News @ M-Media

Tag: thailand

  • ထိုင်းနိုင်ငံက ကွန်ဒိုစျေးကွက်ကို စိုးမိုးထားတဲ့ မြန်မာ

    ထိုင်းနိုင်ငံက ကွန်ဒိုစျေးကွက်ကို စိုးမိုးထားတဲ့ မြန်မာ

    မေ ၂၉၊ ၂၀၂၄

    M-Media 


    -၂၀၂၄ ခုနှစ် ပထမ ၃ လပတ် ထိုင်နိုင်ငံတစ်၀ှမ်း နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမှု မြင့်တက်လာခဲ့ပြီး ဒါဟာ တရုတ်၊ မြန်မာနဲ့ ရုရှားနိုင်ငံတို့က ၀ယ်လက်တွေကြောင့် ဖြစ်တယ်လို့ ထိုင်း အိမ်ခြံမြေ စောင့်ကြည့်ရေးအဖွဲ့ REIC က ထုတ်ပြန်ပါတယ်။ 

    ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်မှာ ထိုင်းနိုင်ငံတစ်၀ှမ်း နိုင်ငံခြားသားတွေ ကွန်ဒို၀ယ်ယူမှုနှုန်းဟာ ၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဒီနှစ်မှာ ၅ ဒဿမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ 

    ဘတ်ငွေ ၁၈ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ကွန်ဒိုအခန်းပေါင်း ၃၉၃၈ ခန်း နိုင်ငံခြးသားတွေကို လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ 

    ဒီမြင့်တက်မှုဟာ တရုတ်၊ မြန်မာနဲ့ ရုရှားနိုင်ငံသားတွေရဲ့ ၀ယ်လိုအားကြောင့်ဖြစ်တယ်လို့ REIC ရဲ့ အကြီးအကဲ ဗီချိုင် ဗီရက်ကာပန်က ပြောပါတယ်။ 

    “ပြည်တွင်းက ၀ယ်လိုအားက ကျလာပါတယ်။ နိုင်ငံခြား ၀ယ်လိုအားသာ မရှိဘူးဆိုရင် ကွန်ဒိုတိုက်ခန်း ရောင်းချရမှုနှုန်း ကျဆင်းလာမယ်ဆိုတဲ့ သဘောပါ”

    ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်း ၀ယ်ယူမှု မြင့်မားလာတာ ဖြစ်ပါတယ်။ 

    မြန်မာနိုင်ငံသားတွေ အများဆုံး၀ယ်ယူတဲ့ နေရာတွေကတော့ ဘန်ကောက်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင်နဲ့ တာ့က်ခရိုင်တို့မှာ ဖြစ်ပါတယ်။

    Ref: Bangkok Post 

  • အာဖရိကကို အရည်အသွေးနိမ့်ဆန် တင်သွင်းရန် စီစဥ်မှုကြောင့် ပြဿနာတက်နေတဲ့ ထိုင်း

    အာဖရိကကို အရည်အသွေးနိမ့်ဆန် တင်သွင်းရန် စီစဥ်မှုကြောင့် ပြဿနာတက်နေတဲ့ ထိုင်း

    မေ ၂၈၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ဆန်အဟောင်းဖြင့် ချက်ထားသည့် ထမင်းကို စားပြနေသည့် ထိုင်းဒုတိယ၀န်ကြီးချုပ်)

    -လွန်ခဲ့တဲ့ ၁၀ နှစ်က သိုလှောင်ထားတဲ့ အရည်အသွေးနိမ့်ဆန်တွေ ရောင်းချဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် အာဖရိကနိုင်ငံတွေဟာ ထိုင်းအစိုးရထံကနေ ဖြေရှင်းချက် တောင်းလာကြပါတယ်။ 

    ၂၀၁၄ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းဖြုတ်ချမှုကို ခံလိုက်ရတဲ့ ၀န်ကြီးချုပ် ယင်လပ် ရှင်နာ၀ပ်ထရာလက်ထက်က သိုလှောင်ထားတဲ့ ဆန်တန်ချိန် ၁၅၀၀၀ ကို အာဖရိကနိုင်ငံတွေကို ရောင်းချဖို့ ထိုင်းက စီစဥ်ထားတာ ဖြစ်ပါတယ်။ 

    ဓာတ်ခွဲစမ်းသပ်မှုတွေအရ ဒီဆန်တွေဟာ စားသုံးဖို့ သင့်တော်တယ်လို့ အဖြေထွက်ပေမယ့်၊ သိုလှောင်ထားမှု၊ အရည်အသွေးတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိနေတာပါ။ 

    အာဖရိကနိုင်ငံတွေကလည်း ဒီကိစ္စအတွက် ထိုင်းအစိုးရထံ မေးမြန်းမှုတွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနက သံတမန်တွေနဲ့ တွေ့ဆုံ ဖြေရှင်းသွားမယ်လို့ ဒုတိယ၀န်ကြီးချုပ် ဖွန်သမ် ၀ီချာယာချိုင်က ပြောပါတယ်။ 

    နိုင်ငံခြားစျေးကွက်ကို တင်သွင်းမယ့်ဆန်တွေကို ကုန်သွယ်ရေး၀န်ကြီးဌာနက သတ်မှတ်ချက်တွေအတိုင်း အသေအချာ စစ်ဆေးပြီးမှ တင်ပို့တာလို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref : Bangkok Post 

  • မြန်မာပြဿနာပြေလည်ရေး ထိုင်းနိုင်ငံက ဖိဖိစီစီး ဆောင်ရွက်နေ

    မြန်မာပြဿနာပြေလည်ရေး ထိုင်းနိုင်ငံက ဖိဖိစီစီး ဆောင်ရွက်နေ

    မေ ၂၄၊ ၂၀၂၄

    M-Media


    – အိမ်နီးချင်းမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာကို အဆုံးသတ်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ဖိဖိစီးစီး လုပ်ဆောင်နေတယ်လို့ ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။ 

    ဂျပန်နိုင်ငံ တိုကျိုမြို့က Nikkei’s Future of Asia Forum မှာ ထိုင်း၀န်ကြီးချုပ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

    အာဆီယံအဖွဲ့ လက်ရှိ ဥက္ကဌ လာအိုနိုင်ငံ၊ အခြားအာဆီယံအဖွဲ့၀င် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး၊ ထိုင်းနယ်စပ်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပိုမိုပေးအပ်နေတယ်လို့လည်း  သာဗီဆင်က ပြောပါတယ်။ 

    “ငြိမ်းချမ်းတည်ငြိမ်ပြီး၊ ညီညွတ်တဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးအတွက် ကျွန်တော်တို အတူတကွ ဖိဖိစီးစီး ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်တာကို ကျွန်တော်တို့ မြင်ချင်ပါတယ်”

    ထိုင်းနဲ့ကပ်နေတဲ့ မြ၀တီနယ်စပ်မှာ ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ကရင်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက် စစ်တပ်တွေ ချထားတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ 

    Ref: Bangkok Post

  • မြန်မာကိစ္စ သက်ဆင်၀င်ပါမှု သမီးဖြစ်သူ ဖေထုံတန် ၀င်ရှင်း

    မြန်မာကိစ္စ သက်ဆင်၀င်ပါမှု သမီးဖြစ်သူ ဖေထုံတန် ၀င်ရှင်း

    မေ ၁၆၊ ၂၀၂၄

    M-Media 


    -မြန်မာနိုင်ငံက မတည်ငြိမ်မှုကိစ္စတွေမှာ ဖခင်ဖြစ်သူ ၀င်ပါမှုဟာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက်ဖြစ်တယ်လို့ ထိုင်းအာဏာရ ဖွေထိုင်းပါတီခေါင်းဆောင် ဖေထုံတန် ရှင်နာ၀ပ်ထရာက ပြောပါတယ်။ 

    ဖေထုံတန်ဟာ ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာရဲ့ သမီးဖြစ်ပါတယ်။ 

    သက်ဆင်ဟာ မကြာသေးခင်က NUG၊ KIA၊ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

    ဒီသတင်းကြောင့် ထိုင်းနိုင်ငံရေးလောကမှာ သက်ဆင်ကို ၀ေဖန်မှုတွေ ရှိလာခဲ့ပြီး ထိုင်းလွှတ်တော်ရဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ကော်မတီက စုံစမ်းမှုတွေ လုပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

    ကော်မတီဥက္ကဌ ရန်ဆီမန် ရိုမီက ထိုင်းအစိုးရမှာ ဘာ၀ာာ၀န်မှ မယူထားတဲ့ သက်ဆင်အနေနဲ့ မြန်မာလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှုဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာ မူ၀ါဒအပေါ် ရှုပ်ထွေးမှု ဖြစ်စေတယ်လို့ ၀ေဖန်ခဲ့ပါတယ်။ 

    သက်ဆင်ရဲ့ သမီး ဖေထုံတန်က ဖခင်ဟာ ထိုင်းနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံကို စိုးရိမ်တဲ့အတွက် လုပ်ဆောင်ခဲ့တာလို့ ကာကွယ်ပြောဆိုပါတယ်။ 

    “နိုင်ငံရပ်ခြားမှာ ၁၇ နှစ်လောက် နေခဲ့ရပေမယ့် အဖေဟာ ထိုင်းလူမျိုးတွေကို ဂရုစိုက်နေတုန်းပါ။ ကူညီနိုင်တာတွေ ကူညီချင်သူပါ”

    သက်ဆင် သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ချိန် (၂၀၀၁-၂၀၀၆) နယ်စပ်ဒေသ မူးယစ်ဆေး၀ါး နှိမ်နှင်းရေးမှာ မြန်မာစစ်တပ်၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုဟာ အခုအချိန်အထိ ရှိနေသေးတယ်လို့လည်း ဖေထုံတန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    သက်ဆင်နဲ့ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံမှုအတွင်း ဘယ်လိုရလဒ်မျိုး ထွက်လာလဲဆိုတာ မသိရှိဘဲ၊ ဖခင်နဲ့လည်း မတွေ့ရသေးဘူးလို့ သူက ဆိုပါတယ်။ 

    မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်ကတော့ သက်ဆင်ဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြား၀င်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပြီး မိမိတို့ဖက်က ငြင်းဆိုလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ 

    Ref: The Nation 

  • မြန်မာပဋိပက္ခကြောင့် ထိုင်းက နယ်စပ်ကို ပိုမိုတင်းကြပ်မည်

    မြန်မာပဋိပက္ခကြောင့် ထိုင်းက နယ်စပ်ကို ပိုမိုတင်းကြပ်မည်

    မေ ၁၃၊ ၂၀၂၄

    M-Media 


    -မြန်မာနိုင်ငံဖက်မှာ ပဋိပက္ခတွေ ပိုမိုမြင့်တက်လာတဲ့အချိန် မိမိတို့ရဲ့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ပိုမိုအားထုတ်လုပ်ဆောင်နေတယ်လို့ ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။ 

    မေလ ၁၁ ရက်နေ့ ကန်ချာနာဘူရီပြည်နယ် ခရီးစဥ်မှာ ဆရက်သာက မြန်မာနယ်စပ် လုံခြုံရေးကိစ္စတွေကိုပါ ဆွေးနွေးသုံးသပ်ခဲ့ပါတယ်။ 

    ထိုင်းစစ်တပ်ရဲ့ ပြည်နယ်အခြေစိုက် တပ်မှူးတွေက လက်ရှိပြုလုပ်ထားတဲ့ နယ်စပ်လုံခြုံရေး အစီအမံတွေအပြင် နယ်စပ်၀င်ပေါက်တွေပါ ပိတ်ပစ်ဖို့ အကြံပြုခဲ့တယ်လို့ ဆရက်သာက ပြောပါတယ်။ 

    ပြဿနာတွေဟာ လုံခြုံရေးတင်မကဘဲ မှောင်ခိုလုပ်ငန်း၊ မူးယစ်ကုန်ကူးမှုအထိ ကျယ်ပြန့်ပြီး နယ်စပ်အင်အား ထပ်တိုးဖို့ မြန်မာဖက်က ၀င်လာသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ ကိစ္စတွေကိုပါ ပြင်ဆင်ထားဖို့လိုကြောင်း ထိုင်း၀န်ကြီးချုပ်က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ 

    လက်ရှိ ထိုင်းနိုင်ငံဟာ မြန်မာဖက်က ထပ်တိုးဒုက္ခသည် အနည်းဆုံး ၅၀၀၀ လောက်ကို လက်ခံနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 

    မှောင်ခိုကုန်ပစ္စည်း စီးဆင်းမှုပြဿနာကို ဖြေရှင်းဖို့အတွက် ဒရုန်းနဲ့ X-ray လို နည်းပညာတွေကို အသုံးပြုနေပြီး၊ နိုင်ငံရဲ့လုံခြုံရေးကို ပိုမိုကာကွယ်နိုင်ဖို့ ဘက်ဂျက်ထပ်မံချထားပေးမယ်လို့လည်း ဆရက်သာက ကတိပြုခဲ့ပါတယ်။ 

    Ref: The Nation