News @ M-Media

Tag: UAE

  • ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    uae-3

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အစ္စလာမ့်နည်းကျ စီးပွားရေးကဏ္ဍတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး ရည်ရွယ်ချက်ကို အရှိန်မြှင့်တင်သည့်အနေဖြင့် ကမ္ဘာ့ ပထမဆုံး ရှရီအာနည်းကျ ကုန်သွယ်ရေးဘဏ်တစ်ခုကို တည်ထောင်မည်ဟု သိရသည်။

    Emirates Trade Bank ဟု ခေါ်တွင်မည့် အဆိုပါဘဏ်အတွက် လုပ်ပိုင်ခွင့် ရရှိရန် ဒူဘိုင်း အစ္စလာမ့်နည်းကျစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ (DIEDC)၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဌာနတို့မှာ လက်ရှိတွင် ယူအေအီး ဗဟိုဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    DIEDC မှ ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ ကုန်သွယ်ရေးဘဏ်အသစ်မှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

    “Emirates Trade Bank ဟာ ကမ္ဘာလုံးဆိုင်ရာ ရှရီအာနည်းကျ ပထမဦးဆုံး ကုသွယ်ရေးဘဏ်တစ်ခု ဖြစ်ပြီး UAE ရဲ့ အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အရှိန်မြင့်ဆောင်ရွက်ခြင်း၊ ရွေ့လျားဆောင်ရွက်ခြင်းတွေကနေတဆင့် ဘက်စုံစီးပွားရးနဲ့ နိုင်ငံတကာ ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းတွေကို အပြည့်အ၀ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဘဏ်ဟာ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍမှာ ဒူဘိုင်းရဲ့ မဟာဗျူဟာကျတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဒီပုံစံကနေ ယူအေအီးရဲ့ ကုန်သွယ်ရေးဆိုင်ရာ စီးဆင်းမှုကို ၂ ဆတိုးစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်း၏ တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁.၉ ထရီလီယံ ရှိလာပြီဟု Reuters သတင်းဌာန၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာ့ ဟာလာလ်အစားအသောက် ဈေးကွက်တစ်ခုတည်းမှာပင် ၂၀၂၀ ခုနှစ်အရောက်၌ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref : IINA

  • ယူအေအီး လခြမ်းနီအသင်းက ယီမင်ကျောင်းသားများအတွက် ကွန်ပျူတာများ လှူဒါန်း

    ယူအေအီး လခြမ်းနီအသင်းက ယီမင်ကျောင်းသားများအတွက် ကွန်ပျူတာများ လှူဒါန်း

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    uae

    – ယီမင်နိုင်ငံမြို့တော် အေဒင်ရှိ စာသင်ကျောင်း ၈၉ ကျောင်းမှ ကျောင်းသားများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု လခြမ်းနီအဖွဲ့ (ERC) မှ ကွန်ပျူတာ ၉၁၅ လုံး လှူဒါန်းခဲ့သည်ဟု သိရသည်။

    ယီမင်ပြည်သူများအတွေက် ယူအေအီး၏ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဆိုပါ အကူအညီမတိုင်ခင် ERC မှာ အေဒင်မြို့တစ်ဝှမ်းရှိ စာသင်ကျောင်းပေါင်း ၁၅၄ ကျောင်းကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

    လခြမ်းနီအသင်းမှ ဒေသရေးရာဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ရာရှစ် မူဘာရက် အလ်-မန်ဆူရီက ကွန်ပျူတာများကို အေဒင်ပညာရေးရုံး ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ရာကီးဘီထံသို့ ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ERC မှာ စာသင်ကျောင်းပေါင်း ၄၆ ကျောင်းသို့ ကွန်ပျူတာ ၇၅၉ လုံး ပေးအပ်လှူဒါန်းခဲ့သည်။

    အလ်-မန်ဆူရီကမူ ယူအေအီးအနေဖြင့် ယီမင်ရှိ လွတ်မြောက်ပြည်နယ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပြီး အလ်-ရာကီးဘီက မိမိတို့မှာ ယူအေအီးခေါင်းဆောင်ပိုင်း၊ အစိုးရ၊ ပြည်သူလူထုနှင့် အကူအညီပေးရေး အသင်းအဖွဲ့များများအနေဖြင့် လက်ရှိဖြစ်ပွားနသော အကျပ်အတည်းများတွင် ယီမင်ပြည်သူများအား ကူညီပေးမှုအတွက် ကျေးဇူတင်သည်ဟု ပြောကြားခဲ့သည်။

    Ref : IINA

  • နိုင်ငံတကာပညာရေးတွင် ယူအေအီး၏ အခန်းကဏ္ဍကို ယူနက်စကို ချီးကျူး

    နိုင်ငံတကာပညာရေးတွင် ယူအေအီး၏ အခန်းကဏ္ဍကို ယူနက်စကို ချီးကျူး

    အောက်တိုဘာ ၁၁၊ ၂၀၁၆
    M-Media

    unesco
    ယူနက်စကိုအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာ အိုင်ရီနာ ဘိုကိုဗာ

    – နိုင်ငံတကာ ပညာရေးကဏ္ဍတွင် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုများအတွက် ယူနက်စကိုအဖွဲ့ကြီး၏ အထွေထွေဒါရိုက်တာဖြစ်သူ အိုင်ရီနာ ဘိုကိုဗာက ချီးကျူးပြောဆိုလိုက်သည်။

    ကျောင်းဆရာများ၏ ထိထိရောက်ရောက်ပညာသင်ကြားနိုင်စွမ်း မြှင့်တင်ရေးအတွက် ‘ထူးခြားသည့် ကျင့်သုံးမှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ ဟမ်ဒန် ဘင် ရာရှစ် အလ်-မက်ခ်တွမ်ဆု’ နှင့်ပတ်သက်၍ အိုကိုဗာက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုဆုမှာ စွမ်းဆောင်ရည် ထူးခြားကောင်းမွန်သည့် ကျောင်းဆရာများကို အသိအမှတ်ပြုကာ၊ ပညာရေးဆိုင်ရာ အသင်းအဖွဲ့များတွင် အလွန်ကောင်းမွန်သည့် ကျင့်သုံးမှုများကို ဖြစ်ထွန်းစေသည်ဟု ဆိုသည်။

    ထို့ပြင် ဖက်ဒရယ်အမျိုးသားကောင်စီ (FNC) ၏ ဥက္ကဌ ဒေါက်တာ အမလ် အဗ္ဗဒူလာ အလ်-ကူဘိုင်စီကိုလည်း သူမ၏ ပြည်သူလူထုအတွက် လှုပ်ရှားမှုနှင့် လူမှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လွှတ်တော်ရေးရာကဏ္ဍများတွင် အားထုတ်မှုများ အတွက်လည်း ချီးကျူးခဲ့သည်။

    အာရပ်ဒေသအတွင်း ပထမဆုံး အမျိုးသမီးလွှတ်တော်ဥက္ကဌ ဖြစ်လာမှုအတွက် မိမိအနေဖြင့် ကူဘိုင်စီကို လေးစားအားကျမိကြောင်း၊ သူမမှာ မိမိတို့ ယူနက်စကိုအတွက်လည်း ကြီးကျယ်သည့် မိတ်ဆွေတစ်ဦးဖြစ်ပြီး အာရပ်ဒေသတွင်လည်း ထင်ရှားသည့် ပုဂ္ဂိုလ်ကျော်များမှ တစ်ဦးဖြစ်ကြောင်း ဘိုကိုဗာက ထပ်လောင်းပြောကြားခဲ့သည်။

    ဘိုကိုဗာနှင့် အလ်ကူဘေစီတို့သည် ပဲရစ်မြို့တွင် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်ဝါဒနှင့် သမိုင်းဝင် အမွေအနှစ်များကို အကြမ်းဖက်သမားများက ဖျက်ဆီးမှုများအား တန်ပြန်တိုက်ခိုက်ရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ ဒုက္ခသည်းအရေး၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေး စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

    ဘိုကိုဗာမှာ ဒီဇင်ဘာလတွင် ဒူဘိုင်းရှိ လွှတ်တော်၌ ကျင်းပမည့် အမျိုးသမီး လွှတ်တော်ဥက္ကဌများ၏ ထိပ်သီးအစည်းဝေးကို တက်ရောက်မည်ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းဝေးမှာ အာရပ်နိုင်ငံတစ်ခုတွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး ယူအေအီး၏ မူဝါဒများ ချမှတ်ခြင်း၊ ပြည်သူလူထုများအား တိုက်တွန်းအားပေးခြင်း၊ ကမ္ဘာ့ရေးရာများတွင် ပါဝင်ဆောက်ရွကခြင်း စသည်တို့နှင့်ပတ်သက်၍ FNC ၏ အခန်းကဏ္ဍကို ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref : IINA

  • ယူဂန်ဒါရှိ ဒုက္ခသည်များသို့ ယူအေအီးက အကူအညီများ ပေးပို့မည်

    ယူဂန်ဒါရှိ ဒုက္ခသည်များသို့ ယူအေအီးက အကူအညီများ ပေးပို့မည်

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    uae-aid

    – တောင်ဆူဒန်နိုင်ငံ ပဋိ့ပက္ခကြောင့် ထွက်ပြေးကာ ယူဂန်ဒါတွင် ခိုလှုံနေရသည့် ဒုက္ခသည် ၆၀၀၀၀ ကျော်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အကူအညီ တန်ချိန် ၁၀၀ ကျော်ကို ပေးပို့သွားမည်ဟု သိရသည်။

    ယူဂန်ဒါနိုင်ငံ အန်တက်ဘီမြို့သို့ တနင်္ဂနွေနေ့တွင် လေယာဉ်ဖြင့် ပို့ဆာင်သွားမည်ဖြစ်ပြီး၊ ယူအေအီးရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ International City for Humanitarian Services (IHC) မှ စီစဉ်ခြင်းဖြစ်သည်။

    အဖွဲ့ဥက္ကဌ ရှိခ် မိုဟာမက် အလ်-မက္ကတွန်၏ ဇနီး မင်းသမီး ဟာယာ ဘင် ဟူစိန်က ယူအေအီးနိုင်ငံမှာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အမြဲတမ်း ရှေ့တန်းမှ ပါဝင်နေကြောင်း၊ လူမျိုး၊ ဘာသာမရွေး တန်းတူညီမျှ ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။

    ယခုပေးအပ်မည့် အကူအညီမှာ ယူဂန်ဒါ-တောင်ဆူဒန်နယ်စပ်ရှိ ဒုက္ခသည် ၆၀၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး မြို့တော် အန်တက်ဘီမှ နယ်စပ်သို့ ကုန်လမ်းဖြင့် ပို့ဆောင်သွားမည်ဖြစ်သည်။ အကူအညီများတွင် အခြေခံ စားသောက်ကုန်များ ပါဝင်မည်ဖြစ်ပြီး ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများထံ ဦးစားပေး ဝေငှမည်ဖြစ်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ တောင်ဆူဒန်စစ်ဘေးကြောင့် ဒုက္ခသည် ၃၇၃၀၀၀ ယူဂန်ဒါသို့ ထွက်ပြေးလာခဲ့ရပြီး၊ ပြီးခဲ့သည့် ရက်သတ္တပတ်တစ်ခုတည်းမှာပင် ဒုက္ခသည် ၂၅၀၀၀ ယူဂန်ဒါသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒုက္ခသည်အရေအတွက်မှာ ထပ်မံ တိုးတက်လာဖွယ် ရှိနေသည်။

    Ref : IINA

  • ယူအေအီး ပရဟိတအဖွဲ့သို့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲ ဒေါ်လာတစ်သန်းဖိုး လှူဒါန်း

    ယူအေအီး ပရဟိတအဖွဲ့သို့ မိုက်ခရိုဆော့ဖ်က ဆော့ဖ်ဝဲ ဒေါ်လာတစ်သန်းဖိုး လှူဒါန်း

    စက်တင်ဘာ ၃၊ ၂၀၁၆
    M-Media

    microsoft

    – အာရဗ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ပရဟိတအဖွဲ့အစည်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ပညာရေးနှင့် သုတေသနတို့မှတစ်ဆင့် လူ့အသက်များကို ကယ်တင်နေသည့် ‘အလ်-ဂျလီလာဖောင်ဒေးရှင်း’ သို့ မိုက်ခရို ဆော့ဖ်ကုမ္ပဏီက ဆော့ဖ်ဝဲ ကန်ဒေါ်လာတစ်သန်းဖိုး လှူဒါန်းခဲ့သည်ဟု သိရသည်။

    ယခုတစ်ပတ်အတွင်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များအတွက် အထောက်အကူဖြစ်စေရန် ဖြစ်သည်။

    အဆိုပါအလှူငွေမှာ လူ့အဖွဲ့အစည်းနှင့် အသက်မွေးဝမ်းကြောင်းဘ၀များ တိုးတက်စေရေး ပရဟိတလုပ်ငန်းများ လုပ်ဆောင်နေသည့် အကျိုးအမြတ်မယူသောအဖွဲ့များအတွက် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ လှူဒါန်းမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အလ်-ဂျလီလာဖောင်ေးရှင်းမှာ ၎င်းတို့၏ IT လုပ်ငန်းနှင့်ပတ်သက်၍ နောက်ဆုံးပေါ် နည်းပညာများကို အသုံပြုချင်နေပြီး မိုက်ခရိုဆော့ဖ်ကလည်း ၎င်းတို့၏ စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

    “နည်းပညာဆိုတာ တီထွင်ဖန်တီးမှုအတွက် အဓိကမောင်းနှင်အားပါပဲ။ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီနဲ့ မိတ်ဖွဲ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ၀မ်းသာပျော်ရွှင်မိပါတယ်။ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ မိုက်ခရိုဆော့ဖ်လို ကမ္ဘာ့ကုမ္ပဏီကြီးနဲ့ ပူးပေါင်းခွင့်ရလို့ ဂုဏ်ယူမိပါတယ်” ဟု အလ်-ဂျလီလာဖောင်ဒေးရှင်း၏ အမှုဆောင်ချုပ် အလ်-အိုလာမာက ပြောကြားခဲ့သည်။

    မိုက်ခရိုဆော့ဖ်၏ ငွေကြေးလှူဒါန်းရေးအစီအစဉ်မှာ ကုမ္ပဏီတည်ထောင်ခဲ့သည့် ၁၉၉၈ ခုနှစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း၌ ပရဟိတအဖွဲ့အစည်းများကို ကန်ဒေါ်လာ ၃.၉ ဘီလီယံတန်ဖိုးရှိ ဆော့ဖ်ဝဲများ ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။

    Ref : IINA