News @ M-Media
Tag: thailand
  • ထိုင်းနိုင်ငံတွင် မြေမြှုပ်ခံရသည့် မွေးကင်းစ ကလေးငယ်ကို ခွေးက ကယ်တင်
    ထိုင်းနိုင်ငံတွင် မြေမြှုပ်ခံရသည့် မွေးကင်းစ ကလေးငယ်ကို ခွေးက ကယ်တင်
    မေ ၁၉၊ ၂၀၁၉
    M-Media
    ကယ်ဆယ်ခဲ့သည့်နေရာ၊ ကေလးငယ်နှင့် ကယ်ဆယ်သည့် ခွေး (၀ဲမှယာ)
    -မြေမြှုပ်ခံထားရတဲ့ မွေးကင်းစ ကလေးငယ်ကို ကယ်ထုတ်နိုင်အောင် ရှာဖွေ အသိပေးခဲ့တဲ့ ခွေးလေးတစ်ကောင်ကို ထိုင်းနိုင်ငံမှာ သူရဲကောင်းအဖြစ် သတ်မှတ်ပြောဆိုနေကြပါတယ်။
    နိုင်ငံအရှေ့မြောက်ပိုင်း နာခွန် ရက်ချာစီမာပြည်နယ်က ယာတောတစ်ခုမှာ မေလ ၁၅ ရက်နေ့က ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာပါ။ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ယောက်ဟာ ကလေးမီးဖွားပြီးတဲ့နောက် ကလေးကို ယာတောထဲသွားပြီး မြေမြှုပ်ခဲ့တာ ဖြစ်ပါတယ်။
    အဲဒီနောက် Ping Pong လို့ခေါ်တဲ့ ခွေးလေးဟာ ဒီကလေးငယ်ကို တွေ့ရှိခဲ့ပြီး နွားကျောင်းတဲ့ သူ့ရဲ့သခင်ကို ကလေးမြှုပ်ထားတဲ့နေရာကို ခေါ်သွားခဲ့ပါတယ်။
    ဒီကိစ္စမှာ စုံစမ်းစစ်ဆေးမှုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် Panuvat Udkam က မိခင်က ကလေးငယ်ကို မြှုပ်ပြီး သိပ်မကြာခင်မှာ ခွေးလေးက ကလေးငယ်ကို တွေ့သွားတာ ဖြစ်ကြောင်း၊ ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး ဆေးရုံမှာ ကျန်းကျန်းမာမာ ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
    ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မိခင်ကိုတော့ လူသတ်ရန်ကြိုးစားမှု၊ ကလေးစွန့်ပစ်မှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။
    Udkam က မိန်းကလေးငယ်ဟာ သူမ ကိုယ်ဝန်ရှိတာကို မိဘတွေ သိသွားမှာ စိုးရိမ်တဲ့အတွက် ဒီလို စွန့်ပစ်တာဖြစ်နိုင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ping Pong ရဲ့ ဒီလုပ်ရပ်အတွက် ထိုင်းမီဒီယာတွေက ချီးကျူးဖော်ပြကြပြီး ဆိုရှယ်မီဒီယာသုံးစွဲတဲ့ ထိုင်းပြည်သူတွေကလည်း ဒီသတင်းကို ပြန်လည်မျှဝေတာ၊ ခွေးလေးကို ချီးမွမ်းတာတွေ လုပ်ဆောင်လာကြပါတယ်။
    Ref: CNA
  • နန်းတက် ဘိသိက်ခံရန် ရက်ပိုင်းအလိုတွင် ထိုင်းဘုရင် လက်ထက်ထိမ်းမြား
    နန်းတက် ဘိသိက်ခံရန် ရက်ပိုင်းအလိုတွင် ထိုင်းဘုရင် လက်ထက်ထိမ်းမြား
    မေ ၂၊ ၂၀၁၉
    M-Media
    ထိမ်းမြားလက်ထပ်မှု မြင်ကွင်း
    – မေလ ၄ ရက်နေ့မှာ နန်းတက် ဘိသိက်ခံယူဖို့ရှိနေတဲ့ ထိုင်းဘုရင် မဟာ ၀ိဇယလောင်ကွန်ဟာ  ရုတ်တရက် ထိမ်းမြား လက်ထပ်လိုက်ပါတယ်။
    ဘုရင့်အစောင့်တပ်ဖွဲ့က ဒုတိယအကြီးအကဲ ဆုသီတာ တီဂျိုင်းနဲ့ မနေ့က လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပြီး ကြင်ယာတော်ကို မိဖုရားအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဘုရင် မဟာဝိဇယလောင်ကွန်ရဲ့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားမှု သတင်းနဲ့ ပုံရိပ်တွေကို ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ကြေငြာခဲ့ပြီး ပြည်သူလူထုက အံ့အားသင့်ခဲ့ကြပါတယ်။
    ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ နတ်ရွာစံသွားတဲ့ ဖခင် ဘူမိဘော အဒူရာဂျက်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့  သက်တော် ၆၆ နှစ်အရွယ် မဟာဝိဇယလောင်ကွန်ဟာ ‘ဒဿမမြောက် ရာမမင်း’ ဘွဲ့အမည်ကို ခံယူထားပါတယ်။ လာမယ့် စနေနေ့နေ့မှာ နန်းတက်ဘိသိက်ခံယူပွဲကို ကျင်းပမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ တိုင်းသူပြည်သားတွေရဲ့ ပူဇော်မှုကို ခံယူမှာ ဖြစ်ပါတယ်။
    မိဘုရား ဆုသီတာ တီဂျိုင်းဟာ ထိုင်းလေကြောင်းလိုင်းက လေယာဉ်မယ်ဟောင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ၀ိဇယလောင်ကွန်က သူ့ရဲ့ အစောင့်တပ်ဖွဲ့ ဒုတိယအကြီးအကဲအဖြစ် တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
    သတင်းမီဒီယာတွေက ဆုသီဒါနဲ့ ၀ိဇယလောင်ကွန်တို့ ချစ်ကျွမ်းဝင်နေကြတယ်လို့ အဲဒီတုန်းက ဖော်ပြခဲ့ဖူးပေမယ့် ထိုင်းတော်ဝင်မိသားစုက အတည်ပြုခြင်း မရှိခဲ့ပါဘူး။
    ၂၀၁၆ ခုနှစ်မှာ ဆုသီဒါဟာ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှာ ထိုင်းဘုရင့် အစောင့်တပ်ရဲ့ ဒုတိယ အကြီးအကဲအဖြစ်လည်းကောင်း ရာထူးတိုးပေးခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် Thanpuying လို့ခေါ်တဲ့ တော်ဝင်ဘွဲ့အမည်ကိုလည်း ၀ိဇယလောင်ကွန်က အပ်နှင်းခဲ့ပါတယ်။
    မနေ့က ထိမ်းမြားလက်ထပ်ပွဲ အခမ်းအနားကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအပါအ၀င် အစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
    မဟာဝိဇယလောင်ကွန်ဟာ အရင်က ၃ ကြိမ် အိမ်ထောင်ပြုခဲ့ဖူးပြီး နောက်ပိုင်းမှာ ကွာရှင်းခဲ့ပါတယ်။ တတိမြောက်ဇနီးနဲ့ ၂၀၁၄ ခုနှစ်မှာ သားတော်တစ်ပါး ထွန်းကားခဲ့ပါတယ်။
    Ref: Aljazeera
  • ဘန်ကောက်ရှိ နာမည်ကြီးရှော့ပင်းစင်တာတွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂ ဦးသေဆုံး
    ဘန်ကောက်ရှိ နာမည်ကြီးရှော့ပင်းစင်တာတွင် မီးလောင်မှုကြောင့် အနည်းဆုံး ၂ ဦးသေဆုံး
    ဧပြီ ၁၀၊ ၂၀၁၉
    M-Media
    မီးလောင်မှုပုံရိပ်
    – ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ကောင်က နာမည်ကြီး ဈေးဝယ်စင်တာ Central World မှာ ဒီကနေ့ ညနေပိုင်းက မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ တော်တော်များများ ရှိနေပါတယ်။
    Central World ဟာ ဈေးဝယ်စင်တာအပြင် လူနေအိမ်တွေ၊ ဟိုတယ်တွေရှိတဲ့ အဆောက်အဦးဖြစ်ပြီး ၈ လွှာက စာရွက်စာတမ်း ထားတဲ့အခန်းကနေ ညနေ ၆ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းတာလို့ ထိုင်းမီဒီယာတစ်ချို့က ဖော်ပြကြပါတယ်။
    ဘန်ကောက်မြို့တော်ဝန် အက်စ်ဝင် ကွမ်မူအန်က မီးလောင်မှုအတွင်း အနည်းဆုံး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်လို့ ပြောကြားခဲ့ပါတယ်။ မီးဘေးကနေ လွတ်မြောက်ဖို့အတွက် ပြတင်းပေါက်ကနေ ခုန်ချရင်း သေဆုံးသွားသူတွေလည်း ရှိနေပါတယ်။ ဈေးဝယ်စင်တာက လူအများအပြားကို ဘေးလွတ်ရာကို အလျင်အမြန် ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။
    ဘန်ကောက်မြိုရဲ့ အချက်အခြာနေရာမှာ တည်ရှိတဲ့ Central World ဈေးဝယ်စင်တာဟာ ၂၀၁၀ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုမှာ မီးရှို့ခံခဲ့ရဖူးပါတယ်။
    Ref: CNA
  • ထိုင်းရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုရှိနေ
    ထိုင်းရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုရှိနေ
    မတ် ၂၅၊ ၂၀၁၉
    M-Media
    – တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေပြီး အဓိကနိုင်ငံရေးပါတီတွေကြားထဲမှာလည်း ရလဒ်နဲ့ပတ်သက်လို့ အခြေအတင်ဖြစ်နေပါတယ်။
    ထိုင်းရွေးကောက်ပွဲကော်မရှင်ဟာ ရလဒ်ထုတ်ပြန်မယ့်အချိန်ကို တနင်္ဂနွေနေ့ ညနေကနေ တနင်္လာနေ့မနက်၊ နောက်ပိုင်းမှာ တနင်္လာနေ့ နေ့လည်အထိ ရွှေ့ပြောင်းခဲ့ပေမယ့် ညနေအထိ ရလဒ်အပြည့်အစုံကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
    တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ အမတ် ၃၅၀ စာရင်းကို ထုတ်ပြန်ထားရမှာ Pheu Thai ပါတီက ၁၃၈ နေရာနိုင်ကာ၊ စစ်တပ်ကျောထောက်နောက်ခံပြု Palang Pracharat ပါတီက ၉၆ နေရာ နိုင်ထားပါတယ်။ Pheu Thai ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ ပါတီဖြစ်ပြီး Palang Pracharat ပါတီကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို သစ္စာခံတဲ့ပါတီ ဖြစ်ပါတယ်။
    နိုင်ငံရေးပါတီတွေ အချိုးကျ ၀င်ပြိုင်ရတဲ့ အမတ်နေရာ ၁၅၀ ရဲ့ ရလဒ်စာရင်းတွေကိုတော့ ထုတ်ပြန် နိုင်ခြင်း မရှိသေးပါဘူး။
    Pheu Thai ပါတီခေါင်းဆောင် ဆူဒါရတ် ကီယူရာဖန်က သူတို့အနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ဆွေးနွေးနေတယ်လို့ ဒီကနေ့မနက်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ Pheu Thai ပါတီဟာ ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။
    ထိုင်းရွေးကောက်ပွဲကော်မရှင်က ရလဒ်တွေ ရှုပ်ထွေးမှုဖြစ်နေတာဟာ မီဒီယာတွေက ကိုယ့်သဘောနဲ့ကိုယ် မဲရုံတွေမှာ မေးမြန်းဖော်ပြမှုတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Palang Pracharat ပါတီကလည်း သူတို့ဟာ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာကို ရရှိခဲ့တယ်လို့ မဲဆန္ဒနယ်တွေမှာ သတင်းတွေ ဖြန့်နေကြပါတယ်။
    တနင်္ဂနွေနေ့က ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမကျင်းပခင်မှာ အာဏာသိမ်းအစိုးရက အခြေခံဥပဒေကို ပြင်ဆင်ကာ အဓိက နိုင်ငံရေးပါတီတွေ အာဏာအားနည်းသွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
    Ref: Aljazeera
  • ၀န်ကြီးချုပ်အဖြစ်ယှဉ်ပြိုင်မည့်ကိစ္စအတွက် ထိုင်းဘုရင့်အမတော်က ပြည်သူကို ပြန်တောင်းပန်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉
    M-Media
    – ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုမှာ ပယ်ချခံလိုက်ရတဲ့ ထိုင်းဘုရင့်အမတော် အူဘိုလ်ရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာ က ထိုင်းပြည်သူတွေကို အခက်အခဲဖြစ်အောင် လုပ်ဆောင်မိတဲ့အတွက် တောင်းပန်ကြောင်း ပြောကြားလိုက်ပါတယ်။
    လာမယ့်လမှာပြုလုပ်မယ့် ရွေးကောက်ပွဲမှာ Thai Raksa Chart ပါတီ ကိုယ်စားပြု ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မင်းသမီးက အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အမည်စာရင်းတင်သွင်းပြီး နာရီပိုင်းအကြာမှာပဲ ထိုင်းဘုရင် ၀ိဇယလောင်ကွန်က ကြေငြာချက်ထုတ်ပြန်ကာ ဒီလုပ်ရပ်ကို ကန့်ကွက်ခဲ့ပါတယ်။
    ထိုင်းရွေးကောက်ပွဲကော်မရှင်ကလည်း တော်ဝင်အသိုင်းအ၀ိုင်းကသူတွေဟာ နိုင်ငံရေးမှာ ကြားနေဖြစ်ရမှာကြောင့် မင်းသမီးကို ၀န်ကြီးချုပ်လောင်းအဖြစ် ရွေးချယ်ခြင်း မပြုခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
    မင်းသမီးကတော့ ဒီကိစ္စတွေအတွက် မနေ့က ပြန်လည်တောင်းပန်ခဲ့ပါတယ်။
    “ကျွန်မ တောင်းပန်ပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးချင်တဲ့ စေတနာနဲ့ လုပ်လိုက်တာပါ။ အခုလိုခေတ်အခါမျိုးမှာ မဖြစ်သင့်တဲ့ ပြဿနာမျိုး ထိုင်းပြည်သူတွေ ကြုံတွေ့ခဲ့ရတာပါ” လို့ မင်းသမီး အူလ်ဘိုရတ္တနာက Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    သူမကို တော်ဝင်မိသားစုဝင်အဖြစ်သာ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ ထိုင်းပြည်သူတစ်ချို့က ပြောကြားမှုတွေရှိနေပါတယ်။ သူမကတော့ မိမိဟာ တော်ဝင်မိသားစုနဲ့ မဆိုင်တော့ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
    “မင်းသမီးနေရာမှာ ဆက်ပြီး မရှိချင်တော့ပါဘူး။ ဒီနေရာကို စွန့်လွှတ်ခဲ့တာ တော်တော်ကြာပါပြီ”
    အူဘိုလ်ရတ္တနာဟာ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့အတွက် ထီးမွေနန်းမွေကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
    လာမယ့်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာလည်း ၀န်ကြီးချုပ်အဖြစ် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
    တော်ဝင်မိသားစုကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်စေမှုအတွက် Thai Raksa Chart ပါတီကို ဖျက်သိမ်းရေး ထိုင်းရွေးကောက်ပွဲကော်မရှင်က စဉ်စားသုံးသပ်နေပါတယ်။ Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နီးစပ်သူတွေ စုပေါင်းတည်ထောင်ထားတဲ့ပါတီ ဖြစ်ပါတယ်။
    Thai Raksa Chart ပါတီရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကော်မရှင်အနေနဲ့ မျှမျှတတဆုံးဖြတ်ဖို့ မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
    Ref: Reuters