News @ M-Media
Tag: US
  • လူမျိုးရေးအစွန်းရောက်များကို နှိမ်နှင်းရန် အမေရိကန်ကို ကုလ တိုက်တွန်း
    လူမျိုးရေးအစွန်းရောက်များကို နှိမ်နှင်းရန် အမေရိကန်ကို ကုလ တိုက်တွန်း
    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media
    လူဖြူအစွန်းရောက်များ၏ ချီတက် ဆန္ဒပြမှု မြင်ကွင်း
    – အမေရိကန်နိုင်ငံမှာ မြင့်တက်လာတဲ့ လူမျိုးရေးခွဲခြားတဲ့ လှုံ့ဆော်မှုတွေ၊ ရာဇ၀တ်မှုတွေကို တစ်ညီတစ်ညွတ်တည်း၊ ခြွင်းချက်မရှိ ရှုတ်ချဖို့အတွက် ကုလက တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပြီး ဒီလိုသာ မလုပ်ဘူးဆိုရင် အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။
    ကုလရဲ့ လူမျိုးရေးခွဲခြားမှု ပပျောက်ရေးကောင်စီ (CERD) က ‘ကနဦးသတိပေးခြင်းနှင့် အလျင်အမြန် ဆောင်ရွက်ရန် တိုက်တွန်းခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီခေါင်းစဉ်ဟာ ဆိုးရွားတဲ့ အခြေအနေမျိုးကို တွေ့ရမှ ထုတ်ပြန်တဲ့ ရှားရှားပါးပါး ကြေငြာချက်မျိုး ဖြစ်ပါတယ်။
    အခုလစောပိုင်းက ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့မှာ လူဖြူအစွန်းရောက်တွေရဲ့ ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ အစွန်းရောက်တွေဘက်က ကားနဲ့ တိုက်သတ်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
    ထရမ့်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစွန်းရောက်တွေနဲ့ သူတို့ကို ဆန့်ကျင်တဲ့အုပ်စု နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့တာကြောင့် သူ့ရဲ့ အစွန်းရောက်တွေကို ကာကွယ်ပေးတဲ့ ဒီမှတ်ချက်အတွက် ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။
    CERD ရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချထားပြီး လူမျိုးရေးလှုံ့ဆော်မှုတွေကို အမေရိကန်ရဲ့ ထိပ်ပိုင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ကန့်ကွက်ဖို့ ပျက်ကွက်တာဟာ စိတ်ပျက်စရာကောင်းတယ်လို့လည်း ဖော်ပြထားပါတယ်။
    ဒီလို ပျက်ကွက်ဟာဟာ အမေရိကန်နိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှုသဘောထားတွေ၊ လုပ်ရပ်တွေကို ပြန့်နှံ့အောင် မီးထိုးပေးသလို ဖြစ်နေတယ်လို့လည်း ကြေငြာချက်က သတိပေးခဲ့ပါတယ်။
    “လူဖြူအစွန်းရောက်တွေ၊ နာဇီလက်သစ်တွေ၊ KKK ဂိုဏ်းတွေရဲ့ သိသိသာသာ လှုံ့ဆော်လာမှု၊ ကျွေးကျော်မှု၊ အလေးပြုမှုတွေနဲ့အတူ လူမျိုးရေးခွဲခြားမှု အဖြစ်အပျက်တွေကြောင့် ကျွန်တော်တို့ စိုးရိမ်မိပြီး ဒါဟာဟာ လူဖြူအစွန်းရောက်ဝါဒကို အားကောင်းစေကာ၊ လူမျိုးရေးမုန်းတီးမှု၊ ခွဲခြားမှုတွေကို လှုံ့ဆော်ပေးနေပါတယ်” လို့ CERD ဥက္ကဌ အန်နက်စ်တာစီယာ ခရစ်ကလေးက ပြောကြားခဲ့ပါတယ်။
    လူမျိုးရေးအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သူတွေကို တရားစွဲဆိုသင့်ပြီး အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အခါမှာ သူတို့ရဲ့ ရာဇ၀တ်မှု အတိမ်အနက်ကိုလိုက်ကာ ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဖို့လည်း ကုလ ကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ပါတယ်။
    “အမေရိကန်အာဏာပိုင်တွေအနေနဲ့ ဒီလို လူမျိုးရေးခွဲခြားမှု သဘောထားတွေ ပြန့်နှံ့ခြင်းရဲ့ အခြေခံအကြောင်းအရင်းကို ဖြေရှင်းသင့်ပြီး၊ လူမျိုးရေးခွဲခြားမှု အဖြစ်အပျက်တွေကို စေစေငှငှ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်” လို့ ကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။
    လွတ်လပ်စွာ ဖော်ထုတ်မှု၊ အသင်းအဖွဲ့ဖွဲ့စည်းမှုနဲ့ ငြိမ်းချမ်းစွာ စုဝေးမှုတွေဟာ အခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို မထိခိုက်စေဖို့အတွက် အာဏာပိုင်တွေအနေနဲ့ သေချာအောင် ဆောင်ရွက်သွားဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။
    လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး ကုလရဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ ၁၇၇ နိုင်ငံမှာ အမေရိကန်လည်း ပါဝင်ပါတယ်။ CERD ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မှတ်တမ်းတွေကို ပုံမှန် သုံးသပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
    Ref: Aljzeera
  • သေဒဏ်ကျခံနေရသည့် ကန်အကျဉ်းသားတစ်ဦး ၁၉ နှစ်ကြာမှ အပြစ်မရှိကြောင်း တွေ့ရှိ
    သေဒဏ်ကျခံနေရသည့် ကန်အကျဉ်းသားတစ်ဦး ၁၉ နှစ်ကြာမှ အပြစ်မရှိကြောင်း တွေ့ရှိ
    သြဂုတ် ၂၃၊ ၂၀၁၇
    M-Media
    သေဒဏ်ကျခံနေရသည့် ၀ီလီယံ
    – အပြစ်မရှိကြောင်း ဖော်ပြနေသည့် DNA အထောက်အထားကို တွေ့ရှိခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် သေဒဏ်ချခံနေရသည့် အကျဉ်းသားတစ်ဦးအား ကွပ်မျက်မည့်အစီအစဉ်ကို ဆိုင်းငံ့လိုက်သည်ဟု သိရသည်။
    ၁၉၉၈ ခုနှစ်က အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုဖြင့် ၂၀၀၁ ခုနှစ်တွင် သေဒဏ်ကျခံခဲ့ရသည့် မာဆဲလက်စ် ၀ီလီယံဆိုသူကို အင်္ဂါနေ့က ဆေးထိုးကွပ်မျက်ရန် စီစဉ်ထားသော်လည်း နာရီပိုင်းအလိုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး အဲရစ် ဂရီတန်က ဆိုင်းငံ့ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
    စစ်ဆေးမှုအရ လီရှာ ဂေလီဆိုသည့် အမျိုးသမီးအား သတ်ဖြတ်ခဲ့သည့် လက်နက်တွင် တွေ့ရှိရသည့် DNA အထောက်အထားနှင့် အခင်းဖြစ်ရာနေရာတွင် တွေ့ရသည့် ခြေရာ၊ ဆံပင်တို့မှာ ၀ီလီယံ၏ DNA မဟုတ်ပေ။
    မူခင်းဆေးစစ်မှုနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုမှုကလည်း လူသတ်မှုမှာ ၀ီလီယံပြုလုပ်သည်ဟု တိုက်ရိုက်ရည်ညွှန်းနိုင်ခြင်း မရှိပေ။ တရားစွဲဆိုမှုကို လူ ၂ ဦး၏ ထွက်ဆိုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူ ၂ ဦးကို သေဆုံးသူ၏ မိသားစုက ငွေကြေးထောက်ပံ့မှု လုပ်ထားကြောင်း နောက်ပိုင်းတွင် ပေါ်လာခဲ့သည်။
    ထို့ပြင် ထိုအမှုကို စစ်ဆေးသည့် ဂျူရီလူကြီး ၁၂ ဦးတွင် ၁၁ ဦးမှာ လူဖြူများ ဖြစ်နေသည်။ တရားရုံးကမူ နောက်ပိုင်းတွေ့ရှိခဲ့သည့် အထောက်အထားများကို ထည့်သွင်းစဉ်စားခြင်းမရှိဘဲ ကွပ်မျက်မှုကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။
    မစ်ဇူရီ အုပ်ချုပ်ရေးမှူးမှ ထုတ်ပြန်သော ကြေငြာချက်တွင် သေဒဏ်ဆိုသည်မှာ ပြန်လည်ပြင်ဆင်၍မရသည့် ပြစ်ဒဏ်မျိုးဖြစ်ကြောင်း၊ သေဒဏ်ချမှတ်ရန်အတွက် အပြစ်ရှိသည်ဆိုသော တရားရုံးဆုံးဖြတ်ချက်မှာ မစ်ဇူရီပြည်သူများ၏ အပြည့်အ၀ ယုံကြည်မှုကို ရရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
    “အချက်အလက်အသစ်တွေ ပေါ်လာတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကို ကျွန်တော် ခန့်အပ်သွားပါမယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
    ၀ီလီယံ၏ ရှေ့နေ ကန့် ဂစ်ပ်ဆင်က အုပ်ချုပ်ရေးမှူး၏ အဆိုပါ ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်မိသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အမေရိကန်စစ်သင်္ဘောမှ ပျောက်ဆုံးစစ်သည်များ၏ အလောင်းတစ်ချို့ ပြန်တွေ့
    အမေရိကန်စစ်သင်္ဘောမှ ပျောက်ဆုံးစစ်သည်များ၏ အလောင်းတစ်ချို့ ပြန်တွေ့
    သြဂုတ် ၂၂၊ ၂၀၁၇
    M-Media
    – ယမန်နေ့က စင်ကာပူ ရေပိုင်နက်အတွင်း ဆီတင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့သည့် အမေရိကန် စစ်သင်္ဘောမှ ပျောက်ဆုံးနေသည့် အလောင်းများကို ရှာဖွေတွေ့ရှိပြီဟု သိရသည်။
    USS John S McCain သင်္ဘော၏ အဆိုပါအဖြစ်အပျက်အတွင်း အမေရိကန် ရေတပ်သားအချို့ ဒဏ်ရာရရှိကာ ၁၀ ဦး ပျောက်ဆုံးခဲ့သည်။
    သင်္ဘောကို ချန်ဂီရေတပ်အခြေစိုက်စခန်းတွင် ရပ်နားထားပြီး ရေငုပ်သမားများက သင်္ဘောဝမ်းအတွင်း ၀င်ရောက်ရှာဖွေရှာရာ၌ ရေတပ်သားအချို့၏ အလောင်းများကို တွေ့ရှိခဲ့သည်။
    အမေရိကန် ပစိဖိတ် ရေယာဉ်စု၏ ရေတပ်ဗိုလ်ချုပ် စကော့ ဆွစ်ဖ်က ယနေ့ပြုလုပ်ခဲ့သည့် ရှာဖွေမှုအတွင်း သင်္ဘောသားအခန်းများတွင် အလောင်းတစ်ချို့ကို ရေငုပ်သမားများက တွေ့ခဲ့သည်ဟု အတည်ပြုခဲ့သည်။
    မလေးရှား ရေတပ်သင်္ဘောတစ်စီးမှာလည်း အမေရိကန်တပ်သားအလောင်းတစ်ခုကို ရှာဖွေတွေ့ရှိထားပြီး USS John S McCain သင်္ဘောမှ ပျောက်ဆုံးသွားသည့် တပ်သားလားဆိုသည်ကို အမေရိကန်ရေတပ်က စစ်ဆေးနေသည်။
    ပျောက်ဆုံးနေသည့် စစ်သားများအား ရှာဖွေမှုအတွင်း အမေရိကန်၊ အင်ဒိုနီးရှား မလေးရှားနှင့် စင်ကာပူရေတပ်တို့ကလည်း ပါဝင်ကူညီနေသည်။
    အဆိုပါအဖြစ်အပျက်မှာ တစ်နှစ်အတွင်း အမေရိကန်ရေတပ်ရှိ သင်္ဘောများ၏ ၄ ကြိမ်မြောက် မတော်တဆဖြစ်မှုဖြစ်ပြီး ပြီးခဲ့သည့် ၂ လအတွင်း ၂ ကြိမ်မြောက်ဖြစ်သည်။ လက်ရှိတွင် ပစိဖိတ်ရှိ ရေတပ်လုပ်ငန်းများအားလုံးကို အမေရိကန်က ရပ်တန့်ထားသည်။
    Ref: BBC
  • အမေရိကန်စစ်သင်္ဘောတစ်စီး ဆီတင်သင်္ဘောနှင့် တိုက်မိပြီး စစ်သား ၁၀ ဦး ပျောက်နေ
    အမေရိကန်စစ်သင်္ဘောတစ်စီး ဆီတင်သင်္ဘောနှင့် တိုက်မိပြီး စစ်သား ၁၀ ဦး ပျောက်နေ
    သြဂုတ် ၂၁၊ ၂၀၁၇
    M-Media
    – အမေရိကန်ရေတပ်မှ ဖျက်သင်္ဘောတစ်စင်းမှာ စင်ကာပူကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့ပြီး သင်္ဘောသား ၁၀ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။
    ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS John S McCain မှာ ပုံမှန် ကမ်းကပ်မှုပြုလုပ်ရန် ဆိပ်ကမ်းသို့သွားနေစဉ် မနက်၅ နာရီခွဲအချိန်၌ ဆီတင်သင်္ဘော Alnic MC နှင့် တိုက်မိခဲ့ဖြင်းဖြစ်သည်ဟု အမေရိကန်ရေတပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။
    ထိုအဖြစ်အပျက်အတွင်း စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးသူ ၁၀ ဦးရှိနေကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
    စင်ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen က ထိုအဖြစ်အပျက်ကို ဆိုရှယ်မီဒီယာတွင် အတည်ပြုခဲ့ပြီး စင်ကာပူ ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ အမေရိကန်စစ်တပ်မှ အကူအညီတောင်းခံလာပါက ကူညီနိုင်ရန် စင်ကာပူရေတပ်ကို တပ်လှန့်ထားကြောင်း ပြောကြားခဲ့သည်။
    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီနိုင်ရန်အတွက် ရေတပ်သင်္ဘောများ၊ ရဟတ်ရင်များကို စင်ကာပူရေပိုင်နက်အနီးတွင် ချထားကြောင်း မလေးရှားက ကြေငြာခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့အနေဖြင့် အကူအညီပေးနိုင်ရေး အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားသည်ဟု ဆိုသည်။
    အဆိုပါ တိုက်မိမှုအတွင်း ရေနံတင်သင်္ဘောမှ မည်သည့် ထိခိုက်ဒဏ်ရာရမှုမှ မရှိဘဲ ရေနံယိုဖိတ်ခြင်းလည်း မရှိခဲ့ပေ။
    Ref: CNA
  • အစွန်းရောက်များကို ကာကွယ်သည့် ထရမ့်မှတ်ချက်ကြောင့် အိမ်ဖြူတော်အကြံပေးအဖွဲ့တစ်ခု နှုတ်ထွက်
    အစွန်းရောက်များကို ကာကွယ်သည့် ထရမ့်မှတ်ချက်ကြောင့် အိမ်ဖြူတော်အကြံပေးအဖွဲ့တစ်ခု နှုတ်ထွက်
    သြဂုတ် ၁၉၊ ၂၀၁၇
    M-Media
    – ပြီးခဲ့တဲ့တစ်ပတ် ချားလော့စ် ဗီလီမှာ ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုမှာ ထရမ့်ရဲ့ တုန့်ပြန်မှုကို မကြိုက်တာကြောင့် အိမ်ဖြူတော် အကြံပေးကော်မတီတစ်ခုက သရုပ်ဆောင်တွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေဟာ နှုတ်ထွက်သွားခဲ့ပါတယ်။
    အနုပညာနှင့် လူသားချင်းဆိုင်ရာ သမ္မတအကြံပေးကော်မတီ (PCAH) အဖွဲ့ဝင်တွေက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေနဲ့ သူတို့ကိုဆန့်ကျင်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုမှာ နှစ်ဖက်စလုံးဟာ အတူတူပဲဖြစ်တယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားမှုကို ရှုတ်ချခဲ့တာပါ။
    လူဖြူအစွန်းရောက်တွေကို တန်ပြန်ဆန္ဒပြတဲ့ လူအုပ်ကြီးအတွင်း ကားတစ်စီးက ၀င်တိုက်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
    ထရမ့်က ဒီပြဿနာမှာ နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့ပါတယ်။
    “ချားလော့စ်ဗီလီမှာ အမေရိကန်ပြည်သူတွေကို အနာတရဖြစ်အောင်၊ အသက်သေဆုံးအောင် လုပ်ခဲ့တဲ့ အမုန်းဆောင်အဖွဲ့တွေ၊ အကြမ်းဖက်သမားတွေကို အားပေးတဲ့ မှတ်ချက်တွေကို သင်က ပြောကြားပြီးတဲ့နောက်ပိုင်းမှာ ဒါကို အပြင်းထန်ဆုံးပုံစံနဲ့ ဆန့်ကျင်ရှုတ်ချဖို့ လိုအပ်လာပါပြီ။ သင့်ရဲ့ ဒီလိုမှားယွင်းတဲ့ တန်းညှိမှုဟာ လက်မခံနိုင်စရာပါပဲ” လို့ PCAH အဖွဲ့ဝင် ၁၇ ဦး လက်မှတ်ထားထိုးထားတဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဒီအဖွဲ့မှာ အဖွဲ့ဝင် ၁၈ ဦးရှိပြီး ၁ ဦးသာ လက်မှတ်မထိုးခဲ့တာ ဖြစ်ပါတယ်။ သူကတော့ ဒါရိုက်တာ ဂျော့ဂ်ျ စီ ၀ုလ်ဖီပါ။
    မင်းသား ကာလ်ပန်း၊ ဓာတ်ပုံဆရာ ချက် ကလို့စ်၊ စာရေးဆရာ ဂျွန်မ်ပါ လာဟီရီ၊ အထက်လွှတ်တော်အမတ် တွမ်အူဒါလ်ရဲ့ဇနီး စာရေးဆရာမ ဂျီလ် ကော့ပါးလ် အူဒါလ်တို့လည်း လက်မှတ်ရေးထိုးတဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။
    “ခင်ဗျားပြောတဲ့စကားလုံးတွေ၊ လုပ်ရပ်တွေအတွက် ကျွန်တော်တို့ မသိချင်ယောင်ဆောင်ပြီး ထိုင်နေလို့ မရပါဘူး” လို့လည်း အဖွဲ့ဝင်တွေက ရေးသားခဲ့ပါတယ်။
    PCAH ဟာ ဟောလီးဝုဒ်၊ ဘရော့ဒ်ဝေးနဲ့ အခြား အနုပညာနယ်ပယ်တွေက ထိပ်တန်းပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပြီး အစိုးရနဲ့ အခြား ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ ၃ ခုနဲ့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
    ထရမ့်ဇနီးဖြစ်သူ မီလာနီယာထရမ့်ကလည်း အဲဒီအဖွဲ့မှာ ဂုဏ်ထူးဆောင်ဥက္ကဌအဖြစ် ထမ်းရွက်နေပါတယ်။
    “ခင်ဗျားရဲ့ အမုန်းဆောင်ပြောစကားကို လစ်လျူရှုထားလိုက်တာဟာ ဒီ မကောင်းတဲ့ စကားတွေ၊ လုပ်ရပ်တွေမှာ ကျွန်တော်တို့ကို ကြံရာပါ ဖြစ်စေနိုင်ပါတယ်” လို့ အဖွဲ့ဝင်တွေရဲ့ ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
    နောက်ပြီး ထရမ့်က အနုပညာနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေဖြတ်တောက်ဖို့ လုပ်နေတာကိုလည်း ဒီအဖွဲ့က ဝေဖန်ခဲ့ပါတယ်။
    PCAH ဟာ အစွန်းရောက်တွေကို ကာကွယ်ပေးတဲ့ ထရမ့်ရဲ့မှတ်ချက်ကြောင့် ပထမဆုံး နှုတ်ထွက်သွားတဲ့ အိမ်ဖြူတော် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့တစ်ခုက အဖွဲ့ဝင်တွေဟာ ဒီအကြောင်းကြောင့် နှုတ်ထွက်သွားခဲ့ပါတယ်။
    Ref: Aljazeera