News @ M-Media

Tag: UAE

  • ယူအေအီး ပညာရှင်တစ်ဦး နိုင်ငံတကာ တီထွင်မှုပြိုင်ပွဲတွင် ဆုတံဆိပ် အများအပြား ရရှိ

    ယူအေအီး ပညာရှင်တစ်ဦး နိုင်ငံတကာ တီထွင်မှုပြိုင်ပွဲတွင် ဆုတံဆိပ် အများအပြား ရရှိ

    သြဂုတ် ၃၁၊ ၂၀၁၆
    M-Media

    UAE 2

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ ပညာရှင်တစ်ဦးဖြစ်သူ အဟ်မဒ် အဗ္ဗဒူလာ မာဂျန်မှာ ‘ကနေဒါ နိုင်ငံတကာတီထွင်ကွန့်မြူးနိုင်စွမ်းပြိုင်ပွဲ’ (iCAN 2016) ၌ ရွှေတံဆိပ်ဆု သုံးခုနှင့် ငွေတံဆိပ်ဆုနှစ်ခုတို့ ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါ ပြိုင်ပွဲကို စီစဉ်ခဲ့သည့် တိုရွန်တို နိုင်ငံတကာ တီထွင်ဖန်တီးရေးနှင့် အဆင့်မြင့်ကျွမ်းကျင်မှု အတတ်ပညာအဖွဲ့အစည်း (TISIAS) ကလည်း အရှေ့အလယ်ပိုင်းဒေသမှ အကောင်းဆုံးတီထွင်နိုင်သူအဖြစ် မာဂျန်ကို ဆုဖလားချီးမြှင့်ခဲ့ပြီး၊ ပြိုင်ပွဲအတွက် အကောင်းဆုံးတီထွင်မှု ဆုတံဆိပ်ကိုလည်း ချီးမြှင့်ခဲ့သည်။

    အဆိုပါပြိုင်ပွဲ၌ မာဂျန်မှာ တစ်ဦးချင်း တီထွင်ယှဉ်ပြိုင်သူအနေဖြင့် ဆုတံဆိပ်အမြောက်အများကို ဆွတ်ခူးခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု တီထွင်မှု ၃၄ ခုကို ပြုလုပ်နိုင်ခဲ့သည်။

    နိုင်ငံတကာ တီထွင်ဖန်တီးသူများအသင်း အဖွဲ့ချုပ် (IFIA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မာဂျန်မှာ ၎င်း၏ မော်ကွန်းတင်အောင်မြင်မှု ရရှိနိုင်ရေး တီထွင်မှု၊ ဖန်တီးမှုနှင့် သိပ္ပံဆိုင်ရာ တိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့ပေးသည့် သမ္မတ ရှိခ် ခလီဖာဘင် ဇေယဒ် အလ်-နဟ်ယန်၊ UAE အစိုးရနှင့် ပြည်သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

    မာဂျန်မှာ စမတ်နည်းပညာသုံး ဆိုင်ကယ်စီးဦးထုပ်၊ စမတ်နည်းပညာသုံး မြင်းကုန်းနှီး၊ နေရောင်ခြည်စွမ်းအင်သုံး တိရစ္ဆာန် ထောက်လှမ်းရေးကိရိယာ စသည်တို့ တီထွင်မှုအတွက် ရွှေတံဆိပ် သုံးခု ရရှိခဲ့သည်။ ဆိုင်ကယ်စီးဦထုပ်မှာမူ အရှေ့အလယ်ပိုင်း၏ အကောင်းဆုံး တီထွင်မှုဆုကိုလည်း ရရှိခဲ့သည်။

    နေရာင်ခြည်စွမ်းအင်သုံး စက်ဘီးထောက်လှမ်းရေးကိရိယာနှင့် သက်ကြီးရွယ်အိုများအတွက် စမတ်နည်းပညာသုံး တုတ်ချောင်း စသည်တို့အတွက် ငွေတံဆိပ်ဆုနှစ်ခု ချီးမြှင့်ခံခဲ့ရသည်။

    Ref : IINA

  • ယူအေအီးအမျိုးသမီးများ၏ အောင်မြင်မှုမှာ မယုံနိုင်လောက်စရာဟု အမျိုးသမီးအကြီးအကဲ ပြော

    ယူအေအီးအမျိုးသမီးများ၏ အောင်မြင်မှုမှာ မယုံနိုင်လောက်စရာဟု အမျိုးသမီးအကြီးအကဲ ပြော

    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media

    UAE

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံမှ အမျိုးသမီးများမှာ နယ်ပယ်အားလုံးတွင် မယုံနိုင်လောက်သည့် အောင်မြင်မှုများ ရရှိခဲ့ပြီး တိုင်းပြည်၏ တိုးတက်မှု၊ ဉာဏ်သစ်လောင်းမှုတွင် အမျိုးသားများနှင့် တန်းတူညီတူ ပါဝင်ဆောင်ရွက်နေသည်ဟု ယူအေအီး အမျိုးသမီးသမဂ္ဂ GWU မှ ဥက္ကဌဖြစ်သူ ရှိခ်ခါ ဖာတီမာ ဘင်သီ မူဘာရက်က ပြောကြားလိုက်သည်။

    သြဂုတ်လ ၂၈ ရက်နေ့တွင် ကျရောက်သည့် ‘အီမရိတ်အမျိုးသမီးများနေ့’ ကို ဂုဏ်ပြုသောအားဖြင့် စနေနေ့က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး၊ ယူအေအီးအမျိုးသမီးများ၏ ထိုအောင်မြင်မှုမှာ မတော်တဆဖြစ်လာခြင်းမျိုး မဟုတ်ဟု ဆိုသည်။

    “အီမရိတ်အမျိုးသမီးတွေရဲ့ ဒီလို အထင်ကြီးလောက်စရာ အောင်မြင်မှုတွေဟာ မတော်တဆ ဖြစ်လာတာမျိုး မဟုတ်ဘဲ သူတို့လုပ်နိုင်တယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေးတွေပေးခဲ့တဲ့ နိုင်ငံခေါင်းဆောင်ပိုင်းရဲ့ ကြီးမားတဲ့ ကူညီထောက်ပံ့မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကနေ ရရှိခဲ့တဲ့ ဒီအောင်မြင်မှုဟာ သူတို့ရဲ့ ကြီးကျယ်တဲ့ လုပ်နိုင်စွမ်းနဲ့အတူ ရှေ့ဆက်သွားနေမှာ ဖြစ်ပါတယ်” ဟု ရှိခ်ခါ ဖာတီမာက ထပ်လောင်းပြောကြားခဲ့သည်။

    အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ပေးမှုကို အုတ်မြစ်ချပေးခဲ့သည့် ကွယ်လွန်သူ ရှိခ် ဇာယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန်ကိုလည်း ချီးကျူးခဲ့သည်။

    “ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ စောင်မမှု၊ ကျွန်မတို့ရဲ့ အသိပညာကြွယ်ဝတဲ့ ခေါင်းဆောင်ပိုင်းရဲ့ အကန့်အသတ်မဲ့ ဖေးမကူညီမှုတွေကြောင့် ယူအေအီး အမျိုးသမီးတွေဟာ ပညာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့မိသားစု စောင့်ရှောက်ရေးတွေမှာ အောင်မြင်မှုပေါ် အောင်မြင်မှု ထပ်ခဲ့ပါတယ်”

    ထို့ပြင် ယူအေအီးအမျိုသမီးများမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် ကောင်းမွန်သောအနေအထားသို့ ရောက်ရှိနေကြောင်း၊ ၎င်းတို့၏ ကူညီမှုနှင့် အောင်မြင်မှုများက ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေသည်မှာ ထင်ရှားကြောင်း ဖာတီမာက ထပ်လောင်း ချီးကျူးခဲ့သည်။

    ရှိခ်ခါ ဖာတီမာမှာ မိသားစု ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် မိခင်နှင့်ကလေး ကောင်စီ၏ ဥက္ကဌများအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူလည်းဖြစ်သည်။

    Ref: Gulfnews

  • အစားအစာထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဆုတစ်ခုကို ဒူဘိုင်းမှ အစိုးရ၀န်ထမ်းတစ်ဦး ရရှိ

    အစားအစာထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာဆုတစ်ခုကို ဒူဘိုင်းမှ အစိုးရ၀န်ထမ်းတစ်ဦး ရရှိ

    သြဂုတ် ၁၀၊ ၂၀၁၆
    M-Media

    dubai

    – ၂၀၁၆ ခုနှစ်၏ စားနပ်ရိက္ခာကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာဦးဆောင်မှုဆုကို ယူအေအီးနိုင်ငံ ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ အစားအစာထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် ခါလစ် မိုဟာမက် အလ်-အာဝါဒီ ရရှိခဲ့သည်ဟု သိရသည်။

    နိုင်ငံတကာ အစားအစာ စောင့်ကြည့်ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော International Association for Food Protection (IAFP) အဖွဲ့က ပေးအပ်ချီးမြင့်ခဲ့ခြင်းဖြစ်ပြီး၊ အလ်-အာဝါဒီမှာ အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြီးခဲ့သည်တစ်ပတ်က ပြုလုပ်ခဲ့သော အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ၌ ထိုဆုကို တက်ရောက် ရယူခဲ့သည်။ IAFP အဖွဲ့က ထိုကဲ့သို့ ညီလာခံကို ပြုလုပ်နေသည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။

    ဒူဘိုင်းမြို့တွင် စားနိပ်ရိက္ခာ ဘေးကင်းရေးစနစ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ရာ၌ ထိရောက်သည့်အခန်းကဏ္ဍမှ ဦးဆောင်နိုင်သည့်အပေါ် အသိအမှတ်ပြုသောအားဖြင့် အလ်အာဝါဒီမှာ ထိုဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

    အလ်အာဝါဒီသည် ထိုဆုကိုလက်ခံရရှိသည့် အရှေ့အလယ်ပိုင်းမှ ပထမဆုံး အစိုးရ၀န်ထမ်းတစ်ဦး ဖြစ်ပြီး ထိုဆုက ဒူဘိုင်း၏ လူနေမှုအဆင့်အတန်း ကောင်းမွန်မှု၊ ဖွံ့ဖြိုးမှုနှင့် တီထွင်နိုင်စွမ်းရှိမှုတို့ကို ထင်အပ်ခြင်းလည်းဖြစ်သည်။

    အလ်-အာဝါဒီကမူ အဆိုပါဂုဏ်ပြုဆုမှာ နောက်ထပ်စီမံကိန်းများ ထပ်မံလုပ်ဆောင်နိုင်ရန် တွန်းအားပေးမည့် အရာတစ်ခုဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

    Ref; IINA

  • အီမရိတ်လေယာဉ်တစ်စင်း ဒူဘိုင်းလေဆိပ်၌ ဆင်းသက်စဉ် မီးလောင်

    အီမရိတ်လေယာဉ်တစ်စင်း ဒူဘိုင်းလေဆိပ်၌ ဆင်းသက်စဉ် မီးလောင်

    သြဂုတ် ၃၊ ၂၀၁၆
    M-Media

    emarate

    – အိန္ဒိယမှာ ပျံသန်းလာသည့် အီမရိတ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒူဘိုင်းလေဆိပ်၌ ဆင်းသက်ခဲ့ရပြီး မီးလောင်ခဲ့ကာ လိုက်ပါလာသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေဆိပ်ကို ပိတ်ပစ်ခဲ့ကာ လေယာဉ်ထွက်ခွာမှုနှင့် ဆိုက်ရောက်မှုအားလုံးကိုလည်း ရပ်နားခဲ့ရသည်။ ဆိုရှယ်မီဒီယာများတွင် ပျံနှံနေသည့်ဓာတ်ပုံများတွင် လေယာဉ်မှာမီးလောင်နေပြီး မီးခိုးလုံးကြီးများ ထွက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    အီမရိတ်လေကြောင်းလိုင်းကမူ အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အတည်ပြုခဲ့ပြီး ခရီးသည် ၂၈၂ ဦးနှင့် လေယာဉ်အမှုထမ်း ၁၈ ဦးလိုက်ပါသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုလေယာဉ်မှာ အိန္ဒိယနိုင်ငံ ကီရာလာမြို့ရှိ Trivandrum လေဆိပ်မှ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး မဆင်းသက်မီ စက္ကန့်အနည်းငယ်အလိုတွင် လေယာဉ်မှူးက အဆင်းဂီယာတွင် ပြဿနာရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ခရီးသည်များတွင် ဗြိတိန် ၂၄ ဦး၊ အမေရိကန် ၆ ဦး၊ အိုင်ယာလန်မှ ၄ ဦးတို့ပါဝင်ပြီး လေယာဉ်မီးမလောင်မီ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Dailymail, Aljazeera

  •   အီလက်ထရောနစ်ဝန်ဆောင်မှုတွင် ယူအေအီးက ကမ္ဘာ့အဆင့် ၈ ချိတ်

     အီလက်ထရောနစ်ဝန်ဆောင်မှုတွင် ယူအေအီးက ကမ္ဘာ့အဆင့် ၈ ချိတ်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    top chart2 English

    – ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာန ( UNDESA) က ထုတ်ပြန်တဲ့ အီလက်ထရောနစ်အခြေပြု အစိုးရဖွံ့ဖြိုးရေးညွှန်းကိန်း (EGDI) မှာ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံက ကမ္ဘာ့အဆင့် ၈ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

    အီလက်ထရောနစ် ၀န်ဆောင်မှု အကောင်းဆုံးပေးနိုင်မှုကို အခြေခံပြီး အဆင့်သတ်မှတ်တဲ့ အဲဒီ အညွှန်းကိန်းမှာ ယူအေအီးဟာ ပြီးခဲ့တစ်နှစ်ကထက်စာရင် အဆင့် ၄ ဆင့် တက်လာတာဖြစ်ပြီး အက်စတိုးနီးယားပြည်သူ့သမ္မတနိုင်ငံနဲ့အတူ အဆင့် ၈ မှာ ပူးတွဲတည်ရှိတာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရပ်ကမ္ဘာနဲ့ အနောက်အာရှဒေသအတွင်း အီလက်ထရောနစ်ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်တဲ့ စာရင်းမှာ ယူအေအီးဟာ အဆင့် ၁ နေရာမှာ ရှိနေပြီး၊ အာရှတိုက်အနေနဲ့ကြည့်မယ်ဆိုရင် အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

    အီလက်ထရောနစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအညွှန်းကိန်းမှာ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ဟာ အာရပ်ကမ္ဘာမှာ အဆင့် ၁ ချိတ်ပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၃၂ နေရာမှာသာ ရှိနေပါတယ်။

    “ယနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့် နံပါတ် ၈ ကို ရပါတယ်၊ ၂၀၂၁ မှာ အဆင့် ၁ ကိုရောက်အောင်ကြိုးပမ်းသွားပါမယ်၊ ဒါဟာ ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး၊ ကျွန်တော်တို့ အောင်မြင်မှုရဖို့နဲ့ ထိပ်ဆုံးရောက်ဖို့အတွက် နှစ်မြှုပ် ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်” လို့ ယူအေအီး ဆယ်သွယ်ရေးအာဏာပိုင်အဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ဟာမတ် အလ်မန်ဆူရီက ပြောပါတယ်။

    Ref : IINA