News @ M-Media

Tag: US

  • လူမည်များကို စော်ကားသည့် ရဲအရာအရှိတစ်ဦးကို အမေရိကန် ထုတ်ပယ်မည်

    လူမည်များကို စော်ကားသည့် ရဲအရာအရှိတစ်ဦးကို အမေရိကန် ထုတ်ပယ်မည်

    စက်တင်ဘာ ၁၊ ၂၀၁၇
    M-Media

    – မိမိတို့မှာ လူမည်းသီးသန့်သာ သတ်ဖြတ်သည်ဟု ပြောကြားခဲ့သည့် ဂျော်ဂျီယာပြည်နယ်မှ ရဲအရာရှိတစ်ဦးအား ထုတ်ပယ်ပစ်မည်ဟု ဒေသတွင်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဂရဂ်ျ အက်ဘော့ဆိုသည့် ဗိုလ်ကြီးမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လက လမ်းဘေးတွင် ကားတစ်စီးအား စစ်ဆေးစဉ် ကားပိုင်ရှင် လူဖြူအမျိုးသမီးက ထိန့်လန့်ကာ ဖုန်းယူမည့်အချိန် အက်ဘော့က “ခင်ဗျားက လူမည်းမဟုတ်ဘူးလေ။ မှတ်ထား ကျွန်တော်တို့က လူမည်းသီးသန့်သတ်တာ၊ ဟုတ်တယ်နော်၊ ကျွန်တော်တို့က လူမည်းတွေကိုပဲ သတ်တာဗျ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုစစ်ဆေးမှုကို ရဲကား၏ ဒက်ရှ်ဘုတ်ကင်မရာမှတ်တမ်းတွင် တွေ့ခဲ့ရသည်။

    အက်ဘော့မှာ လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက ကော့ဘ်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုလုပ်ရပ်အတွက် ပြီးခဲ့သည့်တစ်ပတ်က စုံစမ်းဆေးမှု စတင်ပြုလုပ်ကာ ၎င်းအား အနားပေးထားသည်။

    ၎င်း၏ရှေ့နေက စစ်ဆေးမှုအတွင်း ခရီးသွားများ ပူးပေါင်းဆောင်ရွက်မှု မရှိသည့်အခြေအနေမျိုးတွင် စိတ်ပြေလျော့စေရန် အက်ဘော့က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ကော့ဘ်ကောင်တီမှ ရဲတပ်ဖွဲ့အကြီးအကဲ မိုက် ရက်ဂျစ်စတာက ထိုကဲ့သို့ ပြောကြားမှုမှာ လက်မခံနိုင်စရာဖြစ်ပြီး အက်ဘော့အား ရဲတပ်ဖွဲ့မှ ထုတ်ပယ်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဘာပဲဖြစ်ဖြစ် ဒီလိုပြောကြားမှုမျိုးဟာ လက်မခံနိုင်စရာဖြစ်ပြီး၊ ရဲတပ်ဖွဲ့နဲ့ ကောင်တီအတွင်းမှာ ကျွန်တော်တို့ တည်ဆောက်နေတဲ့ ဓလေ့ကို ကောင်းကျိုးမဖြစ်စေပါဘူး”

    အမေရိကန်ရဲဌာနမှာ လူမည်းများကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ပြီးခဲ့သည့်နှစ်များအတွင်း ဝေဖန်မှုများ ခံလာခဲ့ရသည်။ ပြီးခဲ့သည့်နှစ်တွင် ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သူ ၁၀၉၃ ဦးရှိပြီး ထိုအထဲမှ ၄ ပုံ ၁ ပုံမှာ အာဖရိကန်-အမေရိကန်များဖြစ်သည်။

    အမေရိကန်တွင် လူမည်းဦးရေမှာ ၁၂ ရာခိုင်နှုန်းသာ ရှိသည်။

    Ref : Aljazeera

  • အာဖဂန်တွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင်များ တရားဝင်ထုတ်ပြန်မှုထက် ပိုများနေ

    အာဖဂန်တွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင်များ တရားဝင်ထုတ်ပြန်မှုထက် ပိုများနေ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အာဖဂန်တွင် ရှိနေသည့် အမေရိကန်တပ်ဖွဲ့ဝင်စာရင်းကို ယမန်နေ့တွင် ပင်တဂွန်က ထုတ်ပြန်ကြေငြာလိုက်ပြီး ယခင်က ထုတ်ပြန်ထားသည့် စာရင်းထက် ပိုမိုများပြားနေသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပင်တဂွန်မှ တာဝန်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကန်နက် မက်ကင်ဇီက အာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၁၁၀၀၀ ရှိသည်ဟု ပြောကြားခဲ့သည်။

    ထိုအရေအတွက်မှာ ယခင်က ထုတ်ပြန်ထားသည့် ၈၄၀၀ ထက် ၃ ထောင်ကျော် များပြားနေခြင်းဖြစ်သည်။

    ယခုကဲ့သို့ အမှန်အတိုင်း ထုတ်ပြန်မှုမှာ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်၏ ကာကွယ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒါနာ ၀ှိုက်က ပြောကြားခဲ့သည်။

    အာဖဂန်ရှိ လက်နက်ကိုင်များကို တွန်းလှန်ရန်နှင့် အာဖရန်အစိုးရကို အကြံပေးရန်အတွက် တပ်ဖွဲ့ဝင်များ တိုးမြှင့်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီး၊ ယခုအရေအတွက် ၁၁၀၀၀ ထက် ပိုမိုတိုးမြှင့်မည် ဖြစ်သည်။

    အမေရိကန်မှာ အာဖဂန်ကို ၂၀၀၁ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက် အချိန်အကြာဆုံး စစ်ပွဲလည်းဖြစ်သည်။

    Ref: Aljazeera

  • အမေရိကန်ရေတပ်မှ ပျောက်ဆုံး ရေတပ်သား ၁၀ ဦး၏ အလောင်းများကို တွေ့ရှိ

    အမေရိကန်ရေတပ်မှ ပျောက်ဆုံး ရေတပ်သား ၁၀ ဦး၏ အလောင်းများကို တွေ့ရှိ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနှင့် မလေးရှားရေပိုင်နက်အနီး ဆီတင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့သည့် အမေရိကန်ဖျက်သင်္ဘောမှ ပျောက်ဆုံးသွားသည့် စစ်သား ၁၀ ဦးစလုံး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဟု အမေရိကန်ရေတပ်က ကြေငြာခဲ့သည်။

    USS John S.McCain သင်္ဘောဖြစ်ပြီး အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့များမှ ရေငုပ်သမားများမှာ ရေ၀င်နေသော သင်္ဘောအခန်းများတွင် တစ်ပတ်ကြာရှာဖွေမှု ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပျောက်ဆုံးသင်္ဘောသားအားလုံး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    သေဆုံးသွားသူ စစ်သားများမှာ အသက် ၂၀ မှ ၃၉ နှစ်အတွင်း ရှိကြသည်။

    “တိုက်မိတဲ့ အကြောင်းအရင်းတွေ၊ အဖြစ်အပျက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်” ဟု အမေရိကန်ရေတပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    စင်ကာပူဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မောင်းနှင်လာသည့် USS John S.McCain သင်္ဘောမှာ အရုဏ်တက်ချိန်တွင် ဆီတင်သင်္ဘော Alnic MC နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်မှာ ၂ လအတွင်း အမေရိကန်စစ်သင်္ဘောများ ဒုတိယအကြိမ်မြောက် တိုက်မိမှုဖြစ်ဖြစ်ကာ တစ်နှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်သည်။

    ထိုအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့ရေတပ်၏ လှုပ်ရှားမှုအားလုံးကို အမေရိကန်က ရပ်တန့်ထားသည်။

    Ref : Aljazeera

  • တက္ကဆက်ကို ၀င်နေသည့် ဟာရီကိန်း ဟာဗီးကြောင့် လူအသေအပျောက်ရှိလာ

    တက္ကဆက်ကို ၀င်နေသည့် ဟာရီကိန်း ဟာဗီးကြောင့် လူအသေအပျောက်ရှိလာ

    သြဂုတ် ၂၇၊ ၂၀၁၇
    M-Media

    ဟူစတန်မြို့တွင်း မြင်ကွင်းတစ်ခု

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း ဟာဗီး တိုက်ခတ်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်ထားရသည်ဟု သိရသည်။

    အမေရိကန်တွင် လူနေအထူထပ်ဆုံး မြို့များမှ တစ်မြို့ဖြစ်သည့် ဟူစတန်မြို့တွင် မုန်တိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ၅ ဦးရှိသည်ဟု သတင်းများထွက်ပေါ်နေပြီး၊ ရေအလွန်ကြီးနေသောကြောင့် စိုးရိမ်စရော ကောင်းနေသည်ဟု အုပ်ချုပ်ရေးမှူး ဂရက်ဂ်ျ အဘော့တ်က ပြောကြားခဲ့သည်။

    ဂါလ်ဗက်စတန်မြို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး မုန်တိုင်ကြောင့် သေဆုံးသူ ၂ ဦး ရှိနေသည်။

    လေပြင်းတိုက်ခတ်နေပြီး ဓာတ်အားပြတ်တောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရပြီး ဟူစတန်ရှိ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ပြည်သူများကို ကူညီရန်အတွက် ရဟတ်ယာဉ်များကို ထပ်မံ တောင်းဆိုထားသည်။

    ဟာရီကိန်းဟာဗီးမှာ ၂၀၀၄ ခုနှစ် သြဂုတ်လနောက်ပိုင်း အမေရိကန်တွင် အပြင်းဆုံးမုန်တိုင်းဖြစ်ပြီး တက္ကဆက်ပြည်နယ်တွင် လူပေါင်း ၃၄ ဦး သေဆုံးခဲ့သည့် ၁၉၆၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး မုန်တိုင်းလည်းဖြစ်သည်။

    Ref: BBC

  • လူမျိုးရေးခွဲခြားစိတ်ဖြင့် လူသတ်ခဲ့သည့် လူဖြူတစ်ဦးကို အမေရိကန်တွင် ကွပ်မျက်

    လူမျိုးရေးခွဲခြားစိတ်ဖြင့် လူသတ်ခဲ့သည့် လူဖြူတစ်ဦးကို အမေရိကန်တွင် ကွပ်မျက်

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားစိတ်ဖြင့် လူသတ်ခဲ့သောကြောင့် သေဒဏ် ကျခံခဲ့ရသည့် အာဆေး

    – ၁၉၈၇ ခုနှစ်က လူမျိုးရေးခွဲခြားသည့်စိတ်ဖြင့် လူသတ်မှုကျူးလွန်ခဲ့သည့် လူဖြူအမျိုးသားတစ်ဦးကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ယမန်နေ့တွင် ကွပ်မျက်လိုက်သည်ဟု သိရသည်။

    အသက် ၅၃ နှစ်အရွယ်ရှိ မက် အာဆေးဆိုသူဖြစ်ပြီး ယမန်နေ့ည ၆ နာရီ ၂၂ မိနစ်က ဆေးထိုး၍ ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ၎င်းမှာ ဖလော်ရီဒါတွင် လူမည်းတစ်ဦးအား လူမျိုးရေးခွဲခြားစိတ်ဖြင့် သတ်ဖြတ်သောကြောင့် ကွပ်မျက်ခံရသည့် ပထမဆုံး လူဖြူအမျိုးသားဖြစ်သည်။

    တရားသူကြီးများက အာဆေးမှာ ၁၉၈၇ ခုနှစ်တွင် အသက် ၃၄ နှစ်အရွယ် လူမည်းအမျိုးသား ရောဘတ်လီ ဘိုကာကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအတွင်း လူမျိုးရေးခွဲခြားသည့် စကားများ ပြောဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာဆေးမှာ အဆိုပါနှစ်အတွင်းမှာပင် လူဖြူ-စပိန်ကပြား အသက် ၂၆ နှစ်အရွယ် ရောဘတ် မက်ဒိုဝဲလ်ကို သတ်ဖြတ်မှုအတွက်လည်း ပြစ်မှုထင်ရှားခဲ့သူ ဖြစ်သည်။

    ၁၉၆၇ ခုနှစ်တွင် သေဒဏ်ကို ပြန်လည်ပြဌာန်းပြီးနောက်ပိုင်း ဖလော်ရီဒါတွင် လူဖြူများကို သတ်ဖြတ်မှုဖြင့် အနည်းဆုံး လူမည်း ၂၀ ကွပ်မျက်ခံခဲ့ရသည်ဟု သေဒဏ်အချက်အလက်စင်တာ၏ ထုတ်ပြန်မှုအရ သိရသည်။ ထိုအချိန်မှစ၍ ဖလော်ရီဒါတွင် သေဒဏ်ကျခံရသူ အရေအတွက်မှာ ၉၂ ဦး ရှိခဲ့သည်။

    Ref : Aljazeera