News @ M-Media

Tag: Syria

  • ဆီးရီးယား၏ ဓာတုလက်နက်အသုံးပြုမှုမှာ စစ်ရာဇ၀တ်မှု အထောက်အထားဟု လူ့အခွင့်အရေးအဖွဲ့ပြော

    ဆီးရီးယား၏ ဓာတုလက်နက်အသုံးပြုမှုမှာ စစ်ရာဇ၀တ်မှု အထောက်အထားဟု လူ့အခွင့်အရေးအဖွဲ့ပြော

    မတ် ၁၈၊ ၂၀၁၅
    M-Media

    chlorine-syria_2920759b

    – သူပုန်များကြီးစိုးရာ အစ်ဒလစ်ဘ်ပြည်နယ်တွင် ဆီးရီးယားအစိုးရက ကလိုရင်းဓာတ်ငွေ့အသုံးပြုတိုက်ခိုက်ခြင်းမှာ စစ်ရာဇ၀တ်မှုကျူးလွန်သည့် နောက်ထပ် အထောက်အထားဖြစ်သည်ဟု နိုင်ငံတာလူ့အခွင့်အရေးအဖွဲ့ Amnesty International က ပြောကြားလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး အစ်ဒလစ်ဘ်တွင် ဆီးရီးယားအစိုးရမှ ကလိုရင်းဓာတ်ငွေ့ဟု ယူဆရသည့် လက်နက်ဖြင့် တိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါအ၀င် မိသားစု တစ်ခုလုံးမှာ ဆိုးရွားသည့် သေဆုံးခြင်းကို ခံစားခဲ့ရကာ ဆီးရီးယားအစိုးရတပ်များမှာ စစ်ရာဇ၀တ်မှုကို အထိန်းအကွပ်မဲ့စွာ ကျူးလွန်နေသည်ဟု Amnesty International မှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ အစီအစဉ်ဒါရိုက်တာဖြစ်သူ ဖိလစ်လူသာက ဆိုသည်။

    “ဆီးရီးယားက အခြေအနေကို အရေးကြီးတဲ့ကိစ္စအဖြစ် နိုင်ငံတကာရာဇ၀တ်ခုံရုံးကို မဖြစ်မနေ လွှဲပြောင်းပေးရပါမယ်”

    အစ်ဒလစ်ဘ်အရှေ့တောင်ပိုင်း ဆာရ်မင်မြို့သို့ ဆီးရီးယားအစိုးရက အမြောက်ဖြင့် ပစ်ခတ်မှုတွင် ကလေးငယ် ၃ ဦး မိခင်၊ ဖခင်နှင့် အဘွားဖြစ်သူတို့မှာ အသက်ရှူကြပ်၍ သေဆုံးခဲ့ကြပြီး ဆရာဝန်များကမူ ထိုသို့သေဆုံးခြင်းက ဓာတ်ငွေ့ကြောင့်ဖြစ်သည်ကို ပြသနေပြီး အမြောက်ဆံမှ ထုတ်လွှတ်ပေးသော ကလိုရင်းဓာတ်ငွေ့ကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့ကြောင်း Syrian Observatory for Human Rights က ဆိုသည်။

    ဆီးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ ထိုသို့ တိုက်ခိုက်မှုများမရှိဟု ငြင်းဆိုခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက IS အဖွဲ့သားများအား ပစ်မှတ်ထား၍ ရက်ကာမြို့၌ ဆီးရီးယားအစိုးရ၏ တိုက်ခိုက်မှုအတွင်း အရပ်သား ၁၀၀ ခန့် သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုကိုလည်း Amnesty က အကြင်နာမဲ့သော တိုက်ခိုက်မှုအဖြစ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ကာ မိမိတို့အနေဖြင့် စစ်ရာဇ၀တ်မှု၏ အချက်အလက်တိုင်းကို ကောက်ယူနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazaeeraေ

  • ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်း

    ဆီးရီးယား၏ ဓာတုလက်နက်သုံးစွဲမှုအား အရေးယူရန် ကုလအား အမေရိကန် တိုက်တွန်း

    မတ် ၆၊ ၂၀၁၅
    M-Media

    Mideast Syria

    – ဆီးရီးယားတွင် ဓာတ်တုလက်နက်အသုံးပြုမှုအတွက် စစ်ရေးအရ အရေယူခြင်းအပါအ၀င် ပြင်းထန်သည့် အရေးယူမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမေရိကန်က တိုက်တွန်းပြောကြားလိုက်သည်။

    လုံခြုံရေးကောင်စီတွင် အမေရိကန်မှ တင်သွင်းသော ဆုံးဖြတ်မူကြမ်းတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့ OPCW ၏ အချက်အလက်ရှာဖွေရေးလုပ်ငန်းအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆီးရီးယားအား တောင်းဆိုခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း OPCW ၏ အမှုဆောင်ကောင်စီက ဆီးရီးယားတွင် ကလိုရင်းဓာတ်ငွေ့ကို ထပ်ခါတလဲလဲနှင့် စနစ်တကျ အသုံးပြုကြောင်း ခိုင်မာသည့်အထောက်အထားများ တွေ့ရှိရပြီး အလွန်အမင်း စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    အမေရိကန်၏ အဆိုပါမူကြမ်းတွင်မူ ထိုကဲ့သို့ ဓာတုလက်နက် အသုံးပြုမှုအား ပြင်းပြင်းထန်ထန်ရှုတ်ချရန် ကုလအား ထည့်သွင်းတိုက်တွန်းထားသည်။

    ထိုမူကြမ်းကို လုံခြုံရေးကောင်စီ၌ ယနေ့တွင် မဲခွဲရန်ရှိနေပြီး ကောင်စီဥက္ကဌဖြစ်သူ ကုလဆိုင်ရာ ပြင်သစ်သံအမတ် ဖရန်ကိုအစ် ဒီလက်ထရီကမူ အဆိုပါ မူကြမ်းကို တညီတညွတ်တည်း အတည်ပြုနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ကလိုရင်းဓာတ်ငွေ့ကို ပထမကမ္ဘာစစ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပြီး အဆိုပါဓာတ်ငွေ့အား ရှုရှိုက်မိပါက အဆုတ်ထဲတွင် ဟိုက်ဒရိုကလိုရစ်အက်စစ်အရည်အဖြစ် အသွင်းပြောင်းသွားကာ အသက်ရှုရခက်သည့် ပြဿနာဖြင့် နောက်ဆုံး သေဆုံးသွားသည်အထိ ဖြစ်နိုင်သည်။

    Ref: Channelnewsasia

  • IS အားတိုက်ခိုက်ရာတွင် အမေရိကန်နှင့် ပူးပေါင်းရန်အသင့်ဟု ဆီးရီးယားသမ္မတ အာဆတ်ဆို

    IS အားတိုက်ခိုက်ရာတွင် အမေရိကန်နှင့် ပူးပေါင်းရန်အသင့်ဟု ဆီးရီးယားသမ္မတ အာဆတ်ဆို

    ဇန်န၀ါရီ ၂၆၊ ၂၀၁၅
    M-Media

    Syria's  President Bashar al-Assad is seen during an interview to the American magazine Foreign Affairs published on Monday in Damascus

    – ဆီးရီးယားရှိ IS တပ်ဖွဲ့ဝင်များကို အမေရိကန်ဦးဆောင်ကာ လေကြောင်းမှတိုက်ခိုက်မှုအတွက် မိမိတို့အစိုးရနှင့် သဘောတူညီချက်ယူသင့်ပြီး မိမိတို့ အစိုးရတပ်များကလည်း မြေပြင်တိုက်ခိုက်မှုများတွင် ပါဝင်မည်ဟု ဆီးရီးယားသမ္မတ ဘာရှာ
    အလ်အာဆတ်က ပြောကြားလိုက်သည်။

    အမေရိကန်အခြေစိုက် Foreign Affairs Magazine နှင့် အင်တာဗျူးတွင် အာဆတ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်မှ အမှန်တစ်ကယ် ကမ်းလှမ်းလာပါက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်ဟု ၎င်းက ဆိုသည်။

    လွန်ခဲ့သည့် လေးနှစ်မှစ၍ အာဆတ်ကို ဖြုတ်ချရန် ကြိုးစားသည့် သူပုန်တပ်ဖွဲ့များအား ၀ါရှန်တန်က ထောက်ပံ့မှုများ ပေးအပ်ခဲ့သော်လည်း IS အဖွဲ့နှင့် အခြားသော သဘောထားတင်းမာသည့် အဖွဲ့များက အင်အားအတောင့်ဆုံး သူပုန်များအဖြစ်
    ထွက်ပေါ်လာသည့်အခါ အခြေအနေများမှာ ပိုမိုရှုပ်ထွေးသွားခဲ့သည်။

    ပြီးခဲ့သည့် နွေရာသီတွင် IS တပ်ဖွဲ့များက အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းယူခဲ့သည့်အခါ အမေရိကန်က IS အား လေကြောင်းမှ ပုံမှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဆီးရီးယားအစိုးရနှင့် ပူးပေါင်းရန် အယူအဆကိုမူ အမေရိကန် ငြင်းဆန်ခဲ့သည်။

    အမေရိကန်အား မည်သည့်အရာကို ဆောင်ရွက်စေချင်သနည်းဟု မေးမြန်းခဲ့ရာ အာဆတ်က ဆီးရီးယားမြောက်ပိုင်းအတွင်းသို့ ငွေများ၊ လက်နက်များ မ၀င်ရောက်စေရန် တူရကီအား ဖိအားပေးရန်၊ IS အား တိုက်ခိုက်မှုများပြုလုပ်ရေး မိမိတို့အစိုးရထံမှ ခွင့်တောင်းရန်နှင့် ဆီးရီးယားနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန်တို့ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဆီးရီးယားရှိ IS အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မှု မပြုလုပ်ခင် အမေရိကန်က အာဆတ်အစိုးရအား အကြောင်းကြားခဲ့သည်။ IS အဖွဲ့နှင့် အလ်ကိုင်းဒါးအဖွဲ့ခွဲတစ်ခုဖြစ်သော Nusra Front တို့အပါအ၀င် သဘောထားတင်းမာသည့် အဖွဲ့များကြောင့် အမေရိကန်မှာ မြေပြင်တွင် သင့်လျော်သော မဟာမိတ်ကို ရှာဖွေရန် အခက်တွေ့နေသည်။

    လက်ရှိတွင်မူ IS အဖွဲ့ သိမ်းပိုက်ထားသော ဒေသများကို ပြန်လည်သိမ်းယူရန်အတွက် ဆီးရီးယား အတိုက်အခံများအား လေကျင့်ကာ လက်နက်များ တပ်ဆင်ပေးရန် စီစဉ်နေပြီး ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် လာမည့်ရက်အနည်းအတွင်း အင်အား ၁၀၀ ခန့်ရှိမည့် အမေရိကန်စစ်သား ပထမအသုတ်ကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်မည်ဖြစ်သည်။

    Ref:reuters

  • ၂၀၁၄ Arab Idol အဆိုပြိုင်ပွဲ ဆီးရီးယား အဆိုတော် အနိုင်ရရှိ

    ၂၀၁၄ Arab Idol အဆိုပြိုင်ပွဲ ဆီးရီးယား အဆိုတော် အနိုင်ရရှိ

    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၄
    M-Media
    cba590fd-f654-41c3-ad88-91457e5e1879_16x9_600x338
    – အာရပ်ကမ္ဘာ၏ ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲ Arab Idol ၏ ၂၀၁၄ ခုနှစ်ပြိုင်ပွဲတွင် ဆီးရီးယားအဆိုတော် ဟာဇီမ်ရှရစ်ဖ်က အနိုင်ရရှိသွားသည်ဟု သိရသည်။

    ဟာဇီမ်ရှရစ်ဖ်မှာ ပါလက်စတိုင်းအဆိုတော် ဟိုင်သမ် ခါလိုင်လာနှင့် ဆော်ဒီအာရေဗျမှ မဂျစ် အလ် မဒနီတို့အား ကျော်ဖြတ်၍ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်ကြသူများမှာ သောကြောနေ့က လက်ဘနွန်ရှိ ဘေရွတ်စတူဒီယိုတွင် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ခဲ့ကြပြီးဒေသတွင်းမှ ပရိတ်သတ်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    ဒိုင်လူကြီးများအဖြစ် ယူအေအီး၊ လက်ဘနွန်နှင့် အီဂျစ်တို့မှ ဂီတဆိုင်ရာကျွမ်းကျင်သူများက တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ၎င်းတို့က ရရှစ်ဖ်အား ချီးကျူးခဲ့ကြသည်။ ထိုပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ရှရစ်ဖ်မှာ ဆုကြေး ကန်ဒေါ်လာ ၆၆၀၀၀အပြင် Platinum Records တေးထုတ်လုပ်ရေးနှင့် စီးရီး သုံးခွေထုတ်ခွင့် ရရှိမည်ဖြစ်သည်။

    ထို့ပြင် ထိုပြိုင်ပွဲ၏ အဓိက စပွန်ဆာဖြစ်သော အီမရိတ်လေကြောင်းမှ စီစဉ်ပေးသည့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ Seychelles ကျွန်းနိုင်ငံငယ်လေးသို့ အလည်အပတ် သွားရောက်ခွင့်လည်း ရရှိမည်ဖြစ်သည်။

    Arab Idol အဆို ပြိုင်ပွဲကို ၂၀၁၁ ခုနှစ်မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရပ်ကမ္ဘာတစ်ဝှမ်း လူကြိုက်အများဆုံး အဆိုပါပြိုင်ပွဲဖြစ်လာခဲ့သည်။

    Al Arabiya News

  • ဒမတ်စကတ်အား အစ္စရေး တိုက်လေယာဉ်များ ကျူးကျော် တိုက်ခိုက်ကြောင်း ဆီးရီးယားပြော

    ဒမတ်စကတ်အား အစ္စရေး တိုက်လေယာဉ်များ ကျူးကျော် တိုက်ခိုက်ကြောင်း ဆီးရီးယားပြော

    ဒီဇင်ဘာ ၈ ၊ ၂၀၁၄
    M-Media
    2013130174626251734_20
    – မြို့တော်ဒမတ်စကတ်ရှိ အစိုးရတပ်များ ထိန်းချုပ်ထားသည့် နေရာနှစ်ခုကို အစ္စရေးတိုက် လေယာဉ်များက ကျူးကျော် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား အစိုးရက ပြောကြားလိုက်သည်။

    အစ္စရေးတိုက် လေယာဉ်များ တိုက်ခိုက်မှုကို နိုင်ငံပိုင် Al Ikhbaryia ရုပ်သံဌာနက ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာ တည်ငြိမ်သည့် နေရာဖြစ်ကြောင်း၊ အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရမှုများ မရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

    တိုက်ခိုက်မှုများပြီးနောက် ဆီးရီးယား အစိုးရက ချက်ခြင်းပင် ကြေညာချက်ထုတ်ခဲ့ပြီး ထိုတိုက်ခိုက်မှုမှာ အစ္စရေးက အကြမ်းဖက်သမားများကို ကူညီပေးနေသည်ဟူသော အထောက်အထားများပင်ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကမူ အစ္စရေးတိုက်လေယာဉ်များ တိုက်ခိုက်ခဲ့သည့် နေရာတစ်ခုဖြစ်သော ဒီမက်စ်မှာ ဆီးရီးယား စစ်ဘက်ဆိုင်ရာ နေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးဘက်ကမူ မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်သေးပေ။

    ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် စဖြစ်ကတည်းက အစ္စရေးမှာ ဆီးရီးယားနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

    အစ္စရေးမှာ ဆီးရီးယားပိုင် ဂိုလန်တောင်ကုန်းဒေသကို ၁၉၆၇ ခုနှစ်ကတည်းက သိမ်းပိုက်ထားပြီး နိုင်ငံတကာအသိုင်းဝိုင်းက ထိုသိမ်းပိုက်မှုကို လက်မခံဘဲ ဆီးရီးယားသို့ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့သော်လည်း အစ္စရေးက လိုက်နာခဲ့ခြင်းမရှိချေ။

    Al Jazeera and agencies