News @ M-Media

Tag: US Muslims

  • အမေရိကန် မွတ်စလင်အမျိုးသမီးငယ် တစ်ဦး ထိပ်တန်းတက္ကသိုလ် ၈ ခု၏ ၀င်ခွင့်ရရှိ

    အမေရိကန် မွတ်စလင်အမျိုးသမီးငယ် တစ်ဦး ထိပ်တန်းတက္ကသိုလ် ၈ ခု၏ ၀င်ခွင့်ရရှိ

    ဧပြီ ၉၊ ၂၀၁၅
    M-Media

    8-4-15_US-Muslim-Girl-Makes-Exceptional-Academic-Record

    – အမေရိကန်ပြည်ထောင်စု မင်နီဆိုတာပြည်နယ်မှ မွတ်စလင်အမျိုးသမီးငယ်တစ်ဦးမှာ 8 Ivy League Schools ဟုခေါ်သည့် အမေရိကန်၏ ထိပ်တန်းတက္ကသိုလ် ၈ ခုမှ ကျောင်းဝင်ခွင့် လက်ခံမှုကို ရရှိခဲ့သည်။

    အဆိုပါ အမျိုးသမီးငယ်မှာ မူနီရာ ခါလစ်ဖ်ဖြစ်ပြီး Mounds Park Academy (MPA) မှ အကြီးတန်းကျောင်းသူ တစ်ဦးလည်းဖြစ်ကာ ထိုကဲ့သို့ ထိပ်တန်းတက္ကသိုလ်များအားလုံး၏ ကျောင်းဝင်ခွင့် လက်ခံမှုမှ ၎င်း၏ အရည်အချင်းအား အသိအမှတ်ပြုခြင်းဖြစ်ပြီး ရှားပါးသည့် ဖြစ်ရပ်မျိုးလည်းဖြစ်သည်။

    “ကျွန်မ အရမ်း အံအားသင့်ခဲ့ပါတယ်။ ကျွန်မအတွက် အကောင်းဆုံး အချိန်ကတော့ မိသားစုဝင်တွေကို ဖုန်းခေါ်ပြီး သူတို့ဆီက စိတ်လှုပ်ရှားမှုတွေကို ကြားခဲ့ရတာပါပဲ။ ဒါဟာ ဘုရားသခင်ထံက ကောင်းချီး အစစ်အမှန်ပါပဲ” ဟု မူနီရာ ခါလစ်ဖ်က ပြောကြားခဲ့သည်။

    8 Ivy League Schools စာရင်းတွင် ပါဝင်သည့် တက္ကသိုလ်များမှာ ဘရောင်း တက္ကသိုလ်၊ ကိုလံဘီယာ တက္ကသိုလ်၊ ကော်နဲလ် တက္ကသိုလ်၊ ဒါ့တ်မောက်သ် ကောလိပ်၊ ဟားဗတ် တက္ကသိုလ်၊ ပင်ဆဲလ်ဗာနီးယား တက္ကသိုလ်၊ ပရင်စတန် တက္ကသိုလ်နှင့် ယေးလ်တက္ကသိုလ်တို့ ဖြစ်ကြသည်။

    မူနီရာမှာ အခြားသော ထိပ်တန်းတက္ကသိုလ်များဖြစ်သည့် စတန်းဖို့ဒ်၊ ဂျော့ဂ်ျတောင်းနှင့် မင်နီဆိုတာ တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်လက်ခံမှုကိုလည်း ရရှိခဲ့သည်။

    “အဲဒီကျောင်းတွေအားလုံးဟာ ပညာသင်ယူတတ်မြောက်ဖို့အတွက် ထူးခြားကောင်းမွန်တဲ့နေရာတွေဖြစ်တာကြောင့် ဒီကျောင်းတွေထဲကတစ်ခုကို ရွေးဖို့ အခွင့်အရေးရတာကိုလည်း ကျွန်မ ဂုဏ်မမောက်ပါဘူး” ဟု မူနီရာက ထပ်လောင်းပြောကြားခဲ့သည်။

    ရတောင့်ရခဲ့ အောင်မြင်မှုကို ရရှိခဲ့သည့် မူနီရာမှာ မည်သည့်တက္ကသိုလ်သို့ တက်ရောက်ရမည်ကို မဆုံးဖြတ်ရသေးဘဲ အဆိုပါတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှု၍ နောက်ဆုံး ဆုံးဖြတ်ချက်ကို မေလ ၁ ရက်နေ့တွင် ချမည်ဟု ဆိုသည်။

    နိုင်ငံတကာမှ အသိအမှတ်ပြုမှု

    သူမ၏ ပညာရေးဆိုင်ရာ ထူးခြားသော မှတ်တမ်းနှင့်အတူ မူနီရာမှာ MPA ၏ Social Consciousness ကလပ်ကို တည်ထောင်သူဖြစ်ပြီး လက်ရှိ အကြီးအကဲဖြစ်သူ ရန်ဒီ ကွမ်ဖော့တ်၏ ချီးကျူးမှုကိုလည်း ရရှိခဲ့သည်။

    “မူနီရာဟာ MPA ရဲ့ မြင့်မားတဲ့ ပညာရေးရပ်ဝန်းကနေ ထိုးထွက်လာခဲ့တာပါ။ ဒီမှာက အသိပညာပိုင်းဆိုင်ရာ စူးစမ်းလိုစိတ်ရှိဖို့၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိတဲ့ စကားပြောကောင်းသူ ဖြစ်လာဖို့ ကျောင်းသားတွေအတွက် ကျွန်တော်တို့ စိန်ခေါ်မှုတွေ ပေးပါတယ်။ သူမဟာ ကမ္ဘာတစ်ဝှမ်းက လူ့အဖွဲ့အစည်းတွေအတွင်းမှာ ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့ပြီး၊ အဆက်မပြတ် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးက စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သူမအနေနဲ့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုလည်း ကျွန်တော်သိပါတယ်” ဟု ကွမ်ဖော့တ်က ပြောကြားခဲ့သည်။

    ထို့ပြင် မူနီရာမှာ လူငယ်များ၏ ပညာရေးအတွက် တက်ကြွစွာ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ပညာရေး Youth Courage Award ဆုကို ရရှိခဲ့သည့် ကမ္ဘာတစ်ဝှမ်းရှိ လူငယ် ၉ ဦးထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့လူငယ် သံတမန်အဖြစ် ခန့်အပ်ခြင်းခံထားရပြီး ကမ္ဘာလုံးဆိုင်ရာ ပညာရေး မြှင့်တင်မှုအတွက် ဆောင်ရွက်နေသည်။

    “သူမရဲ့ အသိဥာဏ်၊ နိုးကြားမှု၊ အားကောင်းတဲ့ စိတ်ဓာတ်ခွန်အား၊ လက်တွေ့ကျွမ်းကျင်မှုနဲ့ သြဇာတိက္ကိမတွေ ပေါင်းစပ်ပြီး မူနီရာဟာ ကမ္ဘာ့အဆင့်မှာ အပြောင်းအလဲတွေလုပ်နိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ သူမဟာ ထင်မြင်ချက်တွေ၊ အသိပညာမဲ့မှုတွေကို ဆန့်ကျင်ဖယ်ရှားပြီး မတူညီတဲ့ နောက်ခံအသိုင်းအ၀ိုင်းရှိတဲ့ သူတွေနဲ့ အကျိုးရှိရှိ ပူးပေါင်းဆောင်ရွက်တတ်ပါတယ်” ဟု MPA ၏ ကောလိပ်ဆိုင်ရာ အကြံအဥာဏ်ပေးရေးအဖွဲ့မှ ဒါရိုက်တာ လီဆာ ပက်ဒါဆန်က ပြောကြားခဲ့သည်။

    မူနီရာမှာ အာဖရိကလူငယ်များ၏ ပညာရေး ပိုမိုကောင်းမွန်ရန်အတွက် East African youth အဖွဲ့အတွက် အလုပ်လုပ်ပေးနေပြီး စကောလားရှစ်များ ရှာဖွေခြင်း၊ စာကြည့်တိုက်များ တည်ဆောက်ခြင်းနှင့် မိလ္လာဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်းတို့ကို အာရုံစိုက် ဆောင်ရွက်ပေးနေသော အကျိုးအမြတ်မယူသည့် Lighting the Way အဖွဲကိုလည်း ၎င်းကိုယ်တိုင် တည်ထောင်ခဲ့သည်။

    ထို့ပြင် Girl Up အဖွဲ့၏ သံတမန်နှင့် အသိပညာပေးသူအဖြစ်လည်း မူနီရာက ဆောင်ရွက်နေသည်။ အဆိုပါအဖွဲ့မှာ အခြားသောတိုင်းပြည်များရှိ မိန်းကလေးငယ်များအရေး ဆောင်ရွက်ပေးရန် အမေရိကန်မိန်းကလေးငယ်များကို လှုံ့ဆော်စည်းရုံးပေးနေသော ကုလသမဂ္ဂ ဖောင်ဒေးရှင်း၏ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်သည်။

    မူနီရာမှာ နိုင်ငံရေးသိပ္ပံကို အထူးပြုဘာသာရပ်အဖြစ် ယူရန် စီစဉ်ထားပြီး ပြည်သူ့ဝန်ဆောင်မှုမှတစ်ဆင့် ကမ္ဘာကြီးတွင် အကျိုးသက်ရောက်မှုရှိလာရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    Ref: Onislam

  • IS ၏ အွန်လိုင်းဝါဒဖြန်ချီမှုကို အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်ဖျက်

    IS ၏ အွန်လိုင်းဝါဒဖြန်ချီမှုကို အမေရိကန် မွတ်စလင်ခေါင်းဆောင်များ တိုက်ဖျက်

    မတ် ၂၆၊ ၂၀၁၅
    M-Media

    24-3-15_US-Muslims-Team-With-Tech-Exerts-Against-ISIL

    – စစ်သွေးကြွများက ဆိုရှယ်မီဒီယာများကို အသုံးပြု၍ မွတ်စလင်လူငယ်များအား သိမ်းသွင်းခြင်းကို တိုက်ဖျက်ရန်နှင့် မွတ်စလင်လူငယ်များ၏ နုနယ်သော နှလုံးသားကို စိုးမိုးနိုင်ရန်အတွက် အမေရိကန်ရှိ မွတ်စလင်ခေါင်းဆောင်များက နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

    “ဒါဟာ နှလုံးရည်တိုက်ပွဲပါပဲ” ဟု တန်နက်ဆီးပြည်နယ် မန်ဖစ်မြို့ရှိ Rhodes ကောလိပ်မှ ဆရာဖြစ်ပြီး မွတ်စလင်ပညာရှင် ယာစိရ် ကွာဒီက ပြောကြားခဲ့သည်။ ၎င်းမှာ Facebook နှင့် YouTube ကဲ့သို့ ဆိုရှယ်မီဒီယာများတွင် ပရိတ်သတ်အမြောက်အများရှိသူလည်း ဖြစ်သည်။

    မကြာမီက IS အဖွဲ့၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသည့် ကွာဒီမှာ အစွန်းရောက်ဝါဒအား တိုက်ဖျက်ရန် နည်းပညာကုမ္ပဏီများနှင့် ချိတ်ချက်ဆောင်ရွက်နေသည့် မွတ်စလင်ခေါင်းဆောင်များထဲမှ တစ်ဦးလည်းဖြစ်သည်။

    YouTube မှ ကျင်းပပြီး မွတ်စလင်ခေါင်းဆောင်များ၊ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူများနှင့် အွန်လိုင်းအစွန်းရောက်ဝါဒ တိုက်ဖျက်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေသော တက်ကြွလှုပ်ရှားသူ အများအပြား တက်ရောက်ခဲ့ကြသည့် လော့စ်အိန်ဂျလိစ် တွေ့ဆုံပွဲတွင်လည်း ကွာဒီက တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

    အဆိုပါ တွေ့ဆုံပွဲကို အင်တာနက်တွင် အစွန်းရောက်အုပ်စုများအား ဆန့်ကျင်တိုက်ဖျက်ရေးကို စိတ်ဝင်စားသော “တီထွင်ကြံဆသူများနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့များအတွက် အလုပ်ရုံဆွေးနွေးပွဲ” ဟု YouTube က ဖော်ပြခဲ့သည်။

    ထိုဆွေးနွေးပွဲတွင် အမေရိကန်အစိုးရမှ တာဝန်ရှိသူတစ်ဦးလည်း တက်ရောက်ခဲ့ပြီး ဒဏ်ရာရနေသော တိုက်ခိုက်ရေးသမားများထံသို့ ခန့်ညားသည့်လူငယ်တစ်ဦးက သွားရောက်အားပေးနေပုံကို ရိုက်ကူးထားသော IS ၏ အားကျဖွယ်ကောင်းသည့် ၀ါဒဖြန့် ဗီဒီယိုကိုလည်း ပြသခဲ့သည်။

    တက်ရောက်လာသူများကမူ အဆိုပါဗီဒီယိုက အလွန် အထင်ကြီးလောက်စရာကောင်းသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

    မွတ်စလင်လူငယ်များ အွန်လိုင်းစီးပွားရေး လုပ်ကိုင်နိုင်ရန်အတွက် နည်းပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို ဗာဂျီးနီးယားတွင် တည်ထောင်ထားပြီး အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှာဟဒ် အမာနွလ္လာဟ်ကလည်း အစွန်းရောက်များနှင့် ပေါ့ပေါ့နေပေါ့ပေါ့စား လူငယ်များမှာ ၎င်းတို့၏ ဘ၀ကို ၀ါဒဖြန့်ချီရေးတွင် မြှုပ်နှံထားကြည်ဟု ပြောကြားခဲ့သည်။

    FBI မှ ဒါရိုက်တာဖြစ်သူ ဂျိမ်းစ်ကိုမေးက အဆိုပါ လူသစ်စုဆောင်းရေး ဗီဒီယိုမှာ လူငယ်များ၏ မတည်ငြိမ်သော စိတ်ပိုင်ဆိုင်ရာကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

    တန်ပြန်ဗီဒီယိုများ

    YouTube၊ Facebook နှင့် Twitter တို့တွင် ၀ါဒဖြန့်မှုများဖြင့် ကြုံတွေ့နေရသောကြောင့် မွတ်စလင်များကလည်း IS အဖွဲ့အား တန်ပြန်သည့် ဗီဒီယိုများကို ဖြန့်ချီခဲ့ကြသည်။

    “မွတ်စလင်တွေကို တစ်နည်းမဟုတ် တစ်နည်း သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်နေရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ချေဖျက်ချင်ပါတယ်။ ပြီးတော့ ဒါမျိုးဟာ ခွဲခြားမှုခံနေရပါလားဆိုတဲ့ အသိမျိုးကို ခံစားရစေပြီး အစွန်းရောက်တွေရဲ့ သတင်းစကားတွေကို လူငယ်တွေ ပိုပြီးလက်ခံလာနိုင်တာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ကယ်လီဖိုးနီးယားတောင်ပိုင်း ဘာသာရေးဆိုင်ရာ တက္ကသိုလ် အစ္စလာမ့်ရေးရာဌာနမှ ဥက္ကဌဖြစ်သူ ဂျီဟဒ် တာ့က်က ပြောကြားခဲ့သည်။

    IS အဖွဲ့အား တွန်းလှန်သည့် အားထုတ်မှုများကို တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည့်အနေဖြင့် အစ္စလာမ့်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ထားသည့် “Shakes with Shaykhs” အမည်ဖြင့် အွန်လိုင်းဗီဒီယို စီးရီးကိုလည်း တာ့က်က YouTube တွင် လွှင့်တင်ထားသည်။

    တာ့က်ကမူ အဆိုပါ ဗီဒီယိုများမှာ ခေတ်ရေစီးကြောင်းအတွင်း အစ္စလာမ်ကို နားလည်မှု တိုးပွားလာရန်နှင့် မွတ်စလင်အများစု လက်ခံထားသည့် အမြင်များကို ပိုမိုသိမြင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Onislam

  • တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ

    တက္ကဆက်ရှိ ဗလီဝတ်ကျောင်းတော် မီးရှို့သူကို အမေရိကန်အာဏာပိုင်များ ဖမ်းဆီးကာ တရားစွဲ

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၅
    M-Media

    txe

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုပြီးခဲ့သည့်တစ်ပတ်က မီးလောင်မှုအတွက် သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ဟူစတန် မီးသတ်အရာရှိများက ပြောကြားခဲ့သည်။

    ဖမ်းဆီးရမိခဲ့သူမှာ အသက် ၅၅ နှစ်အရွယ် ဒါရိုင်း ဖာဂူဆန်ဆိုသူ အိမ်ယာမဲ့တစ်ဦးဖြစ်ပြီး သောကြောနေ့ နံနက်စောစောပိုင်းက ကူဗာ ဗလီဝတ်ကျောင်းတော် မီးလောင်မှုနှင့် ဆက်စပ်၍ ပထမအဆင့် မီးရှို့မှုစွဲချက်ဖြင့် တရားစွဲဆိုထားသည်။

    တာဝန်ရှိသူများက ပြောကြားရာတွင် ဖာဂူန်အား အဆိုပါ ဗလီဝတ်ကျောင်းတော်အနီးတွင် စက်ဘီးစီးနေစဉ် မသင်္ကာသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရဲစခန်း၌ မီးရှို့ကြောင်း ၀န်ခံခဲ့သည်ဟု ဆိုသည်။ အဆိုပါအစ္စလာမ့်စင်တာမှ ရှေ့ဆောင်အီမာမ်၏ သားဖြစ်သူ အဟ်ဆန် ဇာဟစ်ဒ်ကမူ ထိုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းက မိမိတို့ပတ်ဝန်းကျင်အတွက် ပိုမိုလုံခြုံသွားစေခဲ့သည်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်မှာ တက္ကဆက်ပြည်နယ်အတွင်း ရာဇ၀တ်မှုများဖြင့် အကြိမ်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ဖောက်ထွင်းမှု၊ မူးယစ်ဆေးဝါးပိုင်ဆိုင်မှု၊ ပိုင်နက်ကျူးလွန်မှု၊ လက်ရောက်မှုနှင့် ပြည့်တန်ဆာမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသူဖြစ်သည်။ မီးရှို့ခဲ့သည့် နောက်ခံအကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးသူများက ထုတ်ဖော်ပြာဆိုခြင်းမရှိခဲ့ပေ။

    “ကျွန်တော့်အဖေကတော့ အဲဒီသူကို ဗလီဝတ်ကျောင်းတော်နားမှာ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ခွင့်လွှတ်ပါတယ်။ ဒါကို ကျွန်တော်တို့မေ့လိုက်ပါပြီ။ သူ ကျွန်တော်တို့ဆီကိုလာတွေ့ပြီး ဒီလိုပြစ်မှုမျိုး ကျူးလွန်ရလောက်အောင် ကျွန်တော်တို့နဲ့ ပတ်သက်လို့ ဘာတွေအထင်မှားအမြင်မှားရှိနေသလဲဆိုတာ ကျွန်တော်တို့ကို ပြောပြစေချင်ပါတယ်” ဟု ဇာဟစ်ဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    မီးလောင်မှုကြောင့် ဗလီဝတ်ကျောင်းတော်၏ အစိတ်ပိုင်းအများအပြား ပျက်ဆီးသွားခဲ့သော်လည်း ၀တ်ပြုမှုများကိုမူ ဆက်လက်ပြုလုပ်လျက်ရှိနေသည်။

    Ref: abc13,m.chron

  • ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ချက်ပဲလ်ဟေးတွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှု အမေရိကန်သမ္မတ ရှုတ်ချ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
    M-Media

    U.S. President Barack Obama delivers remarks before signing the Clay Hunt Suicide Prevention for American Veterans Act into law at the White House in Washington

    – ပြီးခဲ့သည့်တစ်ပတ် အင်္ဂါနေ့က မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချက်ပဲလ်ဟေးမြို့တွင် မွတ်စလင်လူငယ် ၃ ဦး အသတ်ခံရမှုမှာ ကြမ်းကြုတ်၍ လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် မည်သူတစ်ဦးတစ်ယောက်မှ ဘာသာရေးကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု မရှိစေရဟု သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    သောကြာနေ့က တရားရေးဌာနမှ ထုတ်ပြန်သော သမ္မတ၏ ကြေညာချက်တွင် ထိုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်ပြီး မိမိတို့ ရားရေးဌာနအနေဖြင့် ပြစ်မှုကျူးလွန်သူမှာ အမုန်းတရားကြောင့်ဖြစ်သော ရာဇ၀တ်မှုဆိုင်ရာ ဥပဒေအပါအ၀င် ပြည်ထောင်စု ဥပဒေများကို ချိုးဖောက်ခြင်း ရှိ၊ မရှိကို FBI ၏ ကနဦး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့သည်။

    “အမေရိကန်ပြည်ထောင်စုမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူတို့ဘယ်သူလဲ၊ ဘယ်လိုလူမျိုးလဲ ဒါမှမဟုတ် ဘယ်ဘာသာလဲ ဆိုတာကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခံရတာမျိုး လုံးဝ ရှိလို့မရပါဘူး” ဟု အိုဘားမားက အဆိုပါ ကြေညာချက်တွင် ဖော်ပြထားပြီး မိမိအနေဖြင့် သေဆုံးသွားသူများ၏ မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသွားသူများ၏ မိသားစုများကမူ ပြစ်မှုကျူးလွန်သူ အသက် ၄၆ နှစ်အရွယ် ခရေ့ဂ်ျ စတီဖင် ဟစ်က်၏ ထိုလုပ်ရပ်မှာ ဘာသာရေးတွန်းအားကြောင့် ဟုတ်၊ မဟုတ်ဆိုသည်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

    သေဆုံးသွားသူများမှာ မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် သွားဘက်ဆိုင်ရာ အထူးပြုဖြင့် ကျောင်းတက်နေသူ အသက် ၂၃နှစ်အရွယ် ဒီယာ ရှက်ဒီ ဘရကသ်၊ ၎င်း၏ ဇနီး အသက် ၂၁ နှစ်အရွယ် ယူဆိုးရ် မိုဟာမက် အဘူဆက်လ်ဟာနှင့် ယူဆိုးရ်၏ ညီမဖြစ်သူ အသက် ၁၉ နှစ်အရွယ် ရာဇန် မိုဟာမက် အဘူ ဆလ်ဟာတို့ ဖြစ်ကြသည်။ ၎င်းတို့ သုံးဦးမှာ လူမှုအကျိုးပြုလုပ်ငန်းများကို တက်တက်ကြွကြွ လုပ်ကိုင်နေကြသူများဟု ၎င်းတို့၏ အတန်းဖော်များနှင့် ပတ်ဝန်းကျင်မှ ပြောကြားခဲ့ကြသည်။

    ထိုအဖြစ်အပျက်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် အခြားအမေရိကန်ခေါင်းဆောင်များ လျင်မြန်စွာ ရှုတ်ချမှု မပြုလုပ်သည့်အတွက် တူရကီသမ္မတ တိုင်ယစ်ပ် အာဒိုဂန်က ကြာသာပတေးနေ့တွင် ပြစ်တင်ပြောကြားခဲ့သည်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကလည်း သေဆုံးသွားသူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးပေးမှုများအတွက် သောကြောနေ့တွင် ချီးကျူးပြောဆိုခဲ့ပြီး ကမ္ဘာ့နိုင်ငံသားဆိုသည့် အကောင်းဆုံးတန်ဖိုးကို ၎င်းတို့က ကိုယ်စားပြုခဲ့ကြောင်း ၎င်းတို့အတွက် အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာက ၀မ်းနည်းကြေကွဲမှုကို ကြည့်၍ မိမိအနေဖြင့် ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ဒေသတွင်း ရဲတပ်ဖွဲ့ကမူ အဆိုပါပစ်ခတ်မှုမှာ ကားပါကင်ကိစ္စအတွက် ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့ မြောက်ကယ်ရိုလိုင်းနားဆိုင်ရာ အမေရိကန် တရားရုံးချုပ်အဖွဲ့နှင့် FBI တို့ ပူးပေါင်း၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အမေရိကန် တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: alarabiya

  • အမေရိကန် မွတ်စလင်လူ့အဖွဲ့အစည်း၏ ရှေ့ဆောင်လမ်းပြတစ်ဦး ကွယ်လွန်

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    ptu

    – အမေရိကန်ရှိ မွတ်စလင်လူ့အဖွဲ့အစည်း၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဒေါက်တာ မဟာ ဟက်သောက်မှာ ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။

    အသက် ၇၉ နှစ်အရွယ် ရှိပြီဖြစ်သည့် ဟက်သောက်မှာ ဆေးရုံ၌ ကင်ဆာရောဂါဖြင့် စနေနေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဇနီးသည်၊ သားသမီး ၂ ဦးနှင့် မြေး ၄ ဦးတို့ ကျန်ရစ်ခဲ့သည်။

    `ဒေါက်တာ မဟာ ဟက်သောက်ဟာ အစ္စလာမ်သာသနာနဲ့ လူသားထုတစ်ရပ်လုံးအတွက် ခေါင်းဆောင်ပါ။ မပြောရဲ မဆိုရဲတဲ့သူတွေ အတွက် ပြောဆိုပေးသူ တစ်ယောက်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ် တစ်ယောက်ပါ။ ပြီးတော့ ကဗျာဆရာတစ်ယောက် ဆရာဝန်တစ်ယောက်၊မိသားစုကို ခင်တွယ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တွေ့ဆုံတဲ့လူမှန်သမျှကလည်း သူ့အပေါ်မှာ ဖျောက်ဖျက်လို့မရတဲ့ လေးစားမှုမျိုး ရှိခဲ့ပါတယ်´ ဟု မွတ်စလင် ပြည်သူ့ရေးရာကောင်စီ MPAC မှ ထုတ်ပြန်သောကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

    ဟက်သောက်မှာ တောင်ကယ်လီဖိုးနီးယား အစ္စလာမ့်စင်တာတွင် ဥက္ကဌအဖြစ် ဆယ်စုနှစ် ၃ ခုကြာ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုစင်တာ၏ လူငယ်လှုပ်ရှားမှုကိုလည်း အကောင်အထည်ဖော်ပေးခဲ့သူဖြစ်သည်။ ထို့ပြင် ၁၉၈၈ ခုနှစ်တွင် MPAC ကို ပူးတွဲ တည်ထောင်ခဲ့သည်။

    အမေရိကန်ရှိ သြဇာအလွှမ်းမိုးဆုံး ဗလီဝတ်ကျောင်းတော်များထဲမှ တစ်ခုဖြစ်သည့် အဆိုပါ အစ္စလာမ့်စင်တာတွင် ဟက်သောက်မှာ ၎င်းကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ဟောကြားသည့် တရားဒေသနာတော်များကို အမျိုးသမီးများ လာရောက်နားထောင်နိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ဟက်သောက်မှာ အယူဝါဒနှင့်ပတ်သက်၍ တာဝန်သိစိတ်ဖြစ်လာစေရန်အတွက်လည်း ပုံစံချပေးခဲ့သည်။

    `အစ္စလာမ်ကပြောတဲ့ သနားကြင်နာမှု၊ တူညီမှု၊ တရားမျှတမှုတွေနဲ့ အမေရိကန်မွတ်စလင်တွေက အမေရိကကို အထောက်အကူ ပြုနိုင်မယ်လို့ ဒေါက်တာ ဟက်သောက်က ယုံကြည်ပါတယ်။ သူဟာ ကျွန်တော်တို့အများစုကို အမှောင်ထဲကနေ အလင်းထဲကို ဆွဲထုတ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကို ကုရ်အာန်ကျမ်းတော်မြတ်ထဲက သတင်းစကားကို ရှာဖွေစေချင်သူ တစ်ယောက်ပါပဲ´ ဟု MPAC ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၁၉၉၁ ခုနှစ်တွင် အီရတ်က ကျူးကျော်စစ်ပွဲများ ဆင်းနွှဲချိန်တွင် ဟက်သောက်မှာ ဂျူး၊ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် ဆက်သွယ်ကာ `အရှေ့အလယ်ပိုင်း စစ်ပွဲဆန့်ကျင်ရေး မဟာမိတ်အဖွဲ့´ ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင် `အစွန်းရောက်ဝါဒ ဆန့်ကျင်ရေး ကြေညာချက်´ ကို ဟက်သောက်က ထုတ်ပြန်ခဲ့ပြီး ၂၀၁၄ ခုနှစ် ညီလာခံတွင်လည်း `အစွန်းရောက်ဝါဒ – ပေါ်လစီများနှင့် ချစားသော အယူအဆ´ ဟူသောခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

    ပေါင်းကူးတံတား တည်ဆောက်သူ

    ဒေါက်တာဟက်သောက်မှာ အမေရိကန်မွတ်စလင်များ စွမ်းရည်မြင့်တက်လာစေရန်နှင့် အခြားသောအဖွဲ့အစည်းများအား ကူညီရန် အတွက် ရှေ့ဆောင်ရှေ့ရွက်ပြုပေးခဲ့သူ တစ်ဦးဖြစ်ပြီး အမေရိကန်ပြည်တွင်းနှင့် နိုင်ငံတကာကပါ လေးစားခံရသူတစ်ဦးလည်းဖြစ်သည်။

    `အလ္လာဟ်အရှင်မြတ်ရဲ့ ထံတော်ပါးကို သူပြန်သွားခဲ့တာပါ။ လူ့အဖွဲ့အစည်းအကျိုးအတွက် မမောနိုင် မပမ်းနိုင် စွမ်းဆောင်မှုတွေ၊ ထက်မြက်တဲ့ ခေါင်းဆောင်မှုတွေကတစ်ဆင့် ဒေါက်တာဟက်သောက်ဟာ အမေရိကန်က မွတ်စလင်လူ့အဖွဲ့အစည်းအတွက်၊ တရားမျှတမှု၊ သည်းခံမှုနဲ့ အပြန်အလှန်နားလည်မှုတွေကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ရှာဖွေနေတဲ့ အမေရိကန်နိုင်ငံသား အားလုံးအတွက် စံပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်´ ဟု အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီမှ နိုင်ငံလုံးဆိုင်ရာ အမှုဆောင် ဒါရိုက်တာ နီဟတ် အ၀ဒ်က ပြောကြားခဲ့သည်။

    ဒေါက်တာ ဟက်သောက်မှာ အခြားသော ဘာသာတရားများနှင့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး ဒေသအတွင်း အလွှမ်းမိုးဆုံး ဂျူး၊ ခရစ်ယာန်ခေါင်းဆောင်များနှင့် ပူးပေါင်းကာ နျူလက်နက်ပြန့်ပွားမှုဆန့်ကျင်ရေး၊ အမေရိကန်ဦးဆောင်သည်။ အီရတ်-ကူဝိတ်စစ်ပွဲကို ဆန့်ကျင်ရေး စသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။

    `သူဟာ အလယ်အလတ်ဝါဒရဲ့ အသံလည်း ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့သူလည်းဖြစ်ပါတယ်။ အခြေခံဝါဒရဲ့ ဘယ်လိုအကြောင်းအရင်းမဆို အန္တရာယ်ရှိပြီး အတွေးအခေါ်ကို ဖျက်ဆီးစေတတ်တဲ့ ပုံစံပဲလို့ သူဟာ အားလုံးရှေ့ထွက်ပြီး ပြောခဲ့သူတစ်ယောက်ပါ´ ဟု ပါဆာဒီနာရှိ All Saints Episcopal ခရစ်ယာန်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာတော် ဂျော့ဂ်ျ ရေဂက်စ်က ပြောကြားခဲ့သည်။

    ဟက်သောက်မှာ ၁၉၃၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး ဆေးပညာဖြင့် ဘွဲ့ရခဲ့ပြီးနောက် နယူးယောက်သို့ ပြောင်းရွှေ့လာခဲ့ကာ လော့စ်အိန်ဂျလိစ်တွင် ပညာဆက်လက်ဆည်းပူးခဲ့သည်။

    ထို့နောက် အမေရိကန်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းကို ဦးဆောင်ခဲ့ပြီး၊ မွတ်စလင်ကမ္ဘာနှင့် ဆက်ဆံရေး တိုးတက်စေရန်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဘီလ်ကလင်တန်၊ ဂျော့ဂ်ျ ဒဘလူ ဘုရှ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့ပြင် ဟက်သောက်မှာ အကြမ်းဖက်ဝါဒ အား ဆန့်ကျင်သော အစ္စလာမ်၏ သဘောထားကို မီးမောင်းထိုးပြသည့် စာအုပ်ပေါင်းများစွာကိုလည်း ရေးသားခဲ့သူဖြစ်သည်။

    ဟက်သောက်မှာ ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ပတ်သက်သည့် ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိခဲ့သည်။

    Ref : onislam