News @ M-Media

Tag: Syria

  • ဆီးရီးယားဒုက္ခသည်အရေအတွက် ကမ္ဘာ့အများဆုံး ဖြစ်လာ

    ဆီးရီးယားဒုက္ခသည်အရေအတွက် ကမ္ဘာ့အများဆုံး ဖြစ်လာ

    ဇွန် ၁၉၊ ၂၀၁၅
    M-Media

    syria

    – ပြီးခဲ့သည့်နှစ် ဒုက္ခသည်အများဆုံးထွက်ပေါ်ရာ နိုင်ငံများစာရင်းတွင် ဆီးရီးယားနိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် နေအိမ်များမှ စွန်ခွာထွက်ပြေးခဲ့ရသူများမှာ ၅၉.၅ သန်း ရှိလာပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောကြားလိုက်သည်။

    ယမန်နေ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရက်စ်က ဆီးရီးယား၊ အီရတ်၊ ယီမင်၊ ဘူရန်ဒီနှင့် အခြားသောနေရာများတွင် ဖြစ်ပွားသော ပြဿနာများကို ထောက်ပြကာ ယခု ၂၀၁၅ ခုနှစ်တွင် ဒုက္ခသည်အရေအတွက် တိုးလာရန် မျှော်လင့်မထားဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ်ကုန်ပိုင်းအထိ ကမ္ဘာ့တစ်ဝှမ်း ပြဿနာများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ ၅၉.၅ သန်းရှိနေပြီဟု ကုလက ပြောကြားခဲ့ပြီး ၃၈.၂ သန်းမှာ နိုင်ငံအတွင်း ရွှေ့ပြောင်းထွက်ပြေးရခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ၂၀၁၃ ခုနှစ်က ဒုက္ခသည်အရေအတွက် စံချိန်တင်ပမာဏဖြစ်သော ၅၁.၂ သန်းမှ ပြီးခဲ့သည့်နှစ်တွင် တိုးလာခြင်းလည်း ဖြစ်သည်။

    ဆီးရီးယားနိုင်ငံတွင်ပင် ဒုက္ခသည်အရေအတွက်မှာ ၁၁.၅ သန်းရှိပြီး ကမ္ဘာ့အများဆုံး ဖြစ်လာခဲ့ကာ နှစ်ပေါင်း ၃၀ ကြာ ဒုက္ခသည်အများဆုံး နိုင်ငံအဖြစ် ရှိခဲ့သည့် အာဖဂန်နစ္စတန်ကို ကျော်သွားခဲ့ခြင်းလည်း ဖြစ်သည်။ ဆီးရီးယားဒုက္ခသည်များမှ ၃.၉ သန်းမှာ ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၁၀၇ နိုင်ငံတွင် ရှိနေကြသည်။

    ဆီးရီးယား၏ မြောက်ဘက် အိမ်နီးချင်းနိုင်ငံဖြစ်သော တူရကီနိုင်ငံမှာ ကမ္ဘာပေါ်တွင် ဒုက္ခသည်အများဆုံးကို လက်ခံထားသည့် နိုင်ငံဖြစ်ပြီး ဒုက္ခသည်စုစုပေါင်း ၁.၅၉ သန်းကို လက်ခံထားသည်။ ပါကစ္စတန်ကမူ ၁.၅၁ သန်းဖြင့် ဒုက္ခသည် ဒုတိယအများဆုံး လက်ခံထားရာ နိုင်ငံဖြစ်နေသည်။

    ပြီးခဲ့သည့်နှစ်အတွင်း အိမ်ပြန်နိုင်သည့် ဒုက္ခသည်ဦးရေမှာ ၁၂၆၈၀၀ ရှိပြီး ၁၉၈၃ ခုနှစ်နောက်ပိုင်း တစ်နှစ်အတွင်း အနည်းဆုံးပမာဏလည်း ဖြစ်သည်။ အိမ်ပြန်နိုင်သည့် ဒုက္ခသည်များမှာ ကွန်ဂို၊ မာလီနှင့် အာဖဂန်နစ္စတန်တို့မှ ဖြစ်သည်။

    Ref: Aljazeera

  • မဟာဗျူဟာကျသည့်မြို့တစ်မြို့ကို IS ထံမှ ဆီးရီးယားကာ့ဒ်များ သိမ်းပိုက်

    မဟာဗျူဟာကျသည့်မြို့တစ်မြို့ကို IS ထံမှ ဆီးရီးယားကာ့ဒ်များ သိမ်းပိုက်

    ဇွန် ၁၆၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားရှိ IS တပ်ဖွဲ့များ ခြေကုပ်ယူထားရာ အလ်-ရက်ကာပြည်နယ်၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာကျသည့် တဲလ်အဘ်ယဒ်မြို့ကို မိမိတို့က သိမ်းပိုက်လိုက်သည်ဟု ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့က ပြောကြားလိုက်သည်။

    “အခုဆိုရင် လုံးဝ ထိန်းချုပ်နိုင်ခဲ့ပါပြီ” ဟု ကာ့ဒ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPG မှ ပြောရေးဆိုခွင့်ရှိသူ ရီဒါရ် ဇီလီလ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ကာ့ဒ်တပ်ဖွဲ့များမှာ တဲလ်အဘ်ယဒ်မြို့ကို သိမ်းပိုက်ရန်အတွက် အလျင်အမြန် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ကူညီပစ်ခတ်ပေးခဲ့သည်။

    တိုက်ပွဲများကြောင့် တဲလ်အဘ်ယဒ်မြို့မှ ပြည်သူ ၁၆၀၀၀ ကျော်မှာ တူရကီနိုင်ငံအတွင်းသို့ လွန်ခဲ့သည့် ၂ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။

    “ကျွန်တော်တို့ဟာ IS အဖွဲ့ရဲ့ အကြမ်းဖက်ခြင်းကို ခံခဲ့ရပါတယ်။ အားလုံးက ဗုံးကြဲနေတာကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့တာပါ။ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။ အဲဒီမှာ ခင်ဗျားဟာ သေသွားဖို့ တစ်နေ့ကို အကြိမ် ၁၀၀ လောက် နီးစပ်ပါတယ်” ဟု ဒုက္ခသည်တစ်ဦးက ပြောကြားခဲ့သည်။

    တဲလ်အဘ်ယဒ်တွင် တိုက်ခိုက်မှုများ မြင့်တက်လာပြီး အန္တရာယ်များ များလာခြင်းကြောင့် ဆီးရီးယားဒုက္ခသည်များအတွက် နယ်စပ်ဂိတ်ကို ဖွင့်ပေးရန် တူရကီအာဏာပိုင်များက သဘောတူညီခဲ့သည်။ အဆိုပါမြို့အား သိမ်းပိုက်နိုက်ခြင်းက တူရကီနယ်စပ်မှ IS ၏ အဓိက ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera

  • ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့အား ကာကွယ်ပေးရန် အစ္စလာမ်ကမ္ဘာတွင် သြဇာအကြီးဆုံးအဖွဲ့က ကမ္ဘာကြီးကို တိုက်တွန်း

    ဆီးရီးယားရှိ ရှေးဟောင်းသမိုင်းဝင်မြို့အား ကာကွယ်ပေးရန် အစ္စလာမ်ကမ္ဘာတွင် သြဇာအကြီးဆုံးအဖွဲ့က ကမ္ဘာကြီးကို တိုက်တွန်း

    မေ ၂၅၊ ၂၀၁၅
    M-Media

    – ဆီးရီးယားရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့မှ ရှေးဟောင်းအမွေအနှစ်များအား IS အဖွဲ့မှ ဖျက်ဆီးခြင်းကို တားဆီးရေး “လူသားအားလုံး၏ တိုက်ပွဲအတွက်” တစ်ကမ္ဘာလုံးက ပေါင်းစည်းကြရန် အစ္စလာမ်ကမ္ဘာတွင် သြဇာအကြီးဆုံး ဘာသာရေးအဖွဲ့ အလ် အဇ်ဟာရ်တက္ကသိုလ်က ယမန်နေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။

    IS တပ်ဖွဲ့ဝင်များမှာ ပါလ်မိုင်ရာရှိ ပြတိုက်အတွင်းသို့ ၀င်ရောက်သွားပြီး ရှေးဟောင်း သမိုင်းဝင်နေရာများအား အပေါ်စီးမှ ကြည့်ရှုနိုင်သည့် ရှေးဟောင်းခံတပ်ပေါ်တွင် ၎င်းတို့၏အလံကို လွှင့်ထူခဲ့သည်ဟု ဆီးရီးယား ရှေးဟောင်းဆိုင်ရာ ဒါရိုက်တာ ပြောကြားခဲ့ပြီးနောက် အလ် အဇ်ဟာရ်၏ ယခုကဲ့သို့ တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

    “ရှေးဟောင်းသမိုင်းနေရာတွေကို ဖျက်ဆီးခြင်း၊ လုယက်ယူငင်ခြင်းကနေ ကာကွယ်တာဟာ လူသားအားလုံးရဲ့တိုက်ပွဲပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက အရေးပါဆုံး ရှေးဟောင်း သမိုင်းဝင်နေရာတွေထဲတစ်ခုကို IS တွေရဲ့ ဖျက်ဆီးခြင်းမှ ကာကွယ်ဖို့ ကျွန်တော်တို့
    ပူးပေါင်းအားထုတ်ရပါမယ်” ဟု ကိုင်ရိုအခြေစိုက် အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ပါလ်မိုင်ရာမြို့၏ ယဉ်ကျေးမှုဆိုင်ရာနှင့် ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်နေရာများကို IS က ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဆောင်ရွက်မှုများကို မဖြစ်မနေ ချက်ခြင်းဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့သည်။

    IS မှာ ပါလ်မိုင်ရာမြို့ကို ကြာသာပတေးနေ့က သိမ်းယူခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်က သမိုင်းဆိုင်ရာ ပစ္စည်းများရှိပြီး ယူနက်စကိုက ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် အဆိုပါမြို့အတွက် နိုင်ငံတကာမှ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

    ပြီးခဲ့သည့်နှစ်က အီရတ်နှင့် ဆီးရီးယားတို့မှ နယ်မြေများကို သိမ်းယူပြီးနောက်ပိုင်းတွင် IS မှာ ရှေးဟောင်းသမိုင်းဝင်နေရာများအား ဖျက်ဆီးမှုများရှိခဲ့ပြီး အီရတ်ရှိ အက်ဆီရီယန်ရှေးဟောင်းမြို့နှင့် မူဆိုးလ်မှာ ရှေးဟောင်း အနုပညာလက်ရာများကို ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

    အလ်-အဇ်ဟာရ်ကမူ ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်နေရာများနှင့် အနုပညာလက်ရာများအား ဖျက်ဆီးခြင်းကို အစ္စလာမ်ရှရီအသ်ဥပဒေက တားမြစ်ထားသည်ဟု ၎င်းတို့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Alarabiya

  • ဆီးရီးယားနိုင်ငံ တစ်ဝက်နီးပါးကို IS က ထိန်းချုပ်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

    ဆီးရီးယားနိုင်ငံ တစ်ဝက်နီးပါးကို IS က ထိန်းချုပ်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

    မေ ၂၂၊ ၂၀၁၅
    M-Media

    sy

    – နိုင်ငံအလယ်ပိုင်း ဟွမ်စ်ပြည်နယ်ရှိ သမိုင်းဝင် ပါလ်မိုင်ရာမြို့အား သိမ်းပိုက်နိုင်ခဲ့ပြီးနောက်ပိုင်း IS အဖွဲ့ သိမ်းပိုက်ထားသည့် ဧရိယာမှာ ဆီးရီးယားနိုင်ငံ တစ်ဝက်နီးနီး ရှိလာပြီဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် မတ်လအတွင်းကလည်း ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ဒီရာ ပြည်နယ်ရှိ ဘော့စ်ရာမြို့မှာ IS လက်ထဲ ကျရောက်ခဲ့ပြီး ဧပြီလအတွင်းက မြို့တော် ဒမက်စကတ်နှင့် ၈ ကီလိုမီတာသာဝေးသည့် ယာရ်မွတ် ပါလက်စတိုင်း ဒုက္ခသည်စခန်းကိုလည်း ၎င်းတို့က သိမ်းပိုက်နိုင်ခဲ့သည်။

    ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ဖွဲကမူ IS အဖွဲ့မှာ လက်ရျိအချိန်၌ ဆီးရီးယားရှိ ပြည်နယ် ၁၄ ခုတွင် ၉ ခုရှိ ဧရိယာအကျယ်အ၀န်း ၉၅၀၀၀ စကွဲယားကီလိုမီတာကို သိမ်းပိုက်ထားနိုင်ပြီး ထိုပမာဏမှာ နိုင်ငံ၏ တစ်ဝက်နီးပါးရှိသည်ဟု ဆိုသည်။ ထို့ပြင် IS ထိန်းချုပ်ထားသည့် ဒေသများတွင် အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ပါဝင်နေသည်။

    ပါလ်မိုင်ရာမြို့ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် IS က လုံးဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများလည်း ထွက်ပြေးနေရကာ အများစုမှာ လမ်းမများပေါ်တွင် သောင်တင်နေကြသည်ဟု မြို့တွင်းမှ အမည်မဖော်လိုသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောကြားခဲ့သည်။

    ဆီးရီးယားအစိုးရကမူ IS အား လေကြောင်းမှ ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများကို တိုက်ခိုက်နေခြင်းကြောင့် အရပ်သားသေဆုံးမှုများလည်း ရှိနေသည်။

    “အဲဒီမှာ ဟွမ်စ်နဲ့ ဒါရ် အက်ဇောရ်တို့က ထွက်ပြေးလာတဲ့ လူ ၅၀၀၀၀ အပါအ၀င် လူပေါင် ၁၇၀၀၀၀ နီးပါး လောက်ရှိပါတယ်။ ဒီကဒေသခံတွေကလည်း IS တွေကို မုန်းနေပြီး သူတို့ကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်ထားပါတယ်” ဟု ပါလ်မိုင်ရာမြို့မှ ဂျာနယ်လစ်တစ်ဦးဖြစ်သူ နက်ဆာရ်က ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက အမေရိကန်နှင့် အနောက်နိုင်ငံများ ကျောထောက်နောက်ခံပြု သူပုန်များနှင့် ဆီးရီးယားအာဏာရှင် အာဆတ်၏ တပ်များ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အီရတ်တွင် ခြေကုပ်ယူထားသည့် IS များ ဆီးရီးယား၌ တန်ခိုးထွားလာခြင်းဖြစ်ပြီး ၎င်းတို့၏ နယ်မြေချဲ့ထွင်လာမှုများကို အစိုးရနှင့် သူပုန်များကပါ တွန်းလှန်နိုင်ခြင်း မရှိတော့ပေ။

    Ref: Aljazeera

  • ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှု သတင်းများထွက်လာပြန်

    ဆီးရီးယားအစိုးရ၏ ဓာတုလက်နက်အသုံးပြုမှု သတင်းများထွက်လာပြန်

    မေ ၃၊ ၂၀၁၅
    M-Media

    syria

    – နိုင်ငံအနောက်မြောက်ပိုင်းတွင် ဆီးရီးယားအစိုးရ၏ ရဟတ်ယာဉ်များက ပြုလုပ်ခဲ့သည့် ဗုံးကြဲမှုများတွင် ဓာတုလက်နက်များ အသုံးပြုသောကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ လူ ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယား လူမှုအဖွဲ့များမှ ပြောကြားလိုက်သည်။

    ဆီးရီးယာအစိုးရအား ဆန့်ကျင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာ အစ်ဒ်လစ်ဘ်ပြည်နယ် ဆာရာကဘ်မြို့တွင် သောကြာနေ့ညက ကလိုရင်းဗုံးဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ထိုဒေသတွင်ပင် ထိုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

    ဆီးရီးယားအစိုးရ၏ ဓာတ်တုလက်နက်ဖြင့် တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတကာ ဓာတုလက်နက် စောင့်ကြည့်ရေးအဖွဲ့က ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်သည့် ဆီးရီးယား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆိုရှယ်မီဒီယာတွင် မျှဝေသော ဗီဒီယိုများ၌ ကလေးများ ချောင်းဆိုးခြင်း၊ အသက်ရှုမြန်လာခြင်းတို့ကြောင့် ဒေသခံများမှာ အဆိုပါ ကလေးများအား ဆေးရုံသို့ အပြေးအလွှား သွားရောက်ပို့ဆောင်သည်ကို တွေ့ရှိရသည်။

    ပြည်နယ်အတွင်း အခြားမြို့တစ်မြို့ဖြစ်သော နာရက်ဘ်မြို့မှ ဗီဒီယိုတစ်ခုတွင် ဆီးရီးယားအစိုးရ၏ လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပြည်သူများအား ကယ်တင်ခဲ့သော ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတစ်ဦးအား အောက်ဆီဂျင် ပေးအပ်နေရသည်ကို ဖော်ပြထားသည်။ အဆိုပါမြို့မှာ ဆီးရီးယားအစိုးရကို တိုက်ခိုက်နေသော တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်သည်။

    လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ နာရက်ဘ်မြို့တွင် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကာ သေဆုံးရသည့် အကြောင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

    အခြား တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်သော ပူးပေါင်းဆောင်ရွက်ရေးကော်မတီများအဖွဲ့ကလည်း ဆာရာကဘ်တွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ဆီးရီးယား နိုင်ငံပိုင်မီဒီယာများတွင် ထိုသို့ တိုက်ခိုက်မှုသတင်းကို ဖော်ပြခြင်းမရှိဘဲ ဆီးရီးယားအစိုးရကမူ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုမှာ အတိုက်အခံတပ်ဖွဲ့များမှ ပြုလုပ်သည်ဟု အပြစ်တင်ထားသည်။

    Ref: Aljazeera