News @ M-Media

Tag: US

  • နာမည်ကျော် ဂျော့ဖလွိုက်အမှုမှ ကျူးလွန်သူရဲကို အမေရိကန်က ထောင်နှစ် ၂၀ ကျော်ချ

    နာမည်ကျော် ဂျော့ဖလွိုက်အမှုမှ ကျူးလွန်သူရဲကို အမေရိကန်က ထောင်နှစ် ၂၀ ကျော်ချ

    ဇွန် ၂၆၊ ၂၀၂၁
    M-Media

    -အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးကို ရိုက်ခတ်ခဲ့တဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက် အသတ်ခံရမှုမှာ ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင်ဟောင်း ဒဲရစ် ချူဗင်ကို အမေရိကန်က နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

    ၂၀၂၀ မေလက မင်နီဆိုတာပြည်နယ် မင်နီယာပိုလစ်မြို့မှာ ရဲတပ်ဖွဲ့က သံသယနဲ့ဖမ်းဆီးစဉ် အသက် ၄၆ နှစ်အရွယ် ဂျော့ဖလွိုက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ရဲတပ်ဖွဲ့ရဲ့ လူမည်းတွေအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်း အကြီးအကျယ် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    ဖလွိုက်ရဲ့ လည်ပင်းကို ၉ မိနစ်ခွဲကြာ ဒူးခေါင်းနဲ့ ထောက်ထားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ဒဲရစ် ချူဗင်ဟာ ရာထူးကထုတ်ပယ်ခံရပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။ ဧပြီလမှာတော့ ချူဗင်ကို လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

    တရားလိုရှေ့နေတွေက ချူဗင်ကို အနည်းဆုံး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ဖို့ တောင်းဆိုခဲ့ပြီး မနေ့ကနောက်ဆုံးရုံးချိန်းမှာ တရားသူကြီး ပီတာကာဟေးလ်က ထောင်ဒဏ် ၂၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

    စိတ်ခံစားမှု၊ စာနာမှု၊ ပြည်သူလူထုရဲ့အမြင်တွေကြောင့် ဒီလို ကြီးလေးတဲ့ ထောင်ဒဏ်မျိုး ချမှတ်တာမဟုတ်ဘဲ ဥပဒေအတိုင်းသာ ​ဆောင်ရွက်ခဲ့တာလို့ ပီတာကာ​ဟေးလ်က ပြောကြားခဲ့ပါတယ်။

    ​ချူဗင်ဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း အမေရိကန်မှာ လူသတ်မှုနဲ့ တရားစွဲဆို ထောင်ချခံရတဲ့ ၈ ယောက်မြောက် ရဲတပ်ဖွဲ့ဝင်ဖြစ်ပါတယ်။ ချူဗင်ကို ချမှတ်တဲ့ထောင်ဒဏ်ဟာ မင်နီဆိုတာပြည်နယ် ဥပဒေက အကြံပြုထားတဲ့ အမြင့်ဆုံးထောင်ဒဏ် ၁၂ နှစ်ထက် ပိုများနေတာပါ။ တရားသူကြီးကတော့ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့တဲ့လုပ်ရပ်ကြောင့် ဒီလို ပြစ်ဒဏ်မျိုး ချမှတ်တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်-အင်ဒို ပူးတွဲရေကြောင်းလေ့ကျင့်ရေးစင်တာ အုတ်မြစ်ချ

    အမေရိကန်-အင်ဒို ပူးတွဲရေကြောင်းလေ့ကျင့်ရေးစင်တာ အုတ်မြစ်ချ

    ဇွန် ၂၆၊ ၂၀၂၁
    M-Media

    -ရေကြောင်းဆိုင်ရာ မဟာဗျူဟာကျတဲ့ ဘာတမ်မြို့မှာ အမေရိကန်နဲ့ ပူးတွဲတည်ဆောက်မယ့် ရေကြောင်းလေ့ကျင်ရေးစင်တာကို အင်ဒိုနီးရှားက မနေ့မှာ အုတ်မြစ်ချခဲ့ပါတယ်။

    ဒီအခမ်းအနားကို အင်ဒိုနီးရှားဆိုင်ရာ အမေရိကန်သံအမတ် ​ဆွန်ကင်က အွန်လိုင်းကနေ တက်ရောက်ခဲ့ပြီးင် ဒီစင်တာဟာ ဒေသတွင်း လုံခြုံရေးတိုးမြှင့်ဖို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်တွင်းနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းမှုမှာ အင်ဒိုနီးရှားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဆက်လက် ပံ့ပိုးကူညီပေးဖို့အတွက် မိတ်ဆွေသူငယ်ချင်းဖြစ်တဲ့ အမေရိကန်က စိတ်ပိုင်းဖြတ်ထားပါတယ်”

    အခုတည်ဆောက်မယ့် ကန်ဒေါ်လာ ၃.၅ သန်းတန် သင်တန်းကျောင်းဟာ မလာကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ဆုံရာ မဟာဗျူဟာကျတဲ့ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။

    သင်တန်းကျောင်းကို အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာန Bakamla က စီမံအုပ်ချုပ်မှာဖြစ်ပြီး ဘော်ဒါဆောင်ပါ စာသင်ကျောင်း၊ စစ်စခန်းနဲ့ ရဟတ်ယာဉ်ဆင်းဖို့နေရာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အာဆီယံနိုင်ငံတွေ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားမှု မြင့်တက်နေတဲ့အချိန် ​အခုလို သင်တန်းကျောင်းတည်ဆောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကမ္ဘာ့နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀  အမေရိကန်က လှူမည်

    ကမ္ဘာ့နိုင်ငံများကို ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၅၀၀ အမေရိကန်က လှူမည်

    ဇွန် ၁၀၊ ၂၀၂၁
    M-Media

    -အခုနှစ်ကနေ လာမယ့်နှစ်ကုန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်း ၅၀၀ ထောက်ပံ့ပေးအပ်သွားဖို့ အမေရိကန်က စီစဉ်နပါတယ်။

    ဒီအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေရဖို့ သမ္မတဘိုင်ဒန်အစိုးရဟာ ပြည်တွင်း ကာကွယ်ဆေးကုမ္ပဏီတွေနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး မနက်ဖြန် လန်ဒန်မှာပြုလုပ်မယ့် G7 ထိပ်သီးအစည်းအဝေးမှာ တရားဝင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    အမေရိကန်ဟာ Pfizer and BioNTech ကုမ္ပဏီကနေ အခုနှစ်အတွင်း ကာကွယ်ဆေးအလုံးရေ သန်း ၂၀၀၊ လာမယ့်နှစ်မှာ သန်း ၃၀၀ အရင်းစျေးနဲ့ မှာယူထားတာ ဖြစ်ပါတယ်။

    G7 အဖွဲ့အပါအဝင် ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်ဟောင်း ၁၀၀ က ပြီးခဲ့တဲ့တစ်ပတ်မှာ စာထုတ်တောင်းဆိုပြီးနောက်ပိုင်း အမေရိကန်ရဲ့ ဒီအစီအစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာတစ်ဝှမ်း ကိုဗစ်ကာကွယ်​ဆေး ၁၁ ဘီလီယံလောက် လိုအပ်မယ်လို့ ခန့်မှန်းထားပါတယ်။

    Ref: Aljazeera

  • အဓမ္မလုပ်အားခိုင်းစေသည့် တရုတ်ငါးဖမ်းကုမ္ပဏီတစ်ခုကို အမေရိကန်က တင်သွင်းခွင့်ပိတ်

    အဓမ္မလုပ်အားခိုင်းစေသည့် တရုတ်ငါးဖမ်းကုမ္ပဏီတစ်ခုကို အမေရိကန်က တင်သွင်းခွင့်ပိတ်

    မေ ၂၉၊ ၂၀၂၁
    M-Media

    -အဓမ္မလုပ်အားခိုင်းစေတဲ့ တရုတ်ငါးဖမ်းသင်္ဘောတွေက ပင်လယ်စာတင်သွင်းခွင့် ပိတ်ပင်လိုက်တယ်လို့ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်ရေးရာဌာနက မနေ့မှာ ထုတ်ပြန်ပါတယ်။

    ငါးဖမ်းသင်္ဘေဘာ ၃၂ စီးနဲ့ ပင်လယ်စာတင်ပို့မှုလုပ်ငန်း လုပ်နေတဲ့ Dalian Ocean Fishing ကို တင်သွင်းခွင့် ပိတ်လိုက်တာပါ။ ရေထွက်ပစ္စည်းတွေအပြင် ငါးသေတ္တာဘူးတွေနဲ့ အိမ်မွေးတိရစ္ဆာန်စာတွေလို ကုန်ချော ပစ္စည်းတွေလည်း ပိတ်ပင်မှုမှာ ပါဝင်ပါတယ်။

    အရင်က ငါးဖမ်းသင်္ဘောတစ်ခုချင်းစီကိုသာ ပိတ်ပင်လေ့ရှိပေမယ့် ငါးဖမ်းလုပ်ငန်းတစ်ခုလုံးကို ပိတ်ပင်တာဟာ ဒါ ပထမဆုံးဖြစ်တယ်လို့ အမေရိကန် ပြည်ထဲရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ်က ပြောပါတယ်။

    Dalian Ocean Fishing လုပ်ငန်းက ပိုင်ဆိုင်တဲ့ ငါးဖမ်းသင်္ဘောတွေပေါ်မှာ အင်ဒိုနီးရှားလုပ်သားတွေဟာ ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရမှု၊ လုပ်ခလစာမရရှိမှု၊ အကြွေးနွံနစ်မှု၊ ဆိုးရွားတဲ့ အခြေအနေမှာ နေထိုင်လုပ်ကိုင်ရမှု စတာတွေကို ကြုံတွေ့နေတယ်ဆိုတာ စုံစမ်းမှုတွေအရ သိရှိရတယ်လို့ အမေရိကန် အကောက်ခွန်ဌာနက ပြောပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ကိုယ်ကျိုးအတွက် လူတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ အဓမ္မလုပ်အားခိုင်းစေသူတွေကို အရေးယူဖို့၊ အသံထွက်ခွင့်မရသူတွေရဲ့ အသံကို ကြားအောင်နားထောင်ကာ သူတို့ကိုကာကွယ်ပေးဖို့ ပိုမိုအားထုတ်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းနှင့် ဆက်ဆံရေးပြန်တည်ဆောက်မည်ဟု အမေရိကန်ပြော

    ပါလက်စတိုင်းနှင့် ဆက်ဆံရေးပြန်တည်ဆောက်မည်ဟု အမေရိကန်ပြော

    မေ ၂၆၊ ၂၀၂၁
    M-Media

    -ပါလက်စတိုင်းနဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်သွားမယ်လို့ အရှေ့အလယ်ပိုင်းကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ရာမာလာဟ်မြို့ကို ဘလင်ကန်ဟာ မနေ့က သွားရောက်ခဲ့ပြီး ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    မကြာသေးခင်က အစ္စရေးနဲ့ ဟားမက်စ်တို့ ရရှိထားတဲ့ အပစ်ရပ်ရေးသဘောတူညီချက်ကို လိုက်နာဖို့လိုတယ်လို့ ပြောကြားခဲ့သလို၊ အစ္စရေးရဲ့လုံခြုံရေးကို အမေရိကန် အပြည့်အဝ ကာကွယ်သွားမယ်လို့လည်း ထပ်လောင်း ကတိပြုခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၊ ပါလက်စတိုင်းပြည်သူ​တွေနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ အမေရိကန်က စိတ်ဆန္ဒရှိတယ်လို့ မဟ်မူးဒ်အဘတ်စ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းဆိုင်ရာ အမေရိကန်ကောင်စစ်ဝန်ရုံး ဂျေရုစလင်မှာ ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဘလင်ကန်က ဆိုပါတယ်။

    သမ္မတဟောင်း ထရမ့်လက်ထက်က ​ဂျေရုစလင်ကို အစ္စရေးပိုင်အဖြစ် အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ပါလက်စတိုင်းက အမေရိကန်နဲ့ အဆက်အသွယ်အားလုံး ဖြတ်ခဲ့တာပါ။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ဂါဇာကမ်းမြှောင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် အမေရိကန်ဟာ နိုင်ငံတကာအသိုင်းအဝိုင်း၊ အစ္စရေး၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့တို့နဲ့ ဆက်သွယ်လုပ်ဆောင်တယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

    ဂါဇာအတွက် အရေးပေါ်ထောက်ပံ့ကူညီငွေ ကန်ဒေါ်လာ ၅.၅ သန်း၊ ပါလက်စတိုင်း ပြည်သူတွေကို ကူညီနေတဲ့ ကုလအဖွဲ့ UNRWA ကို ကန်ဒေါ်လာ ၃၂ သန်း အမေရိကန်က ကူညီမှာဖြစ်ကြောင်း ဘလင်ကန်က ဆိုပါတယ်။

    Ref: BBC