မေ ၂၊ ၂၀၁၉
M-Media

– မေလ ၄ ရက်နေ့မှာ နန်းတက် ဘိသိက်ခံယူဖို့ရှိနေတဲ့ ထိုင်းဘုရင် မဟာ ၀ိဇယလောင်ကွန်ဟာ ရုတ်တရက် ထိမ်းမြား လက်ထပ်လိုက်ပါတယ်။
ဘုရင့်အစောင့်တပ်ဖွဲ့က ဒုတိယအကြီးအကဲ ဆုသီတာ တီဂျိုင်းနဲ့ မနေ့က လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပြီး ကြင်ယာတော်ကို မိဖုရားအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဘုရင် မဟာဝိဇယလောင်ကွန်ရဲ့ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားမှု သတင်းနဲ့ ပုံရိပ်တွေကို ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ကြေငြာခဲ့ပြီး ပြည်သူလူထုက အံ့အားသင့်ခဲ့ကြပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ နတ်ရွာစံသွားတဲ့ ဖခင် ဘူမိဘော အဒူရာဂျက်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တဲ့ သက်တော် ၆၆ နှစ်အရွယ် မဟာဝိဇယလောင်ကွန်ဟာ ‘ဒဿမမြောက် ရာမမင်း’ ဘွဲ့အမည်ကို ခံယူထားပါတယ်။ လာမယ့် စနေနေ့နေ့မှာ နန်းတက်ဘိသိက်ခံယူပွဲကို ကျင်းပမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ တိုင်းသူပြည်သားတွေရဲ့ ပူဇော်မှုကို ခံယူမှာ ဖြစ်ပါတယ်။
မိဘုရား ဆုသီတာ တီဂျိုင်းဟာ ထိုင်းလေကြောင်းလိုင်းက လေယာဉ်မယ်ဟောင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ၀ိဇယလောင်ကွန်က သူ့ရဲ့ အစောင့်တပ်ဖွဲ့ ဒုတိယအကြီးအကဲအဖြစ် တာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းမီဒီယာတွေက ဆုသီဒါနဲ့ ၀ိဇယလောင်ကွန်တို့ ချစ်ကျွမ်းဝင်နေကြတယ်လို့ အဲဒီတုန်းက ဖော်ပြခဲ့ဖူးပေမယ့် ထိုင်းတော်ဝင်မိသားစုက အတည်ပြုခြင်း မရှိခဲ့ပါဘူး။
၂၀၁၆ ခုနှစ်မှာ ဆုသီဒါဟာ ထိုင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှာ ထိုင်းဘုရင့် အစောင့်တပ်ရဲ့ ဒုတိယ အကြီးအကဲအဖြစ်လည်းကောင်း ရာထူးတိုးပေးခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် Thanpuying လို့ခေါ်တဲ့ တော်ဝင်ဘွဲ့အမည်ကိုလည်း ၀ိဇယလောင်ကွန်က အပ်နှင်းခဲ့ပါတယ်။
မနေ့က ထိမ်းမြားလက်ထပ်ပွဲ အခမ်းအနားကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအပါအ၀င် အစိုးရအကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
မဟာဝိဇယလောင်ကွန်ဟာ အရင်က ၃ ကြိမ် အိမ်ထောင်ပြုခဲ့ဖူးပြီး နောက်ပိုင်းမှာ ကွာရှင်းခဲ့ပါတယ်။ တတိမြောက်ဇနီးနဲ့ ၂၀၁၄ ခုနှစ်မှာ သားတော်တစ်ပါး ထွန်းကားခဲ့ပါတယ်။
Ref: Aljazeera