News @ M-Media

Tag: Ukarine

  • ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရန် ရုရှားက အကြောင်းရှာနေ

    ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရန် ရုရှားက အကြောင်းရှာနေ

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့အတွက် ရုရှားက အကြောင်းရှာနေပြီး၊ ဒီလိုအကြောင်းပြနိုင်တဲ့ တိုက်ခိုက်မှုမျိုး စီစဉ်နေတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

    မော်ဒိုလ်ဗာနိုင်ငံကနေ ခွဲထွက်သွားတဲ့ ထရန်နီစထရီးယားဒေသက ရုရှားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ပုံစံမျိုး ဖန်တီးဖို့ ရုရှားအထူးတပ်ဖွဲ့က ပြင်ဆင်နေတယ်ဆိုပြီး ယူကရိန်း စစ်ထောက်လှမ်းက ထုတ်ပြန်ပြီးတဲ့နောက် အမေရိကန်ရဲ့ ဒီသတိပေးမှု ထွက်လာတာ ဖြစ်ပါတယ်။

    မနေ့က အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦး ရိုက်တာသတင်းဌာကို ဖြေကြားရာမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အခါ အကြောင်းပြနိုင်အောင်နဲ့ ယူကရိန်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်အောင် ယူကရိန်းက စတင်ရန်စတဲ့ပုံစံမျိုး ရုရှားဩဇာ လွှမ်းမိုးတဲ့အဖွဲ့တွေက မြေပြင်နဲ့ ဆိုရှယ်မီဒီယာမှာ ဖန်တီးနေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် မြို့ပြတိုက်ခိုက်ရေးအတွက် လေ့ကျင့်ပေးထားတဲ့သူတွေကို ရုရှားက ယူကရိန်းအရှေ့ပိုင်းမှာ တပ်ဖြန့်ချထားပြီး သမ္မတပူတင်က ယူကရိန်းကို သိမ်းပိုက်လိုတဲ့အချိန်မှာ ဒီလူတွေက ရုရှားသစ္စာခံတဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ရှိနေတယ်လို့ အခြား တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ယူကရိန်းပြည်တွင်းရေး အကွဲအပြဲမှာ ရုရှားတပ်တွေဟာ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်သိမ်းပြီး နောက်ပိုင်းမှာ ရုရှားနယ်နမိတ်ထဲ သွတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ မနေ့က ပြောကြားမှုတွေကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိတဲ့ ပြောကြားမှုတွေလို့ ဆိုပါတယ်။

    ရုရှားနဲ့ ယူကရိန်းတို့အကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စတင်ခဲ့တာပါ။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့ဝင် ၁ သိန်းလောက် ချထားပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒီတင်းမာမှုကို ဖြေရှင်းနိုင်ရေး ကြားဝင်​ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • စစ်ကောင်စီအား လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် ယူကရိန်းကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    စစ်ကောင်စီအား လက်နက်ထောက်ပံ့မှု ရပ်ဆိုင်းရန် ယူကရိန်းကို လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    စက်တင်ဘာ ၉၊ ၂၀၂၁
    M-Media

    (ပုံ- ယူကရိန်းထုတ် A BTR-4 စစ်ကား)

    -အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ယူကရိန်းက စစ်လက်နက်ပစ္စည်း​ ထောက်ပံ့နေတာတွေကို ရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့ Justice for Myanmar က ​တောင်းဆိုလိုက်ပါတယ်။

    ယူကရိန်း လက်နက်ကုမ္ပဏီတွေဖြစ်တဲ့ Ukroboronprom နဲ့ Ukrspetsexport တို့ဟာ မြန်မာစစ်တပ်ကို တင့်ကား၊ စစ်လေယာဉ် စစ်သင်္ဘောဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ၊ အခြား စစ်လက်နက်တွေ၊ ထောက်လှမ်းရေးပစ္စည်းတွေကို ၂၀၁၅ ခုနှစ်ကနေစတင် ရောင်းချနေကာ၊ စစ်အာဏာသိမ်းပြီးတဲ့ အခုနှစ် မေလကုန်ထိ ​ပေးပို့ထောက်ပံ့မှု အမြောက်အများ လုပ်နေတယ်လို့ Justice for Myanmar က ဆိုပါတယ်။

    မြန်မာစစ်တပ်နဲ့ ယူကရိန်းကုမ္ပဏီတွေ ပူးပေါင်းကာ အပေါ့စားတင့်ကားတွေ၊ လက်နက်ကြီးတွေ ထုတ်လုပ်နေတယ်လို့ အဖွဲ့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီလို လက်နက်အရောင်းအဝယ်မှာ ကြားခံဆောင်ရွက်ပေးနေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိတ်ဆို့အရေးယူမှုတွေ လုပ်သင့်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

    မြန်မာစစ်တပ် ယူကရိန်းကနေ လက်နက်တွေဝယ်ယူဖို့ ကိစ္စမှာ အဓိကကြားခံအဖြစ် ဆောင်ရွက်ပေးနတာက မြန်မာစီးပွားရေးလုပ်ငန်းရှင် အောင်လှိုင်ဦးဆိုသူ​ ပိုင်ဆိုင်တဲ့ Amethyst Trading ကုမ္ပဏီ ဖြစ်ပါတယ်။ စစ်တပ်က ယူကရိန်းစစ်လက်နက်တွေ အများဆုံးဝယ်ယူခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ Amethyst Trading က ဆောင်ရွက်ပေးခဲ့တာပါ။

    ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ အ​ခြားလုပ်ငန်းအများအပြားကိုလည်း အောင်လှိုင်ဦးက လုပ်ကိုင်နေပါတယ်။ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အောင်လှိုင်ဦးဟာ စစ်တပ်အတွက် လက်နက်ဝယ်ပေးနေတဲ့ အဓိကပွဲစားတစ်ဦးဖြစ်ပြီး မြောက်ကိုရီးယားက စစ်လက်နက်တွေပါရအောင် စီစဉ်ပေးခဲ့တယ်လို့ Myanmar Now သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ukroboronprom က ဒီပြောဆိုချက်တွေကို ငြင်းဆိုပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လူသေစေနိုင်လောက်တဲ့ စစ်ဖက်ဆိုင်ရာပစ္စည်းတွေ မြန်မာနိုင်ငံဆီ ပေးပို့တာ၊ ဝန်ဆောင်မှုပေးတာတွေ မရှိဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: DW, Myanmar Now

  • ယူကရိန်း ခရီးသည်တင်လေယာဉ်ကို အီရန်က မှားယွင်းပစ်ချခဲ့ဟု အနောက်နိုင်ငံများ ဖော်ပြ

    ယူကရိန်း ခရီးသည်တင်လေယာဉ်ကို အီရန်က မှားယွင်းပစ်ချခဲ့ဟု အနောက်နိုင်ငံများ ဖော်ပြ

    ဇန်နဝါရီ ၁၀၊ ၂၀၂၀
    M-Media

    -ဗုဒ္ဓဟူးနေ့က တီဟီရန်မှာ ပျက်ကျသွားတဲ့ ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ အီရန်ရဲ့ လေကြောင်းရန်ကာကွယ်စနစ်က ပစ်ချလိုက်လို့ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက စွပ်စွဲပြောကြားလိုက်ပြီး အီရန်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုပါတယ်။

    အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်း ၂ ခုကို ဒုံးကျည်တွေနဲ့ အီရန်က ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ ဒီလေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့တာပါ။ အီမာမ်ခိုမေနီလေဆိပ်က ပျံတက်အပြီး ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်အတွင်း လေယာဉ်ပေါ်လိုက်ပါသွားသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    ကနေဒါ၀န်ကြီးချုပ် ဂျပ်စတင် ထရူဒူက လေယာဉ်ဟာ အီရန် လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ ပစ်ချမှုကို ခံလိုက်ရတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရကြောင်း၊ ဒါဟာ မှားယွင်းပစ်ခတ်တာ ဖြစ်နိုင်ကြောငး ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    အမေရိကန်မီဒီယာတွေကလည်း အီရန်ဟာ အမေရိကန်ရဲ့ လက်တုန့်ပြန်မှုကို ရင်ဆိုင်ဖို့ အလေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ဖွင့်ထားချိန် ယူကရိန်းလေကြောင်းလိုင်းက လေယာဉ်အမှတ် PS752 ကို အမေရိကန်စစ်လေယာဉ်အဖြစ် မှတ်ယူကာ မှားယွင်းပစ်ချလိုက်တာ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

    လေယာဉ်မပျက်ကျခင် ဒုံးကျည်လို့ယူဆရတဲ့ အလင်းတန်းတစ်ခု ရိုက်မိကာ စက္ကန်ပိုင်းအကြာမှာ ပျက်ကျသံကြားရတဲ့ ဗီဒီယိုတစ်ခုကို နယူးယောက်တိုင်းမ်းစ် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

    အမေရိကန်နဲ့ အီရတ် ထောက်လှမ်းရေးတာဝန်ရှိသူတွေက ယူကရိန်း ခရီးသည်တင်လေယာဉ်ဟာ ရုရှားလုပ် Tor ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာလို့ ယူဆရကြောင်း ပြောကြားခဲ့ပါတယ်။ ကနေဒါနဲ့ ယူကေတို့အပါအဝင် အနောက်နိုင်ငံတွက ခေါင်းဆောင်တွေက လေယာဉ်ပျက်ကျမှုအတွက် ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အီရန်ကို တိုက်တွန်းခဲ့ပါတယ်။

    ငြင်းဆို

    အီရန်က ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး အီရန်အပေါ် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လေယာဉ်ဟာ အင်ဂျင်မီးလောင်တဲ့အတွက် လေဆိပ်ကို ပြန်အလာမှာ ပျက်ကျသွားတာ ဖြစ်တယ်လို့လည်း အီရန်က ထုတ်ပြန်ထားပါတယ်။

    လေယာဉ်ပျက်ကျမှု စုံစမ်းစစ်ဆေးရာမှာ ပါဝင်ဖို့အတွက်လည်း အီရန်ဟာ ယူကရိန်း၊ ဘိုးအင်းကုမ္ပဏီက တာဝန်ရှိသူတွေ၊ အမေရိကန် ပို့ဆောင်ရေးဌာနက တာဝန်ရှိသူတွေကို ဖိတ်ခေါ်ထားပါတယ်။

    Ref: BBC, Aljazeera

  • ယူကရိန်းခရီးသည်တင်လေယာဉ် တီဟီရန်တွင်ပျက်ကျ

    ယူကရိန်းခရီးသည်တင်လေယာဉ် တီဟီရန်တွင်ပျက်ကျ

    ဇန်နဝါရီ ၈၊ ၂၀၂၀
    M-Media

    -အီရန်မြို့တော် တီဟီရန်က အီမာမ် ခိုမေနီလေဆိပ်အနီးမှာ ယူကရိန်း ခရီးသည်တင်လေယာဉ်တစ်စင်း ဒီကနေ့မနက်ပိုင်းက ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

    Boeing 737-800 လေယာဉ်ဟာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ကို ပျံသန်းမှာဖြစ်ပြီး လေယာဉ်ကွင်းက အတက်မှာပဲ ပျက်ကျခဲ့တာပါ။ အီရန်ပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ ကာဆင် ဘီနီယက်ဇ်က အင်ဂျင်တစ်လုံးမီးလောင်ပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    လေယာဉ်ပေါ်မှာ ခရီးသည် ၁၇၆ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ လိုက်ပါသွားပြီး အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး။ အများစုဟာ အီရန်နိုင်ငံသားတွေဖြစ်ပြီး၊ ကနေဒါ၊ ယူကရိန်း၊ ဆွီဒင်၊ အာဖဂန်နဲ့ ဂျာမနီနိုင်ငံတွေကလည်း ပါဝင်ပါတယ်။

    ယူကရိန်းသမ္မတက ဒီအဖြစ်အပျက်အတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပါတယ်။ လေယာဉ်ကို ထုတ်လုပ်တဲ့ ဘိုးအင်းကုမ္ပဏီကလည်း ပျက်ကျမှုသတင်းကို ရရှိထားပြီး အချက်အလက်တွေ စုဆောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဘိုးအင်းရဲ့ 737-800 လေယာဉ်တွေဟာ အင်ဂျင် ၂ လုံးတပ်လေယာဉ်တွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လေယာဉ်ပျက်ကျမှုတွေထဲမှာ ဒီလေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မတ်လ ရုရှားမှာ ပျက်ကျခဲ့တဲ့ ဒူဘိုင်းခရီးသည်တင်လေယာဉ်၊ ၂၀၁၀ ခုနှစ် မေလက အိန္ဒိယနိုင်ငံမှာ မန်ဂလောရ်မှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်တွေဟာ 737-800 လေယာဉ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အာဏာအလွဲသုံးစားမှုဖြင့် ထရမ့်ကို ကန်လွှတ်တော်က စုံစမ်းအရေးယူမည်

    အာဏာအလွဲသုံးစားမှုဖြင့် ထရမ့်ကို ကန်လွှတ်တော်က စုံစမ်းအရေးယူမည်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    -ယူကိန်းနိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ အာဏာအလွဲသုံးစားလုပ်မှု၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ကို ဟန့်တားမှုတွေအတွက် သမ္မတ ဒေါ်နယ်ထရမ့်ကို စုံစမ်းစစ်ဆေး အရေးယူမှု (impeachment) လုပ်‌ဆောင်ဖို့ အမေရိကန်အောက်လွှတ်တော်က မနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

    ထရမ့်ဟာ အမရိကန်သမိုင်းမှာ အောက်လွှတ်တော်က စုံစမ်းစစ်ဆေးအပြစ်ပေးဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခံရတဲ့ တတိယမြောက်သမ္မတ ဖြစ်လာပါတယ်။ ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်တော်က ဒီလို ဆုံးဖြတ်လိုက်တာကြောင့် ထရမ့်ဟာ အစောဆုံး ဇန်နဝါရီလကျရင် ရီပက်ဘလစ်ကန်ကြီးစိုးတဲ့ အထက်လွှတ်တော်မှာ စုံစမ်းမေးမြန်းခံရဖို့ ရှိနေပါတယ်။

    အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီက ထရမ့်ရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေကြောင့် အခုလို စုံစမ်းစစ်ဆေးအပြစ်ပေးဖို့ ဆောင်ရွက်ရတဲ့အထိ ဖြစ်လာတာဖြစ်ကြောင်း မိမိတို့မှာ အခြား ရွေးစရာမရှိကြောင်း မဲမခွဲခင်မှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်က အောက်လွှတ်တော်ဟာ မျိုးချစ်အမေရိကန်တွေရဲ့ သန်းနဲ့ချီတဲ့မဲတွေကို ပယ်ဖျက်တော့မယ်လို့ မဲမခွဲခင် မီချီဂန်က လူထုထောက်ခံပွဲမှာ ပြောကြားခဲ့ပါတယ်။ ရီပက်ဘလစ်ကန်ပါတီ တာဝန်ရှိသူအချို့ကလည်း အောက်လွှတ်တော်ရဲ့ မဲခွဲမှုဟာ လှည့်စားမှုတစ်ခုဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

    အင်္ဂါနေ့က အောက်လွှတ်တော်ကို ပေးပို့တဲ့ ထရမ့်ရဲ့စာထဲမှာ ဒီလုပ်ရပ်ဟာ အာဏာသိမ်းဖို့ ကြိုးစားမှု၊ အမေရိကန်ဒီမိုကရေစီအပေါ် စစ်ကြေငြာမှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ပြဿနာအစ

    ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ သားဖြစ်သူ ဟန်တာတို့ရဲ့အကြောင်းကို စုံစမ်းကာ သတင်းပေးဖို့အတွက် ထရမ့်က ယူကရိန်းသမ္မတသစ် ဗိုလိုဒီမာ ဇီလန်စကီးကို ဇူလိုင်လမှာ ဖုန်းဆက်ပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် ဒီလို စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကန်လွှတ်တော်က ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    ဘိုင်ဒန်ဟာ ၂၀၂၀ သမ္မရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ ရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ ဘိုင်ဒန်နဲ့ သားဖြစ်သူတို့ဟာ ယူကရိန်း ဓာတ်ငွေ့ကုမ္ပဏီတစ်ခုရဲ့ ဘုတ်အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။ အခုအချိန်အထိ သူတို့နှစ်ယောက် ဥပဒေပ လုပ်ဆောင်မှုရှိတယ်ဆိုတဲ့ သတင်းမျိုး ထွက်မလာသေးပါဘူး။

    ယူကရိန်းစစ်တပ်ကို ပေးအပ်မယ့် ကန်ဒေါ်လာ ၃၉၁ သန်း ထောက်ပံ့‌ကြေးကို အခြေခံပြီး သမ္မတ ‌ဇီလန်စကီးထံကနေ ထရမ့်က ကတိကဝတ်‌တောင်းခဲ့ကာ ဒါဟာ အာဏာအလွဲသုံးစားမှုဖြစ်တယ်လို့ ဒီမိုကရက် အမတ်တွေက စွပ်စွဲခဲ့ပါတယ်။

    ဒီကိစ္စအတွက် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက သက်သေ ၁၇ ယောက်ကို ၅ ရက်ကြာ လူသိရှင်ကြား မေးမြန်းမှု လုပ်ဆောင်ခဲ့ပြီး စာမျက်နှာ ၃၀၀ ပါဝင်တဲ့ အစီရင်ခံစာတစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

    စုံစမ်းမှုမှာ သွားရောက်ဖြေကြားခြင်းမပြုဖို့ အိမ်ဖြူတော်ဟာ တာဝန်ရှိသူ ၉ ယောက်ကို ဟန့်တားခဲ့ပြီး ဒါဟာ လွှတ်တော်လုပ်ငန်းကို နှောက်ယှက်မှုဖြစ်တယ်လို့ အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဌ ဂျာရိုလ် နဒ်လာက ပြောကြားခဲ့ပါတယ်။

    မနေ့က မဲခွဲမှုဟာ ထရမ့်ရဲ့ အာဏာအလွဲသုံးစားလုပ်မှု ရှိ၊ မရှိ၊ လွှတ်တော်ရဲ့ လုပ်ငန်းကို နှောက်ယှက်မှု ရှိ၊ မရှိ မဲခွဲတာဖြစ်ပြီး ဒီလိုရှိခဲ့တယ်လို့ လွှတ်တော်အမတ်တွေက မဲပေးခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှု (impeachment) စတင်မှာ ဖြစ်ပါတယ်။

    Impeachment လုပ်ငန်းစဉ်အရ အပြစ်ရှိကြောင်းထင်ရှားရင် ရာထူးကနေ ဆင်းပေးရမှာဖြစ်ပါတယ်။ အမေရိကန်သမိုင်းမှာ အရင်က သမ္မတ ၂ ဦး ဒီလိုအခြေအနေမျိုး ရင်ဆိုင်ခဲ့ရပေမယ့် ရာထူးက ဆင်းပေးရတာမျိုး မဖြစ်ခဲ့ပါဘူး။

    Ref: Aljazeera