News @ M-Media

Tag: US

  • နှစ် ၁၀၀ အတွင်း အပြင်းဆုံးမုန်တိုင်းတစ်ခု ကာရစ်ဘီယံဒေသနှင့် အမေရိကန်ကို ၀င်နေ

    နှစ် ၁၀၀ အတွင်း အပြင်းဆုံးမုန်တိုင်းတစ်ခု ကာရစ်ဘီယံဒေသနှင့် အမေရိကန်ကို ၀င်နေ

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    ဟာရီကိန်းအာရ်မာကို ဂြိုဟ်တုမှတစ်ဆင့် မြင်တွေ့ရစဉ်

    – ကာရစ်ဘီယံဒေသ၌ တိုက်ခတ်နေသည့် ဟာရီကိန်း အာရ်မာရန်ကြောင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်ရှိ သန်းနှင့်ချီသော ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ပေးထားသည်ဟု သိရသည်။

    ကာရစ်ဘီယံရှေ့ခြမ်းတွင် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး အပျက်အဆီးများခဲ့သည့် ဟာရီကိန်း အာရ်မာမှာ လက်ရှိတွင် အားကောင်းသော အဆင့် ၅ မုန်တိုင်းအဖြစ် ကျူးဘားနိုင်ငံ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်နေသည်။

    ဟာရီကိန်း အာရ်မာမှာ နှစ် ၁၀၀ အတွင်း အတ္တလန်တိတ်ဒေသ၏ အဆိုးဝါးဆုံး မုန်တိုင်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပြီး တနင်္ဂနွေနေ့မနက်တွင် ဖလော်ရီဒါပြည်နယ်သို့ ၀င်ရောက်မည်ဟု ခန့်မှန်းထားသည်။

    လက်ရှိ ကျူးဘားနိုင်ငံတွင် မုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံး သတင်းများ ထွက်မလာသေးပေ။

    အမေရိကန်နိုင်ငံမှာ ၁၈၅၁ ခုနှစ်ကတည်းက ပြင်းအား အဆင့် ၅ ရှိ မုန်တိုင်း ၃ ခုဒဏ်ကို ခံစားခဲ့ရပြီး နောက်ဆုံးတစ်ခုမှာ ၁၉၉၂ ခုနှစ်က တိုက်ခတ်ခဲ့သော ဟာရီကိန်း အန်ဒရူးဖြစ်သည်။

    ဖလော်ရီဒါပြည်နယ်မှာ အမေရိကန်တွင် စတုတ္ထမြောက် လူနေထူထပ်သည့် ပြည်နယ်ဖြစ်ပြီး ပြည်နယ်လူဦးရေ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ၅.၆ သန်းမှာ လက်ရှိတွင် ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်း နေထိုင်နေရသည်။

    အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပြီးခဲ့သည့်တစ်ပတ်က ဟာရီကိန်းဟာဗီး တိုက်ခတ်ခဲ့ပြီး လူသေဆုံးမှုရှိခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုလည်း များပြားခဲ့သည်။

    Ref: Aljazeera

  • မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်

    မုန်တိုင်းဒဏ်ခံ အမေရိကန်များအတွက် ကာတာနှင့် ယူအေအီးက ဒေါ်လာ သန်း ၄၀ လှူမည်

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ဟာရီကိန်းဟာဗီး တိုက်ခတ်ပြီးနောက် မြင်ကွင်း

    – ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားရသော ပြည်သူများအတွက် ကာတာက ကန်ဒေါ်လာ သန်း ၃၀ လှူဒါန်းမည်ဟု သိရသည်။

    အမေရိကန်ဆိုင်ရာ ကာတာသံအမတ် မက်စ်ဟဲလ် ဘင် ဟာမဒ် အလ် သာနီက ယမန်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မကြာသေးမီကမှ မတည်ခဲ့သည့် Qatar Harvey Fund ရန်ပုံငွေမှတစ်ဆင့် လှူဒါန်းမည်ဖြစ်သည်။

    ထိုလှူဒါန်းမှုမှာ တက္ကဆက် ကမ်းရိုးတန်းတွင် ဆိုးဆိုးဝါးဝါး  ထိခိုက်ခဲ့သည့် ဟာရီကိန်းမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အကြီးမားဆုံး လှူဒါန်းမှု ဖြစ်လာမည်ဖြစ်သည်။

    ကာတာ၏ ထောက်ပံ့မှုကို ရေကြီးမှုကြောင့် ပျက်ဆီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးတွင် သုံးစွဲရန် ရှိနေသည်။

    “တက္ကဆက်ပြည်သူတွေဟာ ဘယ်လိုမုန်တိုင်းမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်ပြီး ပိုမို ကြံ့ခိုင်စွာ၊ ပိုကောင်းတဲ့ အနေအထားနဲ့ ပြန်လည် ထူထောင်လာမှာ ဖြစ်ပါတယ်။ ကာတာကလည်း မိမိတို့ရဲ့ မိတ်ဆွေတွေကို ဘယ်လိုအချိုးအကွေ့မှာမဆို ကူညီဖို့ အဆင်သင့်ရှိပါတယ်” ဟု အလ်သာနီက ပြောကြားခဲ့သည်။

    ဟာရီကိန်း ဟာဗီးဒဏ်ခံ ပြည်သူများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကလည်း ကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းမည်ဟု ပြောကြားထားသည်။

    တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး အဘော့ မိမိတို့ပြည်နယ်နှင့် ကာတာနိုင်ငံမှာ ကာလရှည်လျားသည့် မိတ်ဖက်ဆက်ဆံရေးရှိကြောင်း၊ ကာတာအစိုးရ၏ ရက်ရောမှု၊ တက္ကဆက်ပြည်နယ်အား ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ကို လက်ဆောင်များ ထပ်ပို့သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    အမေရိကန်ကို လက်ဆောင်များ ထပ်ပို့သွားမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    စက်တင်ဘာ ၅၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ဟန်တေဆွန်

    – နိုင်ငံ၏ အကြီးမားဆုံး နျူလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်အတွက် လက်ဆောင်များ အထုပ်လိုက် ထပ်ပို့ပေးမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုလိုက်သည်။

    အင်္ဂါနေ့က မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ကုလတွင် ပြုလုပ်သော အစည်းအဝေး၌ မြောက်ကိုရီးယားဆိုင်ရာ ကုလသံတမန် ဟန်တေဆွန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “လွန်ခဲ့တဲ့ ၂ ရက်ဖြစ်တဲ့ စက်တင်ဘာ ၃ ရက်နေ့က မြောက်ကိုရီးယားဟာ မဟာဗျူဟာ နျူကလီးယားအင်အား တည်ဆောက်ရေး စီမံကိန်းအောက် တိုက်ချင်းပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်မယ့် ဟိုဒရိုဂျင်ဗုံး စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်တိုင်းပြည်ရဲ့ လတ်တလော ကာကွယ်ရေးဆောင်ရွက်ချက်တွေဟာ အခြားသူတွေအတွက် မဟုတ်ဘဲ အမေရိကန်အတွက် လက်ဆောင်ထုပ် ဖြစ်ပါတယ်။ အဆင်ခြင်မဲ့ ရန်စမှုတွေ၊ မြောက်ကိုရီးယားအပေါ် အလုပ်မဖြစ်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်နေသမျှ အမေရိကန်ဟာ ဒီလို လက်ဆောင်တွေကို ပိုပြီး ရရှိမှာဖြစ်ပါတယ်”

    မြောက်ကိုရီးယား၏ စစ်ရေးဆောင်ရွက်ချက်များမှာ ထိန်းချုပ်မှုရှိပြီး မိမိကိုယ်ကို ကာကွယ်ရေးသာဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်ကို အထီးကျန်စေရန်အတွက် ၁၀ စုနှစ်ချီ လုပ်ဆောင်လာသည့် အမေရိကန်၏ နျူခြိမ်းခြောက်မှုနှင့် ရန်လိုသည့် ပေါ်လစီများကို တုန့်ပြန်ခြင်းဖြစ်ကြောင်း သံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ပိတ်ဆို့မှုများမှာ မည်သည့်အခါမှ အလုပ်ဖြစ်မည်မဟုတ်ဘဲ၊ ဆွေးနွေးပွဲ စကားဝိုင်းသို့ နျူလက်နက် ရပ်တန့်ရေး ကိစ္စကို ယူဆောင်လာမည်မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

    အမေရိကန်၏ လက်နက်ဖျက်သိမ်းရေး သံတမန် ရောဘတ်ဝုဒ်က မြောက်ကိုရီးယားမှာ ထိုကဲ့သို့ စမ်းသပ်မှု လုပ်ခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို အာခံနေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားတင်းမာမှုကြောင့် ဂျပန်နှင့် တောင်ကိုရီးယားတို့ကို ပိုမို အဆင့်မြင်သည့် အမေရိကန်လက်နက်များကို ၀ယ်ယူခွင့်ပြုသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယနေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပြင်းထန်သည့် စစ်ရေးတုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    ပြင်းထန်သည့် စစ်ရေးတုန့်ပြန်မှုကို ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    စက်တင်ဘာ ၄၊ ၂၀၁၇
    M-Media

    အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်

    – မြောက်ကိုရီးယား၏ မည်သည့်ခြိမ်းခြောက်မှုမျိုးမဆို ကြီးမားသည့် စစ်ရေးတုန့်ပြန်မှုဖြင့် ရင်ဆိုင်ရမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က သတိပေး ပြောကြားလိုက်သည်။

    နိုင်ငံသမိုင်းတစ်လျှောက်တွင် စွမ်းအားအပြင်းဆုံးဖြစ်သည့် ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် အမေရိကန်က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “အမေရိကန် ဒါမှမဟုတ် ဂူအမ်အပါအ၀င် နိုင်ငံရဲ့ ပိုင်နက်တွေ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေအပေါ် ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို ကြီးမားပြင်းထန်တဲ့ စစ်ရေးတုန့်ပြန်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်” ဟု မာတစ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် လုံခြုံရေးကောင်စီ၏ ပြောကြားမှုကို ဂရုစိုက်ရန် လိုအပ်ကြောင်းလည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    လုံခြုံရေးကောင်စီမှ အဖွဲ့ဝင်အားလုံးမှာ ယမန်နေ့ အရေးအပေါ်အစည်းအဝေးတွင် မြောက်ကိုရီးယားက ခြိမ်းခြောက်မှုပြုလုပ်နေသည်ဟု တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့ကြပြီး၊ ကိုရီးယားကျွန်းဆွယ် နျူကင်းရှင်းရေး သဘောထားကိုလည်း ဆက်လက်ဆုပ်ကိုင်ထားခဲ့ကြသည်။

    ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက KCNA က ကင်ဂျုံအန်၏အမိန့်ဖြင့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို ယမန်နေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး၊ ခြွင်းချက်မရှိသော အောင်မြင်မှုဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

    ထိုစမ်းသပ်မှုမှာ သမ္မထရမ့် တက်လာပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ ပထမဆုံး နျူစမ်းသပ်မှုဖြစ်သည်။

    မာတစ်က ၎င်းအနေဖြင့် သမ္မတထရမ်ပါဝင်သည့် ထိပ်ပိုင်းခေါင်းဆောင်များ၏ အမျိုးသားလုံခြုံရေး အစည်းအဝေးကို တက်ရောက်ခဲ့သည်ဟု ပြောကြားခဲ့ပြီး သမ္မတမှာ စစ်ရေးတုန့်ပြန်မှု နည်းလမ်းတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို သိရှိလိုသည်ဟု ဆိုသည်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရပ်သားများမထိခိုက်စေရန် အမေရိကန် တိုက်တွန်း

    ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ဖျက်ရေးတွင် အရပ်သားများမထိခိုက်စေရန် အမေရိကန် တိုက်တွန်း

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေး

    – ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုကို တားဆီးရာမှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့၊ အပြစ်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ မပြုလုပ်ဖို့ ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မနေ့မှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်မှာ Arakan Rohingya Salvation Army ဆိုတဲ့အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းတွေနဲ့ ရဲစခန်း ၃၀ လောက်ကို တစ်ပြိုင်တည်း တိုက်ခိုက်မှုတွေပြုလုပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ချို့အပါအ၀င် လူပေါင်း ၁၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    သေဆုံးသူအများစုဟာ ARSA က အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    အမေရိကန် သံအမတ်က ဒီ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ပြောကြားခဲ့ပြီး၊ ဒီ အကြမ်းဖက်မှုမျိုး ထပ်မဖြစ်အောင် တားဆီးတဲ့နေရာမှာ အပြစ်မဲ့အရပ်သားတွေ၊ အကူအညီပေးရေးအဖွဲ့တွေကို မထိခိုက်စေဖို့၊ နိုင်ငံတကာ ဥပဒေတွေအတိုင်း ဆောင်ရွက်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

    အကူအညီလိုအပ်နေသူတွေကို အကူအညီပေးဖို့၊ လူ့အဖွဲ့အစည်းအားလုံး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေး ဆောင်ရွက်ပေးဖို့အတွက်လည်း ဟာလေးက တိုက်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုကြောင့် သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ဖက်ကို ထွက်ပြေးခဲ့ရပြီး၊ မြန်မာစစ်တပ်ကလည်း ရိုဟင်ဂျာအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ သတင်းတွေ ထွက်လာခဲ့တာကြောင့် ကုလ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က တံခါးပိတ်အစည်းအဝေး
    ကျင်းပခဲ့ပါတယ်။

    Ref : Reuters