News @ M-Media

Tag: US Muslims

  • ဖလော်ရီဒါ တက္ကသိုလ်တွင် ပထမဆုံး အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာကို ဖွင့်လှစ်မည်

    ဖလော်ရီဒါ တက္ကသိုလ်တွင် ပထမဆုံး အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာကို ဖွင့်လှစ်မည်

    စက်တင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    Universityof-Florida
    – များပြားလာသည့် မွတ်စလင်ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်အား ဖြည့်တင်းပေးရန်၊ အစ္စလာမ်သာသနာနှင့်ပတ်သက်၍ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ပထမဆုံး အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာကို ဖလော်ရီဒါ တက္ကသိုလ်တွင် ဖွင့်လှစ်တော့မည်ဟု သိရသည်။

    “ဒီအတွက် ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အမေရိကန် အရှေ့တောင်ပိုင်းမှာ ဒီလိုအစီအစဉ်မျိုး နည်းနည်းပဲရှိပြီး ဖော်ရီဒါမှာတော့ မရှိပါဘူး” ဟု အာဖရိကဆိုင်ရာ လေ့လာရေးမဟာဌာနရှိ ဘာသာရေးဌာနခွဲမှ တာဂျီအော့စတီဘိုက သြဂုတ်လ ၃၀ ရက်နေ့တွင် Gainesville Sun သတင်းစာသို့ ပြောကြားခဲ့သည်။

    အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် ပထမဆုံးဖြစ်သည့် အဆိုပါစင်တာမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဘာသာတရားတစ်ခုဖြစ်သည့် အစ္စလာမ် သာသနာနှင့်ပတ်သက်၍ ပိုမိုနက်ရှိုင်းစွာ လေ့လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ အစ္စလာမ်သာသနာအား လေ့လာဆန်းစစ်မှုနှင့် ပတ်သက်သည့် သင်ရိုးများစွာကိုလည်း ထိုစင်တာတွင် သင်ကြားပို့ချသွားမည်ဖြစ်သည်။

    အဆိုပါ အစ္စလာမ့်ရေးရာ လေ့လာရေးစင်တာဖြစ်ပေါ်လာခြင်းမှာ ဖလော်ရီဒါ တက္ကသိုလ်ရှိ အာဖရိကလေ့လာရေးဆိုင်ရာ မဟာဌာနမှ ဘာသာရေး၊ လူမှုသိပ္ပံ၊ သမိုင်း၊ မနုဿဗေဒ၊ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု စသည့် ဌာနခွဲများ ပူးပေါင်းကာ ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့်လည်းဖြစ်သည်။

    အမေရိကန်နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ့် ဓမ္မပညာရှင်များအား ဆွဲဆောင်ရန်နှင့်  အစ္စလာမ်နှင့်သက်ဆိုင်သည့် အငြင်းပွားဖွယ်ရာ ကိစ္စရပ်များတွက် ၎င်းတို့၏ ယူဆချက်များကို ကြားသိနိုင်စေရန်အတွက်လည်း ထိုစင်တာက ရည်ရွယ်ထားသည်။

    အဆိုပါ အစ္စလာမ့်စင်တာကို စက်တင်ဘာ ၁၈နှင့် ၁၉ ရက်နေ့များတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး “Global Islam and the Quest for Public Space” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။

    အဆိုပါ ဟောပြောပွဲတွင် အဓိက ဟောပြောသူအဖြစ် ဂျော့ဂ်ျတောင်း တက္ကသိုလ်မှ ဘာသာရေးဆိုင်ရာ ပါမောက္ခ ဂျွန် အက်စပိုစီတို၊ Walsh နိုင်ငံခြားရေးရာ သင်တန်းကျောင်းရှိမွတ်စလင်-ခရစ်ယာန် နားလည်မှုစင်တာတည်ထောင်သူ မင်းသား အလ်ဝါလစ် ဘင် တာလာတို့က တက်ရောက် ဟောပြောသွားမည်ဖြစ်သည်။

    တရားဝင်စစ်တမ်းကောက်ယူမှုများ မပြုလုပ်ထားသော်လည်း အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူဦးရေမှာ ၆ သန်းမှ ၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

    ref_OnIslam & Newspapers

  • အလာစကာပြည်နယ်၏ ပထမဆုံး ဗလီဝတ်ကျောင်း ဖွင့်လှစ်နိုင်တော့မည်

    အလာစကာပြည်နယ်၏ ပထမဆုံး ဗလီဝတ်ကျောင်း ဖွင့်လှစ်နိုင်တော့မည်

    သြဂုတ် ၂၉ ၊ ၂၀၁၄
    M-Media
    AlaskaSet-to-Open-First-Mosque
    အမေရိကန်ပြည်ထောင်စုအနောက်မြောက်ပိုင်း အလာစကာပြည်နယ်ရှိ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းငယ်လေးမှ ၎င်းတို့၏ ပထမဆုံးဗလီဝတ်ကျောင်းတော်အား တည်ဆောက်မှုနောက်ဆုံးအဆင့် ရောက်ရှိနေကြောင်း သိရသည်။

    အလာစကာပြည်နယ်၊ Anchorage ရှိ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် စုပေါင်းဝတ်ပြုရေးအတွက် ကုန်တိုက်တစ်ခု၏နေရာတစ်ခုကို ငှားရမ်းအသုံးပြုခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း များပြားလာသော မွတ်စ်လင်မ်ပမာဏကြောင့် ကျယ်ဝန်းသောနေရာတစ်ခု လိုအပ်လာရာ ဗလီတစ်လုံး တည်ဆောက်ရေးအတွက် ရံပုံငွေထူထောင်ကြပြီး (၂၀၁၀)ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်း၏ပထမထပ်တည်ဆောက်ပြီးစီး၍ ဆက်လက်တည်ဆောက်နေသည့် ဒုတိယထပ်တွင် စာသင်ခန်း၊ ရုံးခန်းများနှင့် စာကြည့်တိုက်တို့ ပါဝင်မည်ဖြစ်သည်။

    Anchorage ၌ မတူကွဲပြားသော လူ့အဖွဲ့အစည်းများ အတူယှဉ်တွဲနေထိုင်ခြင်းကို အထူး အားပေးကြသည်။

    Anchorage ဒေသခံမွတ်စ်လင်မ်တစ်ဦးဖြစ်သူ Heather Robertson Barbour မှ သြဂုတ် (၂၆)ရက်၊ အင်္ဂါနေ့တွင် PRI သို့ အောက်ပါအတိုင်း ပြောပြခဲ့သည်။

    “ဗလီဝတ်ကျောင်းဟာ နှစ်ထပ်ဆောင်အဆောက်အဦ ဖြစ်ပါလိမ့်မယ်။ ပထမထပ်မှာ အမျိုးသားတွေ ၀တ်ပြုပြီး ဒုတိယထပ်က အမျိုးသမီးအတွက် ၀တ်ပြုဆောင်ပါ။ ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အိန္ဒိယ၊ ပါကစ္စတန်၊ အရှေ့အလယ်ပိုင်း၊ ဥရောပ စတဲ့ ကမ္ဘာအနှံ့က လူပေါင်းစုံပါဝင်ပါတယ်။ ဆိုပါစို့။ အာရဗ်လူမျိုးတစ်ဦးက သူတို့ရဲ့ယဉ်ကျေးမှုကို သွတ်သွင်းဖို့ကြိုးစားလာမယ်ဆိုရင် ပါကစ္စတန်တစ်ဦးက – ဒါဟာ အစ္စလာမ့်နည်းလမ်းမကျဘူး၊ ကျမ်းဂန်တွေကို ခင်ဗျား လေ့လာဖို့ သုံးသပ်ဆန်းစစ်ဖို့ လိုနေပြီဆိုပြီး ပြောဆိုမှာဖြစ်တယ်။ ယခင်ဝတ်ပြုနေရာက သေးငယ်ကျဉ်းမြောင်းတယ်။ လက်ရှိနေရာကတော့ လိုအပ်ချက်နဲ့ အံဝင်ပြည့်စုံမှု ရလာပါလိမ့်မယ်။ တကွဲတပြားပုံစံမျိုး မဖြစ်နိုင်တော့ပါဘူးရှင်။ ၀တ်ကျောင်းတော်သစ် ဖွင့်လှစ်တဲ့အခါ မွတ်စ်လင်မ်တွေ ပိုစည်းလုံးလာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”။

    Ref : OnIslam & News Agencies

  • FBI မှ မွတ်စလင်များကို အကြမ်းဖက်သမားအဖြစ် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း HRW ပြော

    ဇူလိုင် ၂၄ ၊၂၀၁၄
    M-Media

    ၉/၁၁ ပြီးနောက် FBI မှာ ထောင်ချောက်ဆင်၍ မွစလင်များအား အကြမ်းဖက်သမားများအဖြစ် ဖမ်းဆီးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြ

    FBITrapped-Muslims-into-Terror-Attacks
    – ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က  ငွေကြေးများစိုက်ထုတ်၍ အကြမ်းဖက် တိုက်ခိုက်မှုပုံစံများ ဖန်တီး ထောင်ချောက်ဆင်ကာ မွတ်စလင်များအား ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က စွပ်စွဲ ပြောကြားလိုက်သည်။

    “အမေရိကန် မွတ်စလင်တွေအပါအ၀င်၊ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်မှုတွေမလုပ်ဘဲ၊ ဒီအစီရင်ခံစာမှာဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကလည်း ဥပဒေထိန်းသိမ်းရေးအဖွဲ့တွေ တကယ့်ခြိမ်းခြောက်မှုအစစ်ကို လိုက်ရာကနေ လမ်းလွဲစေပါတယ်” ဟု Human Rights Watch မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ကိုးကား၍ AFP သတင်းဌာနက ဇူလိုင် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာမှာ အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် အမှု ၂၇ ခုကို စုံးစမ်းစစ်ဆေးကာ၊ အကြမ်းဖက်မှုကျူးလွန်သူ သို့မဟုတ် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့အား အမှုလိုက်ပေးနေသည့် ရှေ့နေများနှင့် တရားသူကြီးများ အပါအ၀င် လူပေါင်း ၂၁၅ ဦးကို အင်တာဗျူးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆေးမှုများကို HRW နှင့် ကိုလံဘီယာ တက္ကသိုလ် ဥပဒေဌာန လူ့အခွင့်အရေး အင်စတီကျုတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

    “တစ်ချို့ကိစ္စတွေမှာ  အကြမ်းဖက်လုပ်ရပ်အတွက် အကြံအဥာဏ်ပေးတာမျိုးတွေ ဒါမှမဟုတ် ပစ်မှတ်ထားတဲ့ လူတစ်ယောက်ကို အကြမ်းဖက် လုပ်ရပ်လုပ်ဖို့ တိုက်တွန်းတာတွေလုပ်ပြီး  အကြမ်းဖက်သမားကို FBI က ဖန်တီးတာမျိုးတွေ ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ပြစ်မှုကျူးလွန်မှုများ၏ ထက်ဝက်ကျော်မှာ လုပ်ကြံဖန်တီးထားသော ကိစ္စများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး အမှု ၃၀ ရာခိုင်နှုန်းတွင် FBI မှ သူလျှိုများမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သိရသည်။

    “အမေရိကန်အစိုးရဟာ တားဆီးခြင်း၊ အရေးယူခြင်းတွေပြုလုပ်ပြီး အကြမ်းဖက်ဝါဒကနေ ပြည်သူတွေကို ကာကွယ်မှုပေးထားတယ်လို့ အမေရိကန်တွေက ပြောကြပါတယ်။ ဒါပေမယ့် သေသေချာချာလေ့လာကြည့်ရင် ဥပဒေထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်ဖို့ တိုက်တွန်းတာ၊ ဖိအားပေးတာ၊ တစ်ခါတစ်ရံမှာ ထောက်ပံ့တာမျိုးတွေမရှိဘူးဆိုရင် (အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့) ဒီလူတွေဟာ ဘယ်တော့မှ ရာဇ၀တ်မှုကို ကျူးလွန်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်” ဟု ၀ါရှင်တန် HRW မှ လက်ထောက်ဒါရိုက်တာ အန်ဒရီယာ ပရာဆိုက ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်တရားသူကြီးချုပ် အဲရစ်ဟိုလ်ဒါကမူ FBI ၏ သူလျှိုများမှာ အကြမ်းဖက်ဝါဒအား တွန်းလှန်ရာတွင် အရေးပါသည်ဟု HRW စွပ်စွဲမှုများ ကာကွယ် ပြောကြားခဲ့သည်။

    အကြမ်းဖက်မှုအတွက် ဇာတ်လမ်းဆင်ရာတွင် FBI မှာ တစ်ခါတစ်ရံ၌ အသိဥာဏ်နိမ့်ပါးသူများ၊ စိတ်ပိုင်းဆိုင်ပြဿနာရှိသူများ စသည့် ပုံမှန်မဟုတ်သူများကို ပစ်မှတ်ထားအသုံးချခဲ့သည်ဟုလည်း HRW က ဆိုကာ ပင်တဂွန်နှင့် ကွန်ဂရက်တို့အား ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းလေယာဉ်ငယ်ဖြင့် တိုက်ခိုက်လိုခြင်းကြောင့် ထောင်ဒဏ် ၁၇ နှစ်ချခံခဲ့၇သည့် အသက် ၂၇ နှစ်အရွယ် ရက်ဇ်ဝန် ဖစ်ရ်ဒေါက်စ်၏ အမှုအား ထောက်ပြခဲ့သည်။

    ဖစ်ရ်ဒေါက်မှာ ဆိုးရွားသည့် စိတ်ကျန်းမာရေးပြဿနာရှိနေသည်ဟု FBI အေးဂျင့်တစ်ဦးက ၎င်း၏ အဖေအား ပြောကြားခဲ့သော်လည်း FBI သူလျှိုများအနေဖြင့် ၎င်းတို့၏ ထောင်ချောက်ဆင်မှုကို ရပ်တန့်ခဲ့ခြင်းမရှိချေ။

    “အမေရိကန်အစိုးရက အမေရိကန် မွတ်စလင်တွေကို ဂွင်စောင့်နေတဲ့ အကြမ်းဖက်သမားတွေအဖြစ် ပြုမူဆက်ဆံနေတာတွေကို ရပ်သင့်ပါပြီ” ဟု HRW ၏ အဆိုပါ အစီရင်ခံစာ နိဂုံးချုပ် ဖော်ပြထားသည်။

    ထို့ပြင် နယူးယောက်ရှိ မွတ်စလင်သစ်လွင်လေးဦးက ဂျူးဘုရားကျောင်းနှင့် အမေရိကန်စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲခဲ့သည်ဟု စွပ်စွဲထားသည့် ဖြစ်စဉ်တွင် အစိုးရက နည်းလမ်းများချပေးကာ ထိုလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အတားအဆီးများကိုလည်း ဖယ်ရှားပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုအား ကိုင်တွယ်နေသည့် တရားသူကြီးတစ်ဦး၏ ပြောကြားချက်ကိုလည်း ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    ယခင် FBI အေးဂျင့်ဟောင်း မိုက် ဂျာမန်ကမူ FBI ၏ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်မှာ ပြည်သူများ၏ ကိုရေးကိုယ်တာနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်ကြောင်း စိုးရိမ်စရာများရှိနေပြီး၊ ထိုအစီအစဉ်မှာလည်း ခြိမ်းခြောက်မှုအစစ်အမှန်များကို ဖြေရှင်းရာတွင် မထိရောက်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် FBI မှ မွတ်စလင်များအား ထောင်ချောက်ဆင်ဖမ်းဆီးမှုများကို ဖော်ပြထားသော HRW ၏ အစီရင်ခံစာအား လစ်လျူရှု၍ မရဟုလည်း ပညာရှင်များက FBI ကို သတိပေးထားသည်။

    Ref: OnIslam.net & News Agencies

  • ရမသွာန်ကို ကြိုဆိုသည့်အားဖြင့် ချီကာဂိုမှ မွတ်စလင်များ အလှူနှင့် လူမှုအကျိုးပြု လှုပ်ရှားမှုများ ပြုလုပ်

    ဇူလိုင် ၃ ၊ ၂၀၁၄
    M-Media
    Chicago Muslim
    – အစ္စလာမ်ဘာသာဝင်တို့၏ မြင့်မြတ်သော ရမသွာန် ဥပုသ်လကို ကြိုဆိုသည့်အနေဖြင့် ချို့တဲ့သူများအား အစားသောက်များ ထောက်ပံ့ပေးခြင်းနှင့် လူမှုအကျိုးပြု လှုပ်ရှားမှုတစ်ခုကို ချီကာဂို မွတ်စလင်အဖွဲ့များက ပြုလုပ်နေသည်ဟု သိရသည်။

    Sabeel Food Pantry အမည်ရသည့် အဖွဲ့မှာ ရမသွာန်  ဥပုသ်အတွင်း လမ်းမလျှောက်နိုင်သူများ၊ အိမ်ရာမဲ့များနှင့် ချို့တဲ့သည့် အိမ်နီးချင်းများအတွက် အစားသောက်များကို စေတနာ့ ၀န်ထမ်းများဖြင့် ဝေငှေထောက်ပံ့နေသည်။

    “Sabeel Food Pantry အဖွဲ့ကို အမေရိက အစ္စလာမ့်အစားအသောက်နှင့် အာဟာရဆိုင်ရာကောင်စီ IFANCA က တည်ထောင်ခဲ့တာဖြစ်ပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတဲ့ အိမ်နီးချင်းတွေကို ကူညီဖို့ပါ” ဟု ချီကာဂိုအခြေစိုက် IFANCA မှ အမှုဆောင်ဒါရိုက်တာ ရော်ဂျာ အွစ်မန်က ပြောကြားခဲ့သည်။

    Sabeel Food Pantry အဖွဲ့မှ ထိုကဲ့သို့ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်မှာ ၁၂ နှစ်တာရှိခဲ့ပြီဖြစ်ပြီး လာမည့် ဇူလိုင်လတွင်ပြုလုပ်မည့် ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲတွင် ပါဝင်ရန်လည်း စီစဉ်ထားသည်။

    “ဇူလိုင် ၁၁ ရက်နေ့မှာပြုလုပ်မယ့် စုပေါင်းဝါဖြေ ညစာစားပွဲကို Sabeel Food Pantry ဟာ CBC နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ အဖွဲ့ရဲ့ရုံးခန်းမှာ ပြုလုပ် သွားမှာဖြစ်ပြီး ရှိခ် အိုမာရ် မူဇာဖာရ်က ဟောပြောမှာဖြစ်ပါတယ်” ဟု အွစ်မန်က ဆိုသည်။

    ချီကာဂိုရှိ အစ္စလာမ်ဘာသာဝင် မိသားစုများမှာ ရမသွာန် ဥပုသ်လ တစ်လလုံး စုပေါင်း ၀ါဖြေပွဲများကို ပြုလုပ်လေ့ရှိကြပြီး ချီကာဂိုမြို့အစ္စလာမ်ကောင်စီ CIOGC ကလည်း ချီကာဂိုရှိ ဗလီဝတ်ကျောင်းတော်များတွင် “Go Green” လှုပ်ရှားမှုကို စတင်ခဲ့သည်။

    အဆိုပါ လှုပ်ရှားမှုမှာ ဗလီဝတ်ကျောင်းတော်များ၌ အစ္စလာမ်ဘာသာဝင်များ စုရုံးရာတွင် ပလက်စတစ် ပစ္စည်းများအား ပြန်လည်သုံးစွဲရေး၊ သဘာဝအတိုင်း ပျက်စီးသွားနိုင်သည့် ပစ္စည်းများကို သုံးစွဲရန်အတွက် ဖော့ပန်းကန်များ၊ ခွက်များ၊ ဖော့ဗူးများ စသည်တို့ကို အသုံးမပြုရေး စသည့် အချက်နှစ်ချက်ကို လိုက်နာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

    အခြားမွတ်စလင်အဖွဲ့တစ်ခုဖြစ်သည့် မွတ်စလင် အမျိုးသမီးများ မဟာမိတ်အဖွဲ့ WMA ကလည်း ရမသွာန် လမြတ်အတွင်း အိမ်ယာမဲ့များနှင့် ချို့တဲ့သည့် မိသားစုများအတွက် အစားအသောက်များ လှူဒါန်း ထောက်ပံ့ပေးသည့်  R သုံးလုံးလှုပ်ရှားမှု (Ramadan Rush for Rewards) ကို ဆောင်ရွက်လျက်ရှိနေသည်။

    ဓါတ်ပုံ အညွှန်း- မွတ်စလင်တို့ရဲ့ အိဒ်နေ့တွင် ဘောလုံးကွင်းအတွင်းစုပေါင်း ဝတ်ပြုနေကြသည့် ချီကာဂိုမှ မွတ်စလင်မ်များ (၂၀၁၃ခုနှစ်)

    Ref: OnIslam

  • အမေရိကန်ရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ CAIR ၏ ဥက္ကဌအဖြစ် လူငယ် ရှေ့နေ အမျိုးသမီး တစ်ဦးအား ခန့်အပ်

    ဇွန်လ ၂၁ ရက်၊ ၂၀၁၄
    M-Media
    WomanChairs-US-Largest-Muslim-Group
    – အမေရိကန်နိုင်ငံရှိ အကြီးဆုံး မွတ်စလင်အဖွဲ့ဖြစ်သည့် အမေရိကန်-အစ္စလာမ် ဆက်ဆံရေး CAIR အဖွဲ့၏ ဥက္ကဌအဖြစ် အိုဟိုင်းယိုးပြည်နယ်မှ မွတ်စလင် အမျိုးသမီးတစ်ဦးအား ခန့်အပ်ခဲ့သည်ဟု သိရသည်။

    ဥက္ကဌဟောင်း အိုမာရ်ဇာကီ၏ ရာထူးသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီးနောက် ဒုတိယဥက္ကဌဖြစ်သည့် ရူလာ အလ်လူခ်ျကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ရူလာမှာ အိုဟိုင်းယိုးနှင့် ကန်တာကီပြည်နယ်တွင် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး၊ ကန်တာကီ၊ စင်စင်နတီနှင့် အမေရိကန် ရှေ့နေများအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ကာ၊ အမေရိကန်လူငယ်ရှေ့နေများအဖွဲ့အတွက် လက်ထောက်ညွှန်ကြားရေးမှုးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့ပြင် အမေရိကန်ရှေ့နေများအသင်း လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ကန်တာကီကိုစားပြု ကိုယ်စားလှယ်ဖြစ်သည်။

    “အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ်မှာ ပိုမိုနားလည်လာဖို့ CAIR ရဲ့ အားထုတ်မှုတွေကို ဆက်လက်ခိုင်မြဲအောင် လုပ်ဆောင်သွားဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အမေရိကန်မွတ်စလင်တွေ မြို့ပြလုပ်ငန်းဆောင်တာတွေမှာ ပါဝင်မှုတွေ တိုးမြှင့်ဖို့၊ တရားမျှတမှုနဲ့ အပြန်အလှန် နားလည်သဘောပေါက်မှုတွေကို တိုးမြှင့်ရာမှာ ကျွန်မတို့နဲ့ သဘောထားတူတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကိုလည်း ဆောင်ရွက်သွားပါမယ်” ဟု CAIR မှ ထုတ်ပြန်သော ကြေညာချက်တွင် ရူလာက ပြောကြားခဲ့သည်။

    ၂၀၀၈ ခုနှစ်နှစ်မှ ၂၀၁၃ ခုအထိ CAIR စင်စင်နတီအဖွဲ့ခွဲ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ရူလာအား ဥက္ကဌအဖြစ် ရွေးချယ်မှုကို CAIR အမှုဆောင်ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ်က ကြိုဆိုခဲ့ပြီး အဖွဲ့အတွက် သူမ၏ အားထုတ်မှုများကို ချီးကျူးခဲ့သည်။

    “အဖွဲ့ပေါ်မှာ ရူလာရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုနဲ့ သူမရဲ့ ဥပဒေရေးရာ ကျွမ်းကျင်မှုတွေက ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ပြည်သူ့လွတ်လပ်ခွင့်တွေ တိုက်စားခံလာရမှုကို တားဆီးဖို့ ဆောင်ရွက်နေတဲ့ ဒီအဖွဲ့အစည်းကို ဦးဆောင်ဖို့အတွက် အသင့်တော်ဆုံး ရွေးချယ်မှုကို ဖြစ်စေခဲ့ပါတယ်” ဟု အ၀ဒ်က ဆိုသည်။

    CAIR အဖွဲ့ကို ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အလွှာစုံမှ မွတ်စလင်များပါဝင်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ ၀ါရှင်တန်တွင် ရုံးစိုက်ထားသည်။ CAIR ၏ အဖွဲ့ခွဲများကို အမေရိကန်တစ်ဝှမ်းနှင့် ကနေဒါအထိ ဖြန့်ကျက်ဖွဲ့စည်းထားသည်။

    ထိုအဖွဲ့မှာ အစ္စလာမ်သာသနာ အပေါ် နားလည်လွဲမှုများအား ဖြေရှင်းရေး၊ ဆွေးနွေးမှုမှုများ ဖြစ်ပေါ်လာစေရေး၊ ပြည်သူ့ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရေး၊ အမေရိကန် မွတ်စလင်များ စွမ်းရည်မြင့်တက် လာစေရေးနှင့် တရားမျှတမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို တိုးမြှင့်ဆောင်ရွက်ကာ မဟာမိတ်အဖွဲ့အစည်းများ တည်ဆောက်ရေး စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည်။