News @ M-Media

Tag: Syria

  • ဆီးရီးယားမှ White Helmets အဖွဲ့ အော်စကာပွဲတက်ရန် ဗီဇာရ

    ဆီးရီးယားမှ White Helmets အဖွဲ့ အော်စကာပွဲတက်ရန် ဗီဇာရ

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
    M-Media

    – ဆီးရီးယားမှ နာမည်ကြီး ကယ်ဆယ်ရေးအဖွဲ့ White Helmets ၏ အဖွဲ့ဝင်များမှာ လာမည့်တစ်ပတ်တွင် ကျင်းပရန်ရှိနေသည့် အော်စကာဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် အမေရိကန်ဗီဇာ ရရှိသွားပြီဟု သိရသည်။

    ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားတွင် ၎င်းတို့အဖွဲ့၏ နေ့စဉ် ရုန်းကန်လှုပ်ရှားနေမှုများအား ရိုက်ကူးထားသော The White Helmets မှတ်တမ်းရုပ်ရှင်မှာ အော်စကာ မှတ်တမ်းရုပ်ရှင်ဆု ဇကာတင်စာရင်းတွင် ပါဝင်နေသည်။ သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗီဇာပိတ်သည့် မွတ်စလင် ၇ နိုင်ငံတွင် ဆီးရီးယားလည်း ပါဝင်သောကြောင့် အဖွဲ့သားများမှာ ဆုပေးပွဲကို တက်ရောက်ရန် မသေချာ ဖြစ်နေခဲ့သည်။

    သောကြာနေ့က White Helmets အဖွဲ့ခေါင်းဆောင် ရာအဒ် ဆာလေဟ်နှင့် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ခါလဒ် ခါတစ်ဘ်တို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်မည့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ရန် ဗီဇာ ရရှိခဲ့သည်ဟု ထုတ်လုပ်သူ ဂျိုအာနာ နာတာဆီဂါရာက ပြောကြားခဲ့သည်။

    “မနေ့က (သောကြာနေ့က) ကျွန်တော်တို့ ဗီဇာရသွားတယ်။ ဒါပေမယ့် သွားရမလား၊ မသွားရဘူးလား ဆိုတာက မသေချာသေးပါဘူး။ နယ်စပ်တွေနဲ့ လေယာဉ်ကွင်းတွေမှာ ကျွန်တော်တို့ ပြဿနာ မဖြစ်ချင်ဘူး” ဟု ဆာလေဟ်က ပြောကြားခဲ့သည်။

    ထုတ်လုပ်သူ နာတာဆီဂါရာက “သူတို့နှစ်ယောက်ဟာ တရားဝင်ဗီဇာတော့ ရသွားပါပြီ။ နိုင်ငံထဲ တကယ်ဝင်တဲ့အချိန်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ သတိထားနေပါတယ်။ White Helmets အဖွဲ့ဟာ ကျွန်တော်တို့ သိရှိခဲ့သမျှထဲမှာ အားကျစရာအကောင်းဆုံး လူသားချင်း စာနာထောက်ထားမှုအဖွဲ့ပါ။ သူတို့ရဲ့ သူမတူတဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုနိုင်မယ့် ကမ္ဘာ့စင်မြင့်တစ်ခုမှာ ပါဝင်ရတာဟာ ကြီးကျယ်တဲ့ ဂုဏ်ပြုမှုပါပဲ” ဟု ဆိုသည်။

    ၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့သည့် အဆိုပါ White Helmets လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့မှာ လက်ရှိတွင် စေတနာ့ဝန်ထမ်းပေါင်း ၃၀၀၀ ကျော် ရှိနေပြီး ဆီးရီးယားပြည်သူများ၏ အသက်ပေါင်း ၇၈၀၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့သည်။

    Ref: Aljazeera

  • ‘သားကို လာခေါ်ပါအုံးဖေဖေ။ လာခေါ်ပါ’ (Video)

    ‘သားကို လာခေါ်ပါအုံးဖေဖေ။ လာခေါ်ပါ’ (Video)

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇
    M-Media

    – ၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ပွဲကြောင့် တစ်နိုင်ငံလုံး ဖွတ်ဖွတ်ကြေခဲ့ရသလို သေဆုံးသူ ဒဏ်ရာရသူတွေကလည်း သိန်းနဲ့ချီ ရှိနေပါပြီ။

    စစ်ရဲ့အနိဌာရုံတွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း အများကြီး ပေါ်ထွက်ခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း တူရကီကနေ ဂရိကို လာရောက်ခိုလှုံဖို့ကြိုးစားရင် စက်လှေနစ်ကာ ရေနစ်သေဆုံးပြီး ကမ်းစပ်တစ်ခုပေါ်မှာ သွားတင်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် အလန် ကာဒီလေးရဲ့ ပုံရိပ်၊ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း အဲလစ်ပိုမြို့မှာ အစိုးရတပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရကာ သွေးအလိမ်းလိမ်းနဲ့ ငူငူကြီးထိုင်နေတဲ့ အိုမရန် ဒက်နီးရှ်လေးရဲ့ ပုံရိပ်တွေဟာ ကမ္ဘာကျော်ခဲ့ပြီး ကြေကွဲစရာ၊ ဂရုဏာသက်စရာ အကောင်းဆုံး ပုံရိပ်တွေ ဖြစ်ခဲ့ပါတယ်။

    အခုလည်း နောက်ထပ် သွေးပျက်ဖွယ် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

    ဒါက အစ်ဒလစ်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆီးရီးယားအစိုးရတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း ခြေထောက် ၂ ဖက်စလုံး ဆုံးရှုံးခဲ့ရတဲ့ သနားစရာ ကလေးငယ်တစ်ဦးဟာ ဖခင်ဖြစ်သူကို အကူအညီတောင်းတဲ့ ဗီဒီယိုပါ။

    ကလေးငယ်ရဲ့ နာမည်ကတော့ အဘ်ဒူလ်ဘာဆစ် တန် အလ်-ဆာတွဖ်လို့ ခေါ်ပြီး တိုက်ခိုက်မှုအတွင်းမှာ အဘ်ဒူလ်ဘာဆစ်လေးရဲ့ အမေနဲ့ မောင်နှမ ၃ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆီးရီးယား တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် အဘ်ဒူလ်ဘာဆစ်

    ဗီဒီယိုမှာ တိုက်ခိုက်မှုကြောင့် မီခိုးတစ်လူလူထွက်နေတဲ့ အဆောက်အဦးအနီး မြေပြင်ပေါ်မှာ ထိုင်နေရတဲ့ ဒီကလေးငယ်ဟာ ‘သားကို လာခေါ်ပါအုံး ဖေဖေ။ လာခေါ်ပါ’ လို့ အကူအညီတောင်းနေသံကို ပီပီသသ ကြားခဲ့ရပါတယ်။ ဒီကလေးငယ်ဟာ ဟာမာမြို့အနီး အလာတမ်နီဟ်က ဒုက္ခသည်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ဆေးရုံမှာ ဆေးကုသမှုခံယူကာ စိုးရိမ်ရတဲ့ အခြေအနေမျိုး ရှိတယ်လို့ ဆိုပါတယ်။

    https://www.youtube.com/watch?v=IywVaNm6f6E

    Ref: Alarabiya, The Sun

  • ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    ဒုက္ခသည် သားအဖနှစ်ဦးအား လက်ဇ်လိုက ခြေထိုးခံခဲ့စဉ်

    – ၂၀၁၅ ခုနှစ်က နယ်စပ်တွင်ရှိနေသည့် ဒုက္ခသည်များအား ရဲတပ်ဖွဲ့က တားဆီးမှုအတွင်း ဒုက္ခသည်များကို ခြေထောက်ဖြင့် ကန်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီတရားရုံးက ၃ နှစ် ခံဝန်ဖြင့်နေထိုင်ရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

    ရုပ်သံသတင်းထောက် ပီထရာ လက်ဇ်လိုဖြစ်ပြီး နိုင်ငံတောင်ပိုင်း ဇီဂဒ်မြို့ရှိ တရားရုံးကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ပါဝင်ခဲ့ကာ တရားရုံးအမိန့်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် လက်ဇ်လိုမှာ ရဲများက လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးရသည့် ဆီးရီးယားဒုက္ခသည်များမှ အမျိုးသမီးငယ်တစ်ဦး အပါအ၀င် နှစ်ဦး ကိုခြေထောက်ဖြင့် ကန်ကျောက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကလေးငယ်တစ်ဦးကို ချီထားသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ခြေထိုးခံခဲ့သည်။

    တရားရုံးကမူ မိမိတို့အနေဖြင့် သူမ၏ အဖြစ်အပျက်တစ်ခုချင်းစီကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ဇ်လို၏လုပ်ရပ်မှာ လူမှုကျင့်ဝတ်နှင့်မညီဟု ဆုံးဖြတ်ခဲ့သည်။ လက်ဇ်လိုကမူ မိမိမှာ မိမိကိုယ်ကို ခုခံကာကွယ်ခဲ့ခြင်းဖြစ်သည်ဟု ချေပခဲ့သော်လည်း တွေ့ရှိရသည့် အထောက်အထားများက ထိုချေပမှုနှင့် အံဝင်မှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    လက်ဇ်လို၏ ထိုလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ ထွက်လာခဲ့ပြီးနောက် ၎င်းအလုပ်လုပ်နေသည့် N1TV ရုပ်သံလိုင်းက သူမအား အလုပ်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားအစိုးရ လေတပ်စခန်းကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

    ဆီးရီးယားအစိုးရ လေတပ်စခန်းကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်

    ဇန်န၀ါရီ ၁၃၊ ၂၀၁၇
    M-Media

    – ဒမတ်စကတ်အနောက်ပိုင်းရှိ ဆီးရီးယားအစိုးရ၏ မက်ဇာလေတပ်စခန်းကို အစ္စရေးတိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားသတင်းအေဂျင်စီ SANA က ဖော်ပြခဲ့ပြီး အစ္စရေးမှာ အကြမ်းဖက်ဝါဒကို အားပေးနေသည်ဟုလည်း စွပ်စွဲခဲ့သည်။

    တိုက်ခိုက်မှုကြောင့် လေဆိပ်တွင် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုအတွက် လက်စားချေမည်ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို ကိုးကား၍ အဆိုပါသတင်းဌာနက ထည့်သွင်းဖော်ပြခဲ့သည်။

    ဆီးရီးယားစစ်တပ်ကမူ အစ္စရေးမှာ နိုင်ငံမြောက်ပိုင်း တိုက်ဘရီယက်စ်ရေကန်အနီးမှ မက်ဇာလေဆိပ်ကို သောကြာနေ့မနက် ၁၂ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါလေဆိပ်မှာ ဒမတ်စကတ်ရှိ သမ္မတအိမ်တော်မှ ၅ ကီလိုမီတာအကွာအဝေးတွင် တည်ရှိသည်။

    ဆီးရီးယား ပြည်သူ့အစောင့်တပ်နှင့် အထူးတပ်ဖွဲ့များမှာ အဆိုပါလေဆိပ်တွင် တပ်စွဲထားပြီး တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုသတင်းများ ထွက်ပေါ်မလာသေးပေ။

    ထိုတိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း အစ္စရေးလေတပ်က ဆီးရီးယားရှိ အစိုးရပစ်မှတ်များကို ၂ လအတွင်း ၂ ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးမှာ ယခင်ကလည်း ဆီးရီးစိုးရတပ်များကို လေကြောင်းဖြင့်လည်းကောင်း၊ ဒုံးကျည်များဖြင့်လည်းကောင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။

    Ref: RT

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    assand

    – ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်က ၎င်းတို့အစိုးရအနေဖြင့် လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မည်သည့်အရာကို မဆို ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိနေသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားနှင့် တူရကီတို့က ကမကထပြုသည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇန်န၀ါရီနှောင်းပိုင်းတွင် ကာဇက်စတန်နိုင်ငံ အစ္စတာနာမြို့တွင် ပြုလုပ်ရန် ရှိနေခြင်းဖြစ်သည်။

    ပြင်သစ်ဂျာနယ်လစ်များနှင့် အင်တာဗျူးတွင် အာဆတ်က အခြားတစ်ဖက်တွင် မည်သူများ ပါဝင်မည်ဆိုသည့် ကိစ္စအပါအ၀င် ဆွေးနွေးပွဲအတွက် မေးခွန်းများစွာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားသို့ အလယ်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ သီယာရီ မာရီယာနီကလည်း အာဆတ်အနေဖြင့် အကြမ်းဖက်အုပ်စုများမှလွဲ၍ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အုပ်စု အားလုံးနှင့် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ သူပုန်များ လက်နက်စွန့်လွှတ်ပါက ပြန်လည်ရင်ကြားစေရေး ဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

    Ref : Aljazeera