News @ M-Media

Tag: US

  • လက်စ်ဗီးဂက်စ်တိုက်ခိုက်မှု IS က တာဝန်ယူသော်လည်း အမေရိကန်နှင့် သေနတ်သမားညီတို့က ပယ်ချ

    လက်စ်ဗီးဂက်စ်တိုက်ခိုက်မှု IS က တာဝန်ယူသော်လည်း အမေရိကန်နှင့် သေနတ်သမားညီတို့က ပယ်ချ

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် စတီဖင် ပဒ်ဒေါ့က်

    – လက်စ်ဗီးဂက်စ်ရှိ ဂီတပွဲတွင် ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုအား IS အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်က ပယ်ချခဲ့ပြီး သေနတ်သမားမှာ စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ဒေသစံတော်ချိန် အောက်တိုဘာလ ၁ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုအတွင်း အနည်းဆုံး လူပေါင်း ၅၀ ခန့် သေဆုံးခဲ့ပြီး ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    IS ၏ သတင်းဌာနဖြစ်သော Amaq က လက်စ်ဗီးဂက်စ်တိုက်ခိုက်သူမာ IS အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် လအနည်းက အစ္စလာမ်ဘာသာသို့ ပြောင်းထားခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းမရှိချေ။

    FBI အပါအ၀င် အမေရိကန် တာဝန်ရှိသူများက သေနတ်သမားမှာ အသက် ၆၄ နှစ်အရွယ် လူဖြူအမျိုးသား စတီဖင် ပဒ်ဒေါ့က်ဆိုသူဖြစ်ပြီး နိုင်ငံတကာ စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွယ်သည့် မည်သည့်အထောက်အထားမှ မတွေ့ရကြောင်း၊ IS ၏ ပြောကြားမှုမှာ မဟုတ်မှန်ဘဲ သေနတ်သမားမှာ စိတ်ရောဂါဆိုင်ရာ ပြဿနာများ ရှိဖူးကြောင်း တုန့်ပြန်ခဲ့သည်။

    ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကာဆီနိုရုံတွင် လူအများအပြား သေဆုံးခဲ့သည့် ပစ်ခတ်မှုတစ်ခုကိုလည်း ၎င်းတို့လက်ချက် ဖြစ်သည်ဟု IS က ပြောကြားခဲ့ဖူးပြီး နောက်ပိုင်း စုံစမ်းစစ်ဆေးမှုများအရ သေနတ်သမားမှာ လောင်းကစားကျွေးနစ်နေသူဖြစ်ပြီး အကြမ်းဖက်ဝါဒနှင့် ဆက်စပ်မှုမရှိသည်ကို တွေ့ခဲ့ရသည်။

    ပဒ်ဒေါ့က်မှာ ပြီးခဲ့သည့် သီတင်းပတ်များအတွက် အကြီးအကျယ် လောင်းကစားမှု ပြုလုပ်ခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    ၎င်း၏ညီဖြစ်သူ အဲရစ် ပဒ်ဒေါ့က်က အငြိမ်းစားလေယာဉ်မှူးဖြစ်သူ ၎င်း၏အစ်ကိုမှာ လောင်းကစားဝိုင်းများ၊ ဟိုတယ်များ၊ ရှိုးပွဲများကို သွားရောက်ကြည့်ရှုတတ်ပြီး နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ ခံယူချက်မရှိကြောင်း ပြောကြားခဲ့သည်။

     

    Ref: AP,CNA

  • အမေရိကန် လက်စ်ဗီးဂက်စ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅၀ သေဆုံး

    အမေရိကန် လက်စ်ဗီးဂက်စ်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၅၀ သေဆုံး

    အောက်တိုဘာ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု လောင်းကစားမြို့တော် လက်စ်ဗီးဂက်စ်ရှိ ဂီတဖျော်ဖြေပွဲတစ်ခုတွင် အနည်းဆုံး သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အပန်းဖြေနေရာနှင့် ကာစီနိုလောင်းကစားရုံဖြစ်သော Mandalay Bay Resort and Casino ရှိ အဆောက်အဦးတစ်ခု အပြင်ဘက်တွင် ပြုလုပ်သည့် Route 91 ကျေးလက်ဂီတပွဲတော်ကို လာရောက်သော လူအုပ်ကို မန္တလေးဘေးဟော်တယ် ၃၂ ထပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု လက်စ်ဗီးဂက်စ် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    သတင်းစာရှင်းလင်းပွဲတွင် ကလာ့က်ခရိုင် ရဲမင်းကြီး ဂျိုးဆက်ပ် လွမ်ဘာဒိုက ပစ်ခတ်မှုအတွင်း အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သို့သော်လည်း ထိုအရေအတွက်မှာ အတိအကျမဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း ပြောကြားခဲ့သည်။

    တိုက်ခိုက်သူမှာ လက်စ်ဗီးဂက်စ်၌ နေထိုင်သူဖြစ်ပြီး ၎င်း ပစ်ခတ်ခဲ့သည့် ဟိုတယ်ခန်းတွင် ရဲတပ်ဖွဲ့က အသေပစ်သတ် ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

    တိုက်ခိုက်မှုကို မည်သည့်အတွက်ကြောင့် ပြုလုပ်သည်ဆိုသည်နှင့် ပြည်ပ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်မှု ရှိ၊ မရှိ မသိရသေးပေ။ လက်ရှိတွင် တိုက်ခိုက်သူနှင့် ပတ်သက်သူများကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်။

    ၂၀၁၇ ခုနှစ် အစမှ ယခုအချိန်အထိ အမေရိကန်တွင် သေနတ်ဖြင့် ပစ်ခတ်မှု ၂၇၃ ခု ဖြစ်ပွားခဲ့ပြီး ၁၁၆၂၁ ဦး သေဆုံးခဲ့ကာ ၂၃၄၃၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Gun Violence Archive အဖွဲ့က စာရင်းပြုစုထားသည်။

    Ref: Aljazeera

     

  • မြောက်ကိုရီးယားကို စစ်တိုက်ရန် ပြင်ဆင်ထားသည်ဟု ထရမ့်ပြော

    မြောက်ကိုရီးယားကို စစ်တိုက်ရန် ပြင်ဆင်ထားသည်ဟု ထရမ့်ပြော

    စက်တင်ဘာ ၂၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားအား စစ်ရေးအရ အရေးယူရန် အလုံးစုံ ပြင်ဆင်ထားပြီးဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေငြာလိုက်ပြီး တိုက်ခိုက်မှုဖြစ်ပါက အကြီးအကျယ် ပျက်ဆီးလိမ့်မည်ဟု ဆိုသည်။

    ထရမ့်၏ Twitter ရေးသားချက်တစ်ခုကို ကိုးကား၍ အမေရိကန်မှာ မိမိတို့အား စစ်ကြေငြာခဲ့သည်ဟု မြောက်ကိုရီးယားက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး အမေရိကန် ဗုံးကြဲလေယာဉ်များကို ပစ်ချမည်ဆိုသည့် စကားကို ထရမ့်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “ဒုတိယရွေးချယ်မှုအတွက် ကျွန်တော်တို့ အားလုံး ပြင်ဆင်ပြီးပါပြီး။ ဒါဟာ ကျွန်တော်တို့ ကြိုက်တဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းကို ကျွန်တော်တို့သုံးရင် အကြီးအကျယ် ပျက်ဆီးမှာ ဖြစ်ပါတယ်။ ပြောနိုင်တာက မြောက်ကိုရီးယားဟာ အကြီးအကျယ် ပျက်ဆီး ဆုံးရှုံးမှာပါ။ ဒါဟာ စစ်ရေးနည်းလမ်းဖြစ်ပြီး လုပ်ဖို့လိုရင် ကျွန်တော်တို့ လုပ်မှာပါ” ဟု ထရမ့်က ယမန်နေ့တွင် အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။

    အမေရိကန်က စစ်ကြေငြာသည်ဆိုသည့် မြောက်ကိုရီးယား၏ စွပ်စွဲချက်ကို အိမ်ဖြူတော်က စောစောပိုင်းတွင် ငြင်းဆိုခဲ့ပြီးနောက်ပိုင်း ထရမ့်၏ ယခုမှတ်ချက် ထွက်လာခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယားပြဿနာကို မဖြေရှင်းနိုင်ခဲ့သည့် ယခင် အစိုးရများကိုလည်း ထရမ့်က အပြစ်တင်ခဲ့သည်။

    တောင်ကိုရီးယားထောက်လှမ်းရေးဌာန (NIS) က မြောက်ကိုရီးယားမှာ ၎င်းတို့၏ စစ်လေယာဉ်များကို အရှေ့ဖက်ကမ်းရိုးတန်းတွင် ပြောင်းရွှေ့ နေရာချထားနေပြီး ကမ်းရိုးတန်း ခံစစ်ကို တိုးမြှင့်ထားသည်ဟု ပြောကြားခဲ့သည်။

    ဒေသတွင်း ခေါင်းဆောင်များကလည်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်လာမည်ဟု သတိပေးထားသည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားကို စစ်ကြေငြာခြင်းမရှိဟု အမေရိကန်တုန့်ပြန်

    မြောက်ကိုရီးယားကို စစ်ကြေငြာခြင်းမရှိဟု အမေရိကန်တုန့်ပြန်

    စက်တင်ဘာ ၂၆၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယာဒုံးကျည်များ ရောက်ရှိနိုင်သည့် အကွာအဝေးပြ ပုံ

    – သမ္မတထရမ့်က မိမိတို့အား စစ်ကြေငြာသည်ဟု မြောက်ကိုရီးယား၏ ပြောကြားမှုကို အမေရိကန်က ငြင်းဆိုလိုက်ပြီး ယုတ္တိကင်းသော ပြောဆိုချက်သာဖြစ်သည်ဟု ပြောကြားလိုက်သည်။

    တနင်္ဂနွေနေ့က Twitter စာမျက်နှာတွင် ထရမ့်လွှင်တင်ခဲ့သော မှတ်ချက်တစ်ခုမှာ မိမိတို့အား စစ်ကြေငြာခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောကြားခဲ့သောကြောင့် ဒေသအတွင်း စိုးရိမ်စိတ်များလည်း မြင့်တက်လာခဲ့သည်။

    တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ (NIS) က မြောက်ကိုရီးယားမှာ စစ်လေယာဉ်များကို အရှေ့ဖက် ကမ်းရိုးတန်းတွင် ချထားပြီး ကမ်းရိုးတန်းခံစစ်ကို တိုးမြှင့်နေသည်ဟု ပြောကြားထားကာ၊ ဒေသတွင်း ခေါင်းဆောင်များကလည်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲ ဖြစ်ပွားပါက ဆိုးရွားသည့် နောက်ဆက်တွဲရလဒ်များ ဖြစ်ပေါ်လာမည်ဟု ယနေ့တွင် သတိပေးခဲ့သည်။

    အိမ်ဖြူတော် တာဝန်ရှိသူများက မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားမှုကို ယမန်နေ့ ညပိုင်းတွင် ငြင်းဆိုခဲ့သည်။

    “ကျွန်မတို့ မြောက်ကိုရီးယားကို စစ်မကြေငြာပါဘူး။ ဒီပြောဆိုချက်ဟာ ယုတ္တိလည်း မရှိပါဘူး” ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဟက်ကာဘီ ဆန်းဒါးစ်က ပြောကြားခဲ့သည်။

    အမေရိကန်မှာ ကိုရီးယားကျွန်းဆွယ်ပေါ်တွင် စနေနေ့က ဗုံးကြံလေယာဉ်များ ပျံသန်းကာ စစ်အင်အား ပြသခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့မှာ အပြန်အလှန် ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သည်။

    Ref: Aljazeera

  • ထရမ့်က မိမိတို့နိုင်ငံကို စစ်ကြေငြာလိုက်သည်ဟု မြောက်ကိုရီးယား စွပ်စွဲ

    ထရမ့်က မိမိတို့နိုင်ငံကို စစ်ကြေငြာလိုက်သည်ဟု မြောက်ကိုရီးယား စွပ်စွဲ

    စက်တင်ဘာ ၂၅၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ မိမိတို့နိုင်ငံအား စစ်ကြေငြာလိုက်ပြီး မိမိတို့လေပိုင်နက်ထဲ ၀င်ရောက်ခြင်း မရှိလျှင်ပင် အမေရိကန် ဗုံးကြဲလေယာဉ်များအား ပစ်ချမှုအပါအ၀င် တန်ပြန်ဆောင်ရွက်ခွင့် ရှိနေပြီဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုက ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ စနေနေ့ ကုလမိန့်ခွန်းကို ရည်ညွှန်း၍ ထရမ့်က ယမန်နေ့တွင် Twitter စာမျက်နှာ၌ “ကုလမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပြောတာကို ကြားလိုက်တယ်။ ဒါဟာ ဒုံးကျည်လူသားလေးရဲ့ အာဘော် ဖြစ်မယ်ဆိုရင်တော့ သူတို့ သိပ်ပြီး ကြာကြာခံတော့မှာမဟုတ်ပါဘူး” ဟု ရေးသားခဲ့သည်။

    ရီက ထိုရေးသားမှုမှာ မိမိတို့နိုင်ငံအား စစ်ကြေငြာခြင်းဖြစ်သည်ဟု နယူးယောက်ရှိ သတင်းထောက်များကို ယနေ့တွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့တိုင်းပြည်ကို အမေရိကန်က ပထမဆုံး စစ်ကြေငြာလိုက်တယ်ဆိုတာ တစ်ကမ္ဘာလုံးက ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ အမေရိကန်က ဒီလို စစ်ကြေငြာလိုက်တာကြောင့် တန်ပြန်တုန့်ပြန်ရမယ့် အခွင့်အရေးအားလုံး ကျွန်တော်တို့မှာ ရှိနေပါတယ်။ ကျွန်တော်တိုင်းပြည်ရဲ့ လေပိုင်နက်ထဲကို ၀င်မလာရင်တောင် အမေရိကန်ရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေကို ပစ်ချခွင့်ပါ ဒီအထဲမှာ ပါဝင်ပါတယ်”

    အင်္ဂါနေ့ ထရမ့်၏ မိန့်ခွန်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ‘ဒုံးကျည်လူသား’ ဟု ပြောင်လှောင် ခေါ်ဝေါ်ခဲ့ကာ မြောက်ကိုရီးယားကို လုံးဝ ဖျက်ဆီးပစ်မည်ဟု ပြောကြားခဲ့သည်။

    စနေနေ့က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားမှုတွင် ထရမ့်ကို ‘မစ္စတာ မကောင်းဆိုးဝါး သမ္မတ’ ဟု ပြင်တင်ရှုတ်ချခဲ့ပြီး အမေရိကန်အား ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့သည်။

    Ref: Aljazeera