News @ M-Media
Tag: Syria
  • တီဟီရန်တိုက်ခိုက်မှုအတွက် အီရန်က IS ကို ဒုံးကျည်ဖြင့် လက်တုန့်ပြန်
    တီဟီရန်တိုက်ခိုက်မှုအတွက် အီရန်က IS ကို ဒုံးကျည်ဖြင့် လက်တုန့်ပြန်
    ဇွန် ၁၉၊ ၂၀၁၇
    M-Media
    – အီရန်မှာ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ IS အကြမ်းဖက်သမားများကို ပစ်မှတ်ထား၍ ယမန်နေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၇ ရက်နေ့က တီဟီရန်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ၂ ခုအတွက် လက်တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါတိုက်ခိုက်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံခြားတိုင်းပြည်တစ်ခုသို့ အီရန်နိုင်ငံက ပထမဆုံး ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်တွင် အီရန်နိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်လိုက်ခြင်းလည်းဖြစ်သည်။
    အီရန် အစ္စလမ့်တော်လှန်ရေးအစောင့်တပ်၏ တရားဝင် ၀ဘ်စာမျက်နှာတွင် မြေပြင်မှ မြေပြင်ပစ် တာလတ်ဒုံးကျည်များကို အီရန်နိုင်ငံအနောက်ပိုင်း ကာရ်မန်ရှာ ပြည်နယ်ရှိ စစ်စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒီအက်ဇ်ဇိုရ်ဒေသရှိ IS တပ်ဖွဲ့များကို ပစ်မှတ်ထားကြောင်း ဖော်ပြခဲ့သည်။
    ဇွန်လ ၇ ရက်နေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်ရှိ လွှတ်တော်အဆောက်အဦးနှင့် အစ္စလာမ့်မစ်တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ခိုမေနီ၏ ဂူဗိမာန်တို့တွင် သေနတ်သမား ၆ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဟု ကြေငြာခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ IS က အီရန်တွင် ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
    အီရန်မှာ ဆီးရီးယားပြည်တွင်းစစ်တွင် ရုရှားနှင့်အတူ သမ္မတ ဘာရှာ အလ်-အာဆတ်အား ထောက်ပံ့ပေးနေသည့် နိုင်ငံလည်းဖြစ်သည်။
    Ref: CNN
  • IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးပြီဟု သတင်းထွက်ပေါ်
    IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးပြီဟု သတင်းထွက်ပေါ်
    ဇွန် ၁၆၊ ၂၀၁၇
    M-Media
    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ
    – ဆီးရီးယားတွင် ရုရှားက ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ သေဆုံးသွားသည်ဆိုသော သတင်းများကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေသည်ဟု ရုရှား ကာကွယ်ရေး ၀န်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။
    ရုရှား တိုက်လေယာဉ် Su-34 နှင့် Su-35 တို့မှာ မေလ ၂၈ ရက်နေ့က ဆီးရီးယားနိုင်ငံမြေက်ပိုင်း IS ခြေကုပ်ယူရာ ရက်ကာမြို့တွင် လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ IS ထိပ်တန်းခေါင်းဆောင်များ ပြုလုပ်ခဲ့သည့် အစည်းအဝေးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။
    ထိုအစည်းအဝေးတွင် အလ်-ဘဂ္ဂဒါဒီလည်း တက်ရောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
    “လက်ရှိမှာ နည်းလမ်းပေါင်းစုံနဲ့ အတည်ပြုဖို့လုပ်နေတဲ့ သတင်းအချက်အလက်အရ IS ခေါင်းဆောင် အီဘရာဟင် အလ်-ဘာကာရ် အလ်-ဘဂ္ဂဒါဒီဟာ အစည်းအဝေးမှာ ရှိနေခဲ့ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြောငြာချက်တွင် ဖော်ပြထားသည်။
    ထိုတိုက်ခိုက်မှု ပြုလုပ်မည့် နေရာ၊ အချိန်တို့နှင့် ပတ်သက်သည့် အချက်အလက်များကို အမေရိကန်အား အသိပေးခဲ့ဟုလည်း ၀န်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
    Ref: RT
  • ကမ္ဘာကြီးက ဂရုဏာသက်ခဲ့တဲ့ ဆီးရီးယားကလေးငယ်ရဲ့ ဓာတ်ပုံသစ် ထွက်ပေါ်
    ကမ္ဘာကြီးက ဂရုဏာသက်ခဲ့တဲ့ ဆီးရီးယားကလေးငယ်ရဲ့ ဓာတ်ပုံသစ် ထွက်ပေါ်
    ဇွန် ၈၊ ၂၀၁၇
    M-Media
    – ၂၀၁၆ ခုနှစ် သြဂုတ်လက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း ဆီးရီးယားကလေးငယ်တွေရဲ့ နာကျင်စရာအခြေအနေကို ဖော်ကျူးနေတဲ့ အသက် ၅ နှစ်အရွယ် အွမ်ရန် ဒက်နစ်ရှ်ရဲ့ ဓာတ်ပုံသစ်တစ်ခု တနင်္လာနေ့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကတော့ ဆီးရီးယားအစိုးရလိုလားတဲ့ Al Mayadeen TV နဲ့ အင်တာဗျူးမှာ မိဘတွေနဲ့အတူ တွေ့ခဲ့ရတာပါ။
    သူပုန်တွေ သိမ်းပိုက်ထားတဲ့ အလက်ပိုမြို့ရဲ့ ကာတာဂျီရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးနေတဲ့ အဆောက်အဦးတစ်ခုကနေ ကယ်ထုတ်လာခဲ့ပြီးတဲ့နောက် လူနာတင်ယာဉ်ပေါ်က ခုံမှာ သွေအလိမ်းလိမ်း၊ ဖုန်အလိမ်းလိမ်းနဲ့ ထိုင်နေတဲ့ အွမ်ရန်လေးရဲ့ပုံကို ကြည့်ပြီး ကမ္ဘာကြီးက ဂရုဏာသက်ခဲ့ကြပါတယ်။
    တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ အွမ်ရမ်တို့မိသားစုဟာ မြို့ကို စွန့်ခွာမသွားခဲ့ဘဲ အခုအချိန်အထိ သမ္မတအာဆတ်ကို ထောက်ခံနေဆဲပဲလို့ ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    Al Mayadeen TV နဲ့ အင်တာဗျူးမှာတော့ အွမ်ရန်ရဲ့ဖခင်က သူပုန်တွေနဲ့ နိုင်ငံတကာမီဒီယာတွေဟာ ဆီးရီးယားအစိုးရကို တိုက်ခိုက်ဖို့အတွက်ပဲ သူ့သားရဲ့ပုံကို အသုံးချတယ်လို့ မေးမြန်းသူ ကီနာနာ အလူချီကို ပြောကြားခဲ့ပါတယ်။
    “သူတို့ဟာ ကျွန်တော့်သားရဲ့သွေးကို လဲအထပ်လုပ်ချင်တာ။ ပုံတွေကို ဖြန့်ချင်တာဗျ”
    အွမ်ရန်လေး ဒဏ်ရာရခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူ့ရဲ့ အသက် ၁၀ နှစ်အရွယ်အစ်ကို အလီက သေဆုံးသွားတယ်လို့လည်း ဖခင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ် တိုက်ခိုက်မူပြီးတဲ့နောက် အွမ်ရမ် ကိုကုသပေးခဲ့တဲ့ ဆရာဝန်က အွမ်ရန်လေးဟာ ဖုန်အလိမ်းလိမ်းဖြစ်နေပြီး ခေါင်းကနေ သွေးတွေထွက်နေတယ်လို့ ဆိုပါတယ်။
    “အွမ်ရန်ဟာ အဲဒီအချိန်မှာ ကြောက်နေပြီး တွေဝေနေခဲ့ပါတယ်။ သူ လုံးဝ မငိုပါဘူး။ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ သူ အိပ်မောကျနေပုံ ရပါတယ်” လို့ ဆရာဝန် မိုဟာမက်က ABC သတင်းဌာနကို ပြောခဲ့ပါတယ်။
    အွမ်ရန်ဟာ ဦးခေါင်းမှာ ရိုးရိုးဒဏ်ရာလေးပဲ ရခဲ့တာဖြစ်ပြီ ဆေးရုံမှာ ၂နာရီကြာ ကုသပြီးတဲ့နောက် ပေးဆင်းခဲ့တယ်လို့ ဆရာဝန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    “အွမ်ရန်လိုအဖြစ်အပျက်မျိုး ရာထောင်ချီရှိပါတယ်။ အွမ်ရမ်လေး ကံကောင်းခဲ့ပါတယ်။ တခြားကလေးတွေဆိုရင် သေတာတွေ၊ ဒုက္ခိတဖြစ်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့အကြောင်းတွေကိုတော့ ကမ္ဘာက မသိကြဘူးလေ”
    အလက်ပိုမြို့တွင်းက ပြည်သူတွေရဲ့ ဒုက္ခသုက္ခတွေကို ကမ္ဘာကြီးက အာရုံစိုက်လာဖို့ ကြိုးပမ်းနေတဲ့ Aleppo Media Center က အွမ်ရန်ရဲ့ဓာတ်ပုံကို တိုက်ခိုက်မှုက အခြားသော ဓာတ်ပုံတွေနဲ့အတူ အွန်လိုင်းစာမျက်နှာမှာ လွှင့်တင်ခဲ့တာပါ။
    ယူနီဆက်ဖ်ကတော့ လက်ရှိ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပြဿနာဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး ကလေးငယ် ၈ သန်းလောက်ဟာ အန္တရာယ်ကြုံနေရတယ်လို့ ပြောကြားထားပါတယ်။
    Source – abc News
    Translated by Habib
    Edited by Yelson
  • ဆီးရီးယားတွင် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး
    ဆီးရီးယားတွင် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး
    မေ ၂၇၊ ၂၀၁၇
    M-Media
    – ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၂ ဦးအပါအ၀င် အရပ်သား အနည်းဆုံး ၁၀၆ ဦး သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က ပြောကြားလိုက်သည်။
    ဒီရ် အဇ် ဇိုရ်ပြည်နယ် အလ် မာယာဒင်းဒေသရှိ IS အဖွဲ့ဝင်များ၏ မိသားစုများနေထိုင်ရာ လူနေအဆောက်အဦးများကို ပစ်မှတ်ထားကာ ကြာသာပတေးနေ့ညပိုင်းနှင့် သောကြာနေ့ မနက်အစောပိုင်းတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    SOHR ၏ အကြီးအကဲ ရာမီ အဘ်ဒဲလ် ရဟ်မန်က သေဆုံးသွားသူအများစုမှာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း IS အဖွဲ့ရုံးစိုက်ရာ ရက်ကာမြို့မှ အလ် မာယာဒင်းသို့ ထွက်ပြေးလာသည့် မော်ရိုကန်များနှင့် ဆီးရီးယားပြည်သူများဖြစ်သည်ဟု ဆိုသည်။
    ပထမတိုက်ခိုက်မှုတွင် အရပ်သား ၃၅ ဦး သေဆုံးခဲ့သည်။
    အမေရိကန်ဦးဆောင်ပြီး ၆၈ နိုင်ငံ ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရိသူ ကာနယ် ရိုင်ယန် ဒီလွန်က IS အားတိုက်ခိုက်မှုအတွင်း မည်သည့်အရပ်သား သေဆုံးမှုမဆို ဖြစ်ရပ်ဆိုးကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ မဟာမိတ်အဖွဲ့မှာ ရက်ကာမြို့နှင့် အီရတ်ရှိ မူဆိုးလ်မြို့တို့တွင် ခြေကုပ်ယူထားသော IS အဖွဲ့စခန်းများအား မြေပြင်မှ ထိုးစစ်ဆင်မှုများလည်း ပြုလုပ်နေသည်။
    Ref: Aljazeera
  • ဆီးရီးယားပြည်သူများ၏ ဒုက္ခများကို နားလည်စေရန် ဂူးဂဲလ်က သီးသန့်ဝဘ်ဆိုက်တစ်ခု ဖန်တီးထား
    ဆီးရီးယားပြည်သူများ၏ ဒုက္ခများကို နားလည်စေရန် ဂူးဂဲလ်က သီးသန့်ဝဘ်ဆိုက်တစ်ခု ဖန်တီးထား
    မေ ၂၃၊ ၂၀၁၇
    M-Media
    – ဆီးရီးယားဒုက္ခသည်တွေရဲ့ ဒုက္ခသုက္ခတွေကို လူတွေ ပိုမို သိရှိနားလည်စေဖို့အတွက် ရည်ရွယ်တဲ့ သီးသန့် ၀ဘ်ဆိုက်တစ်ခုကို ဂူးဂဲလ်နဲ့ ကုလတို့က ပူးပေါင်းပြီး ဖန်တီးထုတ်ပြန်လိုက်ပါတယ်။
    Searching for Syria လို့ခေါ်တဲ့ ဒီဝဘ်ဆိုက်မှာ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က အချက်အလက်တွေ၊ ဂြိုဟ်တုပုံရိပ်တွေ၊ မြင်ကွင်းကို ၃၆၀ ဒီဂရီ လှည့်ကြည့်လို့ရမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဒုက္ခသည်တွေရဲ့ ဘ၀ဇာတ်ကြောင်းတွေ စတာတွေကို ဒီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
    Google ကတော့ ဆီးရီယားအရေး ၀ဘ်ပေါ်မှာ လူတွေ ဘယ်လောက် စိတ်ဝင်စားလဲဆိုတာကို ဆီးရီးယားက ဒုက္ခည်တွေနဲ့ပတ်သက်ပြီး သူ့ရဲ့ serach engine မှာ အခြေခံမေးခွန်းတွေရိုက်ကာ ရှာဖွေမှုနဲ့ အကဲဖြတ်ခဲ့ပြီး What is happening in Syria ဆိုတဲ့ မေးခွန်းက ပြီးခဲ့တဲ့နှစ်အတွင်း ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေတို့မှာ ရှာဖွေမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
    ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်အတွင်း ဆီးရီးယားနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှာဖွေသူဟာ ဒီနိုင်ငံတွေမှာ ၁၀ သန်းကျော်လောက် ရှိခဲ့တာပါ။
    ဆီးရီးယားမှာရှိတဲ့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေ စစ်မဖြစ်ခင်က ဘယ်လိုရှိခဲ့တယ်၊ စစ်ဖြစ်ပြီး နောက်ပိုင်း ဘယ်လိုပျက်ဆီးသွားလဲ ဆိုတာတွေကိုလည်း ၃၆၀ ဒီဂရီပုံရိပ်နဲ့ ဒီဝဘ်ဆိုက်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
    ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး Google က ကူညီတာမျိုးဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒုက္ခသည် ၈ သိန်းလောက်ကို အရေးပေါ် ကူညီထောက်ပံ့မှု ပြုလုပ်ဖို့၊ အရေးပါတဲ့ သတင်းအချက်အလက်တွေ ရဖို့၊ ပညာသင်ကြားနိုင်ဖို့ ဂူးဂဲလ်ဟာ ယခင်က ကန်ဒေါ်လာ သန်း ၂၀ လောက် သုံးစွဲခဲ့ပါတယ်။
    Ref: Techcrunch