News @ M-Media

Tag: US

  • ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲမှု ကြိုးကိုင်သူ IS အဖွဲ့ဝင်ကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်

    ကာဘူးလ်လေဆိပ် အသေခံဗုံးခွဲမှု ကြိုးကိုင်သူ IS အဖွဲ့ဝင်ကို အမေရိကန်က ဒရုန်းဖြင့် တိုက်ခိုက်

    ဩဂုတ် ၂၈၊ ၂၀၂၁
    M-Media

    -ပြီးခဲ့တဲ့တစ်ပတ် ကြာသာပတေးနေ့က အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်မြို့မှာဖြစ်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှု စီစဉ်သူ IS အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးကို အမေရိကန်က ဒရုန်းနဲ့ လက်စားချေ တိုက်ခိုက်ခဲ့ပါတယ်။

    အမေရိကန်နဲ့ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဟာမစ်ကာဇိုင်းလေဆိပ် ဝင်ပေါက်မှာ လူနှစ်ဦးက သေနတ်တွေနဲ့ပစ်ခတ်ပြီး အသေခံဗုံးခွဲခဲ့တာပါ။ ဒီအဖြစ်အပျက်အတွင်း အနည်းဆုံး လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး အများစုက အာဖဂန်ပြည်သူတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ရဲ့ ခိုရာဆန်ဒေသအဖွဲ့ခွဲ IS-K က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ထုတ်ပြန်ပါတယ်။

    ဒီလုပ်ရပ်ကို လက်စားချေတဲ့အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့ပြီး ကာဘူးလ်လေဆိပ် ဗုံးခွဲမှုကို အဓိကကြိုးကိုင်သူ သေဆုံးသွားတယ်လို့ ယူဆရကြောင်း အမေရိကန်က ထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲဖို့ စီစဉ်သူနဲ့ အခြား IS အဖွဲ့ဝင်တစ်ဦး ကားနဲ့ သွားနေစဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    IS-K အဖွဲ့ဟာ အာဖဂန်မှာအခြေစိုက်တဲ့ အစွန်းရောက်အဖွဲ့တွေထဲမှာ အကြမ်းတမ်း၊ အရက်စက်ဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။

    Ref: BBC

    #mmFootballNews

  • ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူများ သုံးကြိမ်မြောက် Booster ထိုးရန် လိုအပ်မည်

    ဩဂုတ် ၁၉၊ ၂၀၂၁

    M-Media

    -ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးသူတွေ ကိုယ်ခံအားကို ထိန်းထားနိုင်ဖို့အတွက် တတိယအကြိမ် Booster ထိုးဖို့ လိုအပ်တယ်လို့ အမေရိကန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    ပုံပြောင်းကိုဗစ် Delta ကူးစက်မှု ကမ္ဘာတစ်ဝှမ်း ဆက်လက်မြင့်တက်နေပြီး၊ ကာကွယ်ဆေးကပေးတဲ့ ကိုယ်ခံအားဟာ အချိန်ကြာလာရင် ကျသွားနိုင်တယ်ဆိုတဲ့ အချက်အလက်တွေ ထွက်လာချိန် အမေရိကန်က အခုလို သတိပေးလိုက်တာပါ။

    အမေရိကန် ကူးစက်ရောဂါ တားဆီးကာကွယ်ရေးဌာန CDC တာဝန်ရှိသူတွေက ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပေမယ့် သိပ်မပြင်းတဲ့ ကိုဗစ်ကူးစက်မှုကို ကာကွယ်နိုင်စွမ်းဟာ အချိန်ကာလတစ်ခုကြာရင် ကျဆင်းသွားတတ်တယ်ဆိုတာ လေ့လာမှုမှာ တွေ့ရှိခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ 

    တတိယအကြိမ်ကို ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၈ လကြာတဲ့အခါ ထပ်ထိုးရမှာဖြစ်ကာ အမေရိကန်မှာ စက်တင်ဘာ ၂၀ ရက်နေ့ စတင်ထိုးပေးမှာဖြစ်ပါတယ်။ Pfizer နဲ့ Moderna နှစ်ကြိမ်ထိုးထားသူတွေအပြင် တစ်ကြိမ်ည်းထိုးရတဲ့ Johnson & Johnson ဆေး ထိုးထားသူတွေပါ Booster ထိုးရဖို့ ရှိနေပါတယ်။

    လက်ရှိ အမေရိကန်မှာ ပုံပြောင်းကိုဗစ် Delta ကူးစက်မှု မြင့်တက်နေပြီး လာမယ့်လအနည်းငယ်အတွင်း ကူးစက်မှု ကျဆင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    အမေရိကန်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသား​သူတွေကို တတိယအကြိမ် ထိုးပေးဖို့အတွက် ဆေးအလုံအလောက်ရှိနေပမယ့် ၃ ကြိမ်ထိုးရတဲ့အခါ ကမ္ဘာပေါ်က တစ်ခြားနိုင်ငံတွေမှာ ဆေးမလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။ 

    Ref: Aljazeera

  • တရုတ်နိုင်ငံမှာ မကောင်းဆိုးဝါး အင်ပါယာ ဖြစ်လာပြီဟု ကန်ဒုတိယသမ္မတဟောင်း သတိပေး

    တရုတ်နိုင်ငံမှာ မကောင်းဆိုးဝါး အင်ပါယာ ဖြစ်လာပြီဟု ကန်ဒုတိယသမ္မတဟောင်း သတိပေး

    ဇူလိုင် ၁၅၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံဟာ ‘မကောင်းဆိုးဝါးအင်ပါယာ’ ဖြစ်လာနေတယ်လို့ အမေရိကန်သမ္မတဟောင်း မိုက်ပန့်စ်က ပြောကြားလိုက်ပြီး ဘိုင်ဒန်အစိုးရအနေနဲ့ ပိုမိုပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    “တရုတ်ကွန်မြူနစ်ပါတီဟာ ကျွန်တော်တို့ရဲ့ သာယာ၀ပြောမှု၊ လုံခြုံရေး၊ ကမ္ဘာပေါ်က လူ့တန်ဖိုးတွေကို အကြီးမားဆုံး ခြိမ်းခြောက်နေပါတယ်။ လက်ရှိမှာ မကောင်းဆိုးဝါးအင်ပါယာ မဖြစ်သေးပေမယ့် ဒီလိုဖြစ်ဖို့ သူတို့ နေ့စဉ်နေ့တိုင်း ကြိုးစားဆောင်ရွက်နေပါတယ်” လို့ မနေ့က တတ်သိပညာရှင်များအဖွဲ့ Heritage Foundation ရဲ့ အခမ်းအနားမိန့်ခွန်းမှာ မိုက်ပန့်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်အတွက် တရုတ်ဟာ စစ်အေးခေတ် ဆိုဗီယက်ပြည်ထောင်စုထက် ပိုမိုကြီးမားတဲ့ စိန်​​ခေါ်မှု ဖြစ်လာတယ်လို့လည်း မိုက်ပန့်စ်က ဆိုပါတယ်။

    ထရမ့်နဲ့ မိုက်ပန့်စ်တို့ဦးဆောင်တဲ့ အမေရိကန်အစိုးရဟောင်းဟာ စီးပွားရေးပိတ်ဆို့တာ၊ အခွန်တိုးကောက်တာ၊ ကိုဗစ်ကပ်ရောဂါအတွက် ဝေဖန်တာတွေလို ပြင်းထန်တဲ့ ပေါ်လစီတွေနဲ့ တရုတ်ကို ရင်ဆိုင်ခဲ့တာပါ။

    လက်ရှိအမေရိကန်အစိုးရဟာ အားနည်းတယ်လို့ တရုတ်က ယူဆနေပြီး၊ ကိုဗစ်ကိစ္စ၊ တရုတ်အစိုးရရဲ့ ကိုလိုနီလက်သစ်ဝါဒတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဘိုင်ဒန်အစိုးရအနေနဲ့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အရေးပါတဲ့ လုပ်ငန်းတွေကို တရုတ်စီးပွားရေးကနေ ဖယ်ခွာဖို့၊ ထိုင်ဝမ်နဲ့ ကုန်သွယ်ရေးအားကောင်းအောင် လုပ်ဆောင်ဖို့၊ တရုတ်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချဖို့၊ ကိုဗစ်ပေါ်လာမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မပေးရင် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပခွင့်ကို ရုပ်သိမ်းရေး တောင်းဆိုဖို့၊ ဝီဂါလူမျိုးစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှု အဆုံးသတ်ရေး ဖိအားပေးဖို့ စတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း ဒုတိယသမ္မဟောင်းက အကြံပြုခဲ့ပါတယ်။

    ကမ္ဘာ့အနောက်ခြမ်းမှာ တရုတ်က စစ်စခန်းတည်ဆောက်နေမှုကို တားဆီးရမယ်လို့လည်း မိုက်ပန့်စ်က ဆိုပါတယ်။

    “တရုတ်ရဲ့ ကိုလိုနီလက်သစ်ဝါဒကို ကမ္ဘာ့အနောက်ခြမ်းက ခွင့်မပြုဘူးဆိုတာ သမ္မတက ရှင်းရှင်းလင်းအသိပေးဖို့ လိုပါတယ်”

    Ref: AFP

  • ၂၀၂၀ ရွေကောက်ပွဲတွင် မသမာမှုရှိခဲ့သည်ဟု သမ္မတဟောင်းထရမ့် ထပ်ပြော

    ၂၀၂၀ ရွေကောက်ပွဲတွင် မသမာမှုရှိခဲ့သည်ဟု သမ္မတဟောင်းထရမ့် ထပ်ပြော

    ဇွန် ၂၇၊ ၂၀၂၁
    M-Media

    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ အိုဟိုင်းယိုးပြည်နယ်က ချီတက်စည်းဝေးပွဲတစ်ခုမှာ မနေ့က ပါဝင်ခဲ့ပြီး လွှတ်တော်မှာ ရီပက်ဘလစ်ကန်တွေ အနိုင်ရအောင် မဲပေးဖို့ ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ရာထူးကနေ ဆင်းပြီးနောက်ပိုင်း ပထမဆုံး လူမြင်ကွင်းထွက်လာတာပါ။ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့လည်း ထရမ့်က ထပ်မံစွပ်စွဲပြောကြားခဲ့ပါတယ်။

    လွှတ်တော်နေရာတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရီပက်ဘလစ် အမတ်လောင်းတွေကို မဲဆွယ်ဖို့အတွက် မနေ့ကချီတက်ပွဲကို ပြုလုပ်တာဖြစ်ပါတယ်။

    လွှတ်တော်နှစ်ခုစလုံးမှာ ဒီမိုကရက်တစ်ပါတီက အနည်းငယ် အသာစီးရနေပြီး ၂၀၂၂ ကြားဖြတ်ရွေးကောက်ပွဲအတွင်း ရီပက်ဘလစ်ကန်တွေ ပြန်အသာရဖို့ ထရမ့်က​ ဆော်ဩခဲ့ပါတယ်။

    “အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ကျွန်တော်တို့ ပြန်စိုးမိုးမယ်။ အမေရိကကိုလည်း ကျွန်တော်တို့ ပြန်စိုးမိုးပါမယ်။ သိပ်မကြာခင် ဒါမျိုး လုပ်ပြသွားမှာပါ”

    ထရမ့်ရဲ့ ၁ နာရီခွဲကြာတဲ့ ဟောပြောမှုမှာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိခဲ့ပြီး အမှန်တကယ် မိမိနိုင်ခဲ့တာလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ဒါဟာ ရာစုနှစ်ရဲ့ မသမာမှုကြီးပါ။ ရာစုနှစ်ရဲ့ ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။ ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ မသမာမှုဖြစ်ခဲ့တယ်။ ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်”

    သူကို ထောက်ခံသူတွေကလည်း ‘ထရမ့်နိုင်တယ်’ ‘နောက်ထပ်လေးနှစ်’ လို့ ဟစ်အော်ခဲ့ကြပြီး ထရမ့်ကတော့ သူ့ရဲ့အနာဂတ် နိုင်ငံရေးသမားဘ၀ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

    Ref: Reuters

  • နာမည်ကျော် ဂျော့ဖလွိုက်အမှုမှ ကျူးလွန်သူရဲကို အမေရိကန်က ထောင်နှစ် ၂၀ ကျော်ချ

    နာမည်ကျော် ဂျော့ဖလွိုက်အမှုမှ ကျူးလွန်သူရဲကို အမေရိကန်က ထောင်နှစ် ၂၀ ကျော်ချ

    ဇွန် ၂၆၊ ၂၀၂၁
    M-Media

    -အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးကို ရိုက်ခတ်ခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် အသတ်ခံရမှုမှာ ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင်ဟောင်း ဒဲရစ် ချူဗင်ကို အမေရိကန်က နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

    ၂၀၂၀ မေလက မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့က သံသယနဲ့ဖမ်းဆီးစဉ် အသက် ၄၆ နှစ်အရွယ် ဂျော့ဖလွိုက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ရဲတပ်ဖွဲ့ရဲ့ လူမည်းတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    ဖလွိုက်ရဲ့ လည်ပင်းကို ၉ မိနစ်ခွဲကြာ ဒူးခေါင်းနဲ့ ထောက်ထားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရစ် ချူဗင်ဟာ ရာထူးကထုတ်ပယ်ခံရပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။ ဧပြီလမှာတော့ ချူဗင်ကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

    တရားလိုရှေ့နေတွေက ချူဗင်ကို အနည်းဆုံး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ဖို့ တောင်းဆိုခဲ့ပြီး မနေ့ကနောက်ဆုံးရုံးချိန်းမှာ တရားသူကြီး ပီတာကာဟေးလ်က ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

    စိတ်ခံစားမှု၊ စာနာမှု၊ ပြည်သူလူထုရဲ့အမြင်တွေကြောင့် ဒီလို ကြီးလေးတဲ့ ထောင်ဒဏ်မျိုး ချမှတ်တာမဟုတ်ဘဲ ဥပဒေအတိုင်းသာ ​ဆောင်ရွက်ခဲ့တာလို့ ပီတာကာ​ဟေးလ်က ပြောကြားခဲ့ပါတယ်။

    ​ချူဗင်ဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ လူသတ်မှုနဲ့ တရားစွဲဆို ထောင်ချခံရတဲ့ ၈ ယောက်မြောက် ရဲတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။ ချူဗင်ကို ချမှတ်တဲ့ထောင်ဒဏ်ဟာ မင်နီဆိုတာပြည်နယ် ဥပဒေက အကြံပြုထားတဲ့ အမြင့်ဆုံးထောင်ဒဏ် ၁၂ နှစ်ထက် ပိုများနေတာပါ။ တရားသူကြီးကတော့ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့လုပ်ရပ်ကြောင့် ဒီလို ပြစ်ဒဏ်မျိုး ချမှတ်တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera