News @ M-Media

Tag: US

  • ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ပူးတွဲ၍ လာမည့်ရက်သတ္တပတ်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး မြောက်ကိုးရီးယားကို ဆန့်ကျင့်သည့်အနေဖြင့် နောက်ဆုံးပေါ်ထွက်လာသည့် အင်အားပြမှု ဖြစ်သည်။

    ကုလသမဂ္ဂ၏ အမျိုးမျိုးသော အရေးယူပိတ်ဆို့မှုများကြားမှ မြောက်ကိုးရီးယားသည် အင်အားပြင်း ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခြင်း၊ ၆ ကြိမ်မြောက် နျူကလီယားစမ်းသပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုးရီးယား၏ လက်နက်အစီအစဉ်များအပေါ် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အမေရိကန်မှာ မြောက်ကိုးရီးယား၏ အနီးကပ်ဆုံး နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့် ပြုလုပ်လာခဲ့သည်။

    အမေရိကန် အမှတ် ၇ ရေယာဉ်စုမှ ထုတ်ပြန်သော ကြေငြာချက်တွင် လာမည့်တစ်ပတ် တောင်ကိုးရီးယား ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် USS Ronald Regan လေယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘော ၂ စီးတို့ ပါဝင်မည်ဟု ဖော်ပြထားသည်။

    အောက်တိုဘာ ၁၆ ရက်မှ ၂၆ အတွင်း ဂျပန်ပင်လယ်နှင့် ပင်လယ်ဝါတို့တွင် ပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “အပြန်အလှန် ဆက်သွယ်ရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန်” ဖြစ်သည်ဟု ကြေငြာချက်က ဆိုသည်။

    မည်သည့်စစ်ရေးလေ့ကျင့်မှုကိုမှ ထပ်မံမပြုလုပ်ရန် သတိပေးထားသော မြောက်ကိုးရီးယားကို အဆိုပါ လေ့ကျင်မှုကြောင့် ဒေါသ ထွက်စေမည်ဖြစ်သည်။

    Ref: CNA

  • ယူနက်စကိုမှ အမေရိကန်နှင့် အစ္စရေးတို့ နှုတ်ထွက်မည်

    ယူနက်စကိုမှ အမေရိကန်နှင့် အစ္စရေးတို့ နှုတ်ထွက်မည်

    အောက်တိုဘာ ၁၃၊ ၂၀၁၇
    M-Media

    – ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) မှာ အစ္စရေးဆန့်ကျင်ရေး ဘက်လိုက်သည့်အဖွဲ့ဖြစ်ပြီး ထိုအဖွဲ့မှ ထွက်တော့မည်ဟု အမေရိကန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Heather Nauert က အမေရိကန်အနေဖြင့် ‘စောင့်ကြည့်အဖွဲ့တစ်ခု’ ဖွဲ့စည်းကာ ယူနက်စကို ကိုယ်စားလှယ်အဖွဲ့နေရာတွင် အစားထိုးသွားမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း မနေ့က ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ကာ ၎င်းတို့အနေဖြင့် ယူနက်စကိုမှ အမေရိကန်နှင့်အတူ ထွက်တော့မည်ဖြစ်ကြောင်း၊ အမေရိကန်၏ ယခုဆုံးဖြတ်ချက်မှာ ‘ရဲရင့်ပြီး သမာသမတ်ကြ’ ကာ ယူနက်စကိုမှာ ‘အသုံးမ၀င်သည့်’ အဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ယူနက်စကို အကြီးအကဲအဖြစ်မှ မကြာမီ အနားယူတော့မည့် အိုက်ရီနာ ဘိုကိုဗာက အမေရိကန်အနေဖြင့် ယခုကဲ့သို့ ထွက်ခွာမှုမှာ ဗဟုဝါဒကို ဆုံးရှုံးသွားခြင်းဖြစ်ပြီး ‘အမေရိကန်အတွက် ယူနက်စကိုမှာ အရေးမကြီးသကဲ့သို့၊ ယူနက်စကိုအတွက်လည်း အမေရိကန်က အရေးမပါ’ ဟု ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် ငြိမ်ချမ်းရေး၊ ပညာရေးတို့ကို မြှင့်တင်ပေးနေသော၊ ယဉ်ကျေးမှုများကို ကာကွယ်ပေးနေသော မိမိတို့အဖွဲ့မှ အမေရိကန်ထွက်ခြင်းမှာ လွန်စွာ ၀မ်းနည်းဖွယ်ကောင်းသည်ဟုလည်း သူမက ဆိုသည်။

    အစ္စရေး၏ ဆန့်ကျင်မှုများရှိသော်လည်း ၂၀၁၁ ခုနှစ်တွင် ယူနက်စကိုက ပါလက်စတိုင်းဟာ တင်းပြည့်အဖွဲ့ဝင်အဖြစ် သတ်မှတ်ခဲ့မှုကို အမေရိကန်က မကျေနပ်ဘဲ အဖွဲ့ဝင် ၁၉၅ နိုင်ငံ ပါဝင်သည့် အဆိုပါအဖွဲ့အား ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။

    ကုလလက်အောက်ခံအဖွဲ့အစည်းများက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုမှုကို အမေရိကန်က ဆန့်ကျင်ပြီး အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုကို စောင့်ဆိုင်းရမည်ဟု ပြောကြားထားသည်။

    ယူနက်စကိုမှာ ကမ္ဘာ့အမွေအနှစ်များကို ထိန်းသိမ်းရေးလုပ်ငန်းကြောင့် ထင်ရှားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေး အကူအညီများကို ပေးအပ်နေသည့် အဖွဲ့လည်းဖြစ်သည်။

    Ref: Aljazeera

  • ထရမ့်မှာ လူမျိုးရေးခွဲခြားသူဟု နာမည်ကြီးရက်ပါ ဝေဖန်

    ထရမ့်မှာ လူမျိုးရေးခွဲခြားသူဟု နာမည်ကြီးရက်ပါ ဝေဖန်

    အောက်တိုဘာ ၁၂၊ ၂၀၁၇
    M-Media

    – ရက်ပ်အဆိုတော် အီမီနမ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို လူမျိုးရေးခွဲခြားသူဟုလည်းကောင်း၊ အသုံးမကျသည့် ခေါင်းဆောင်တစ်ဦးဟု သီချင်းစာသားတွင် ထည့်သွင်းဝေဖန်လိုက်သည်ဟု သိရသည်။

    အင်္ဂါနေ့က BET ဟစ်ဟော့ဆုပေးပွဲတွင် ထုတ်လွှင့်ခဲ့သည့် ရက်ပ်ဗီဒီယိုတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ပရိတ်သတ်များအနေဖြင့် ထရမ့်နှင့် မိမိ မည်သူ့ကို ထောက်ခံမည်လဲဟု မေးခွန်းထုတ်ခဲ့သည်။

    “သူအရမ်းတော်တဲ့နေရာကတော့ လူမျိုးရေးခွဲခြားတဲ့ နေရာပါ” ဟု အီမီနမ်က သီချင်းစာသားတွင် ထည့်ဆိုသွားခဲ့သည်။

    လူမျိုးခွဲခြားရေးသမားဟု စွပ်စွဲခံရမှုများကို ထရမ့်က ယခင်ကတည်းက ငြင်းဆိုထားပြီး၊ ၎င်းမှာ အောက်ဆုံး လူမျိုးရေးခွဲခြားရေးသမားဟု ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    အိမ်ဖြူတော်တာဝန်ရှိသူများက အီမီနမ်၏ အဆိုပါ ရက်ပ်သီချင်းနှင့်ပက်သက်၍ တုန့်ပြန်ခြင်း မရှိသေးပေ။ ယင်းဗီဒီယိုသည် Youtube တွင် လူကြည့်အများဆုံး ဗီဒီယိုတစ်ခု ဖြစ်ခဲ့သည်။

    ယင်းရက်ပ်သီချင်း၌ သမ္မတဟောင်း ဘားရက်အိုဘားမား၊ ဟီလာရီကလင်တန်တို့ကိုလည်း ထည့်သွင်းသီဆိုခဲ့သည်။

    National Football League ကစားသမားများ ပွဲမတိုင်ခင် နိုင်ငံတော်သီချင်း မသီဆိုဘဲ ဒူးထောက်မှုအတွက် ထရမ့်၏ ဝေဖန်ပြောကြားမှုကိုလည်း အီမီနမ်က သရော်ခဲ့သည်။ ထိုဒူးထောက်မှုမှာ လူမည်းများကို အကြမ်းဖက်ခဲ့သည့် ရဲများအား ဆန့်ကျင်ကြောင်း အသံတိတ်ဖော်ပြမှုဖြစ်သည်။

    Ref : CNA

  • ချီကာဂိုတက္ကသိုလ်ပါမောက္ခ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ

    ချီကာဂိုတက္ကသိုလ်ပါမောက္ခ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုရရှိ

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media

    – အမေရိကန်စီးပွားရေးပညာရှင် ရစ်ချတ် တေလာသည် စီးပွားရေးနှင့် စိတ်ပညာအကြား လစ်လပ်နေသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည့် ၎င်း၏လုပ်ဆောင်မှုအတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကို ရရှိခဲ့ကြောင်း ရွေးချယ်ရေးအဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း အကန့်အသတ်၊ လူမှုရေးဆိုင်ရာ အလေးထားမှုနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့မှုတွေရဲ့ အကျိုးဆက်တွေကို ရှာဖွေဖော်ထုတ်နိုင်ခြင်းအားဖြင့် ဒီအချက်တွေက လူတစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်တွေနဲ့ စီးပွားရေးရလဒ်အပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကို သူက ပြသခဲ့ပါတယ်” ဟု အဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် လက်တွေ့ကျသည့် ထိုတွေ့ရှိချက်များ၊ သီအိုရီပိုင်းဆိုင်ရာ အယူအဆများက စီးပွားရေးနယ်ပယ်ကို ကျယ်ပြောလာစေခဲ့ပြီး သုတေသနနှင့် ပေါ်လစီဆိုင်ရာများတွင် သိသိသာသာ ရိုက်ခတ်မှုများ ရှိခဲ့သည်ဟုလည်း ဆိုသည်။

    တေလာက နိုဘယ်ဆုရရှိခဲ့သည့်အတွက် ၀မ်းသာပီတိ ဖြစ်ရသည်ဟု ဗီဒီယိုမှတစ်ဆင့် နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီကို ပြောကြားခဲ့သည်။

    အသက် ၇၂ နှစ်အရွယ်ရှိ တေလာသည် ဆုငွေအဖြစ် ခရိုနာ ၉ သန်း (ကန်ဒေါ်လာ ၁.၁ သန်း) ကို ရရှိမည် ဖြစ်သည်။

    တေလာမှာ စီးပွားရေးဆိုင်ရာ နိုဘယ်ဆုအရများသည့် ချီကာဂိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးလည်းဖြစ်သည်။ လက်ရှိအချိန်အထိ နိုဘယ်ဆုရှင် စုစုပေါင်း ၇၉ ဦးတွင် ၃ ပုံ ၁ ပုံကျော်မှာ ချီကာဂိုတက္ကသိုလ် စီးပွားရေးဌာနနှင့် ဆက်နွယ်နေသည်။

    Source: AFP