို့ ကျွန်တော့်ကိုပြောပါတယ်” ဟု မာဇင်က မျက်ရည်ပေါက်ပေါက်ကျကာ ပြောကြားခဲ့ပြီး အင်္ဂါနေ့တိုက်ခိုက်မှုအတွင်း ၎င်း၏ မိသားစုဝင် စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့လေသည်။

    တူရကီ တရားရေးဝန်ကြီးက သေဆုံသွားသည့် အလောင်း ၃ လောင်းကို စစ်ဆေးမှုအရ အင်္ဂါနေ့မနက်ပိုင်း အစ်ဒ်လစ်ဘ်တွင် တိုက်ခိုက်မှုမှာ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: CNN, Aljazeera

  • ကုလကမစွမ်းနိုင်လျှင် ဆီးရီးယားကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ကန် သတိပေး

    ကုလကမစွမ်းနိုင်လျှင် ဆီးရီးယားကို ကိုယ်တိုင် ကိုင်တွယ်မည်ဟု ကန် သတိပေး

    ဧပြီ ၆၊ ၂၀၁၇
    M-Media


    – ဆီးရီးယားတွင် ကလေးငယ်များအပါအ၀င် လူပေါင်း ၈၀ ကျော် သေဆုံးခဲသည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုအတွက် ကုလအနေဖြင့် မတုန့်ပြန်နိုင်ပါက မိမိတို့တစ်ဦးတည်း ဆောင်ရွက်သွားမည်ဟု အမေရိကန်က သတိပေး ပြောကြားလိုက်သည်။

    “စုပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့တာဝန်ကို ကုလက တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်မှု မရှိတဲ့အခါမှာ၊ ကျွန်မတို့ ကိုယ်တိုင်ဆောင်ရွက်ရတော့မယ့် အခြေအနေတွေ လက်တွေ့မှာ ရှိလာခဲ့ပါတယ်” ဟု ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးက ဗုဒ္ဓဟူးနေ့တွင် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌
    ပြောကြားခဲ့သည်။

    သူပုန်များ ထိန်းချုပ်ထားသည့် အစ်ဒလစ်ဘ်ပြည်နယ်မှ မြို့တစ်ခုကို အင်္ဂါနေ့မနက်ပိုင်းတွင် အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက်ပိုင်း ပြင်သစ်နှင့် ဗြိတိန်တို့၏ တိုက်တွန်းမှုကြောင့် လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

    အဆိုပါတိုက်ခိုက်မှုကို ဓာတုလက်နက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားမှုများရှိနေပြီး ရုရှားကမူ တိုက်ခိုက်မှုအတွင်း သူပုန်အဖွဲ့က ဓာတုလက်နက်များ သိုလှောင်ထားသည့် ဂိုထောင်ကို ထိခိုက်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။

    ဆီးရီးယာအစိုးရကို မဟာမိတ်ရုရှားက မထိန်းကျောင်းနိုင်ခြင်းအတွက်လည်း ဟာလေးက ဝေဖန်ခဲ့ပြီး၊ ကလေးငယ် မည်မျှသေဆုံးမှ ရုရှားက ဂရုစိုက်မည်လဲဟု မေးခွန်းထုတ်ခဲ့သည်။

    လန်ဒန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က တိုက်ခိုက်မှုအတွင်း ကလေးငယ် ၃၀ အပါအ၀င် အနည်းဆုံး ၈၆ ဦး သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera