News @ M-Media

ယူအေအီးနှင့် အစ္စရေးတို့ သဘောတူညီချက် ၄ ခုကို လက်မှတ်ရေးထိုး

အောက်တိုဘာ ၂၁၊ ၂၀၂၀
M-Media

-ပြီးခဲ့တဲ့လမှာ သံတမန်ဆက်ဆံရေးထူထောင်ခဲ့တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နဲ့ အစ္စရေးတို့ဟာ မနေ့က နှစ်နိုင်ငံ သဘောတူစာချုပ် ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူအေအီး ဘဏ္ဍာရေးဝန်ကြီး အိုဘိုက် ဟူမိတ် အလ်-တေယာနဲ့ အစိုးရအကြီးတန်းတာဝန်ရှိသူ တော်တော်များများပါဝင်တဲ့အဖွဲ့ဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဖင်မူချင်လိုက်ပါ​ပြီး မနေ့က အစ္စရေးကို သွားရောက်ခဲ့ပါတယ်။

ကိုစားလှယ်အဖွဲ့ကို ကြိုဆိုတဲ့ မိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုက နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ​ဇယဒ် အလ် နဟ်ယန်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ​နောက် အစ္စရေးနဲ့ ယူအေအီးတို့ဟာ ရင်းနှီးမြှု့နှံမှု တိုးမြှင့်ရေး သဘောတူညီချက်၊ သိပ္ပံနယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ လေကြောင်းဆိုင်ရာ သဘောတူညီချက်နဲ့ ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယူအေအီးဟာ အစ္စရေးနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးတဲ့ ပထမဆုံး အာရပ်နိုင်ငံ ဖြစ်လာတာပါ။

ဒီအခမ်းအနားမှာ ‘အီဘရာဟင်ရန်ပုံငွေ’ (Abraham Fund) ထူထောင်ကြောင်း အမေရိကန် နိုင်ငံတကာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအဖွဲ့ စီအီးအို အဒမ် ဘိုဟ်လာက ကြေငြာခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု သဘောတူညီချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူအေအီးအစိုးရ တာဝန်ရှိသူ အဟ်မဒ် အလ်-ဆာယက်ဂျ်က ဘာသာလူမျိုးမခွဲဘဲ နှစ်နိုင်ငံစလုံးက ပြည်သူလူထု သာယာ၀ပြောရေး ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး ဒီရန်ပုံငွေကို ထူထောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref: Aljazeera