News @ M-Media

Tag: US

  • အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်များကို အမေရိကန် ခေါ်ယူနေ

    အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်များကို အမေရိကန် ခေါ်ယူနေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – သမ္မတသစ် ဒေါ်နယ်ထရမ့်၏ ဒုက္ခသည်ဆိုင်ရာ တင်းကြပ်သော ပေါ်လစီရှိနေသော်လည်း အင်ဒိုနီးရှားရှိ အမေရိကန် သံတမန်များမှာ နိုင်ငံအတွင်းရှိ ရိုဟင်ဂျာဒုက္ခည်များအား အမေရိကန်နိုင်ငံတွင် ပြန်လည်နေရာချထားပေးနေသည်ဟု သိရသည်။

    အဆိုပါ ဒုက္ခသည်များမှာ လွန်ခဲ့သည့် ၂ နှစ်က အာချေးပြည်နယ်တွင် သင်္ဘောဖြင့် သောင်တင်လာကြသူများဖြစ်ပြီး မြောက်ဆူမာတြားကျွန်း မီဒန်ရှိ အမေရိကန် ကောက်စစ်ဝန်ရုံးက UNHCR ၏ အကူအညီဖြင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

    ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူ ဂျူဟာ ပီ ဆာလင်က ရိုဟင်ဂျာ ဒုက္ခည်များကို အမေရိကန်သို့ ခေါ်ယူနေသည့် သတင်းကို အတည်ပြုခဲ့ပြီး ထိုလုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    “ဒီလုပ်ငန်းစဉ်ကို ဆက်တိုက် လုပ်ဆောင်သွားမှာဖြစ်ပြီး အတည်ပြုပေးထားတဲ့ ခရီးသွား စာရွက်စာတမ်း ရှိတဲ့လူတွေက အမေရိကန်ကို သွားရမှာပါ” ဟု ဆာလင်က ပြောကြားခဲ့ကာ အမေရိကန်တွင် အခြေချခွင့်ရရှိမည့် အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

    အင်ဒိုနီးရှားမှ ရိုဟင်ဂျာဒုက္ခသည်များအား အမေရိကန်တွင် ပြန်လည်နေရာချထားရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၈၀၀ ခန့်ရှိပြီး အားလုံးမှာ UNHCR ၏ အသိအမှတ်ပြုကဒ်ပြား ရရှိထားကြသည်။

    မြောက်ဆူမားတြား လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ယူဒီ ကာနီယာဒီကမူ ထရမ့်၏ ဒုက္ခသည်ပိတ်ပင်သည့် စာရင်းတွင် မြန်မာနိုင်ငံ မပါဝင်သောကြောင့် ရိုဟင်ဂျာများအပေါ် သက်ရောက်မှုမရှိဟု ပြောကြားခဲ့သည်။

    “ဒုက္ခသည်တော်တော်များများကို ဒီလအတွင်း အမေရိကန်ကို ပို့ပေးခဲ့ပါတယ်။ ဒါဟာ ထရမ့်သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံး အသုတ်ပါပဲ” ဟု ယူဒီက ဆိုသည်။

    မြောက်ဆူမားတြားဒေသတွင် ရှိနေသည့် ဒုက္ခသည်များမှ ပြီးခဲ့သည့်လများအတွင်း အမေရိကန်သို့ ပို့ဆောင်သူများမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အချို့ကို သြဇီနှင့် ကနေဒါတို့သို့ ပို့ဆောင်ခဲ့သည်ဟု ယူဒီက ထပ်လောင်း ပြောကြားခဲ့သည်။

    မြောက်ဆူမားတြားမှ မီဒန်ဒေသတွင် ဒုက္ခသည် ၂၀၈၉ ဦး ရှိပြီး အာဖဂန်မှ ၃၉၀၊ သီရိလင်္ကာမှ ၃၆၃ ဦး၊ မြန်မာနိုင်ငံမှ ၄၉၀၊ ဆိုမာလီယာမှ ၂၈၃ ဦး၊ ပါလက်စတိုင်းမှ ၂၇၉ ဦးနှင့် အီရန်မှ ၁၂၉ ဦးတို့ ဖြစ်ကြသည်။

    Ref: The Jakarta Post

  • အမျိုးသားရေးအစွန်းရောက်တစ်ဦး၏ အမည်ကို ယေးလ်တက္ကသိုလ်က ပယ်ဖျက်မည်

    အမျိုးသားရေးအစွန်းရောက်တစ်ဦး၏ အမည်ကို ယေးလ်တက္ကသိုလ်က ပယ်ဖျက်မည်

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – လက်ခွဲကောလိပ်တစ်ခုအား ၁၉ ရာစုမှ လူဖြူအမျိုးသားရေး အစွန်းရောက်တစ်ဦး၏အမည် မှည့်ခေါ်ထားမှုကို ပယ်ဖျက်သွားမည်ဟု အမေရိကန်ရှိ နာမည်ကြီး ယေးလ်တက္ကသိုလ်က စနေနေ့တွင် ပြောကြားလိုက်သည်။

    ကာလ်ဟွန်ကောလိပ် (Calhoun College) ၏ အမည်ဖြစ်ပြီး အမေရိကန် ဒုတိသမ္မအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျွန် စီ ကာလ်ဟွန်မှာ လူဖြူအမျိုးသားရေး အစွန်းရောက်တစ်ဦး ဖြစ်ယုံသာမက လူလူချင်း ကျွန်ပြုသော ကျွန်စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။

    ၎င်း၏အမည် သုံးစွဲထားမှုအား ဖယ်ရှားရန် အမေရိကန်ပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများမှာ နှစ်အတော်ကြာ တောင်းဆိုခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်ပရ၀ုဏ်အတွင်း ငြိမ်းချမ်းသော ဆန္ဒပြမှုတစ်ခုပင် ဖြစ်ပွားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

    ထို့ကြောင့် ယေးလ်တက္ကသိုလ်က ကာလ်ဟွန်ကောလိပ်အား၊ ဂရေ့စ် ဟူပါးကောလိပ် ( Grace Hopper College) အဖြစ် ပြောင်းလဲခေါ်ဆိုရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။ ယေးလ်ကျောင်းသူဟောင်းဖြစ်သည့် ဂရေ့စ်ဟူးပါးမှာ ကွန်ပျူတာ ပရိုဂရမ်ဘာသာစကားကို ရှေးဦး တီထွင်ခဲ့သူဖြစ်ပြီး အမေရိကန် ရေတပ်တွင် အထူးတပ်ဖွဲ့ ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

    ယေးလ်တက္ကသိုလ်၏ ဥက္ကဌဖြစ်သူ ပီတာ ဆာလိုဗေးက မိမိတို့အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို ပေါ့ပေါ့တန်တန် ချမှတ်ခဲ့ခြင်းမဟုတ်ဘဲ ‘နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျွန်ပြုမှုကို ကောင်းမွန်သော အရာတစ်ခုအဖြစ် စိတ်ပါလက်ပါ မြှင့်တင်ပေးခဲ့ခြင်းမှာ ယေးလ်တက္ကသိုလ်၏ ရည်မှန်ချက်၊ တန်ဖိုးများနှင့် အခြေခံကျကျ ဆန့်ကျင်နေသည်’ ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း Harkness Tower ၏ ထိပ်တွင် ကာလ်ဟွန်၏ အမည်အား ထွင်းထုထားမှုကဲ့သို့ တက္ကသိုလ် ပရ၀ုဏ်အတွင်းရှိ အခြား အမှတ်အသားများကိုမူ ဖယ်ရှားသွားမည်မဟုတ်ဟု တက္ကသိုလ် တာဝန်ရှိများက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်သမ္မတ ထရမ့်ကို မက္ကဆီကိုပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    အမေရိကန်သမ္မတ ထရမ့်ကို မက္ကဆီကိုပြည်သူများ အကြီးအကျယ် ဆန္ဒပြ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မက္ကဆီကန်များအား ခွဲခြားစော်ကားသော စကားများ၊ နယ်စပ် တံတိုင်းအတွက် မက္ကဆီကိုက အကုန်အကျခံရန် ပြောကြားမှုများကို ဆန့်ကျင်သည့်အနေဖြင့် မက္ကဆီကိုပြည်သူများမှာ ယမန်နေ့က အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော် မက္ကဆီကိုစီးတီး အပါအ၀င် နိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၂၀ ခန့်တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး၊ မြို့တော်တွင်မူ ထောင်ပေါင်းများစွာသော ပြည်သူများမှာ အဖြူရောင်အ၀တ်အစားများကို ၀တ်ဆင်ကာ အနီရောင်အလံများ၊ မက္ကဆီကို အလံများ ကိုင်ဆောင်ခဲ့ကြသည်။

    “ကျွန်တော်တို့က အမေရိကန်ကို ဘာမှ မလုပ်ဘဲနဲ့ သူက ဒီလိုစကားမျိုးပြောတာဟာ ကျွန်တော်တို့အတွက် အမုန်းတွေ ရှိပုံရပါတယ်” ဟု ဆန္ဒပြသူ တစ်ဦးက ပြောကြားခဲ့သည်။

    ဆန္ဒပြမှုအတွင်း တက္ကသိုလ်ကျောင်းသားများ၊ စီးပွားရေး အသင်းအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ခဲ့ကြသည်။

    “သမ္မတထရမ့်ကို ကျွန်တော်တို့ လက်မခံမှု၊ ခင်ပြင်းဒေါသထွက်မှုကို ပြသဖို့အတွက် ကျွန်တော်တို့ပြည်သူတွေဟာ စုစည်းညီညွတ်ဖို့ အချိန်တန်ပါပြီ” ဟု ဆန္ဒပြမှုကို ဦးစီးခဲ့သည့် မဟာမိတ်အဖွဲ့က ပြောကြားခဲ့သည်။

    သမ္မတထရမ့် ဇန်န၀ါရီ ၂၀ ရက်နေ့တွင် အာဏာရယူပြီးနောက်ပိုင်း အမေရိကန်-မက္ကဆီကို ဆက်ဆံရေးမှာ ဆယ်စုနှစ်များအတွင့် အနိမ့်ဆုံးကို ရောက်ရှိခဲ့သည်။

    ထရမ့်မှာ မဲဆွယ်စဉ်ကာလအတွင်း မက္ကဆီကိုမှ ပြောင်းရွှေ့အခြေချသူများကို ရာဇ၀တ်ကောင်းများ၊ မုဒိမ်းသမားများဟု ကင်ပွန်းတပ်ခဲ့သည်။ ထို့ပြင် တရားမ၀င်ဝင်ရောက်မှုကို ဟန့်တားရန်အတွက် နယ်စပ်တွင် တံတိုင်းကာမည်ဖြစ်ပြီး ထိုအတွက် မက္ကဆီကိုက အကုန်အကျခံရမည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အကြမ်းဖက်တိုက်ဖျက်ရေး စွမ်းဆောင်မှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားကို CIA ဂုဏ်ပြု

    အကြမ်းဖက်တိုက်ဖျက်ရေး စွမ်းဆောင်မှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားကို CIA ဂုဏ်ပြု

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇
    M-Media

    – အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့မှုကို ဂုဏ်ပြုသည့်အနေဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် နာယက်ဖ်ကို အမေရိကန် ထောက်လှမ်းအေဂျင်စီ CIA အကြီးအကဲ မိုက်ကီ ပွမ်ပီယိုက ဆုတံဆိပ် ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    နာယက်ဖ်မှာ ၂၀၁၂ ခုနှစ်ကတည်းက ဆော်ဒီ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထောက်လှမ်းရေး လုပ်ငန်းများတွင် နှစ်များစွာ အတွေ့အကြုံရှိခဲ့သူလည်း ဖြစ်သည်။ ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း နိုင်ငံအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် နိုင်ငံခြားသားများကို တိုက်ခိုက်သတ်ဖြတ်ခဲ့သည့် အလ်ကိုင်းဒါးအဖွဲ့ကို နှိမ်နှင်းမှုကို နာယက်ဖ်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်။

    ၂၀၀၉ ခုနှစ်တွင် နာယက်ဖ်မှာ အလ်ကိုင်းဒါး၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည်။

    သမ္မတသစ် ထရမ့်လက်ထက် ဇန်န၀ါရီနှောင်းပိုင်းက CIA အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည့် ပွမ်ပီယိုမှာ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျသို့ ရောက်ရှိနေပြီး နာယက်ဖ်၏ ‘အကြမ်းဖက်တိုက်ဖျက်ရေးနယ်ပယ်တွင် ပြောင်မြောက်သည့်ထောက်လှမ်းရေးစွမ်းဆောင်ရည်၊ ကမ္ဘာ့လုံခြုံရေးနှင့် ငြိမ်းချမ်းရေး အောင်မြင်ရန် အကန့်အသတ်မဲ့ ကူညီစွမ်းဆောင်ပေးမှုများ’ အတွက် George Tenet Medal ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် ပွမ်ပီယိုမှာ နာယက်ဖ်နှင့် လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး၊ အိမ်ရှေ့မင်းသားက အမေရိကန်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးတွင် မည်သည့် သပ်လျှိုမှုမှ အောင်မြင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တရုတ်နှင့် အငြင်းပွားကျွန်းအတွက် အပြည့်အ၀ကာကွယ်ပေးမည်ဟု ဂျပန်ကို ထရမ့် ကတိပေး

    တရုတ်နှင့် အငြင်းပွားကျွန်းအတွက် အပြည့်အ၀ကာကွယ်ပေးမည်ဟု ဂျပန်ကို ထရမ့် ကတိပေး

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၇
    M-Media

    – တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော ဆန်ကာကူကျွန်းပါ အကျုံးဝင်စေမည့် ကာကွယ်ရေး သဘောတူညီချက်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ထပ်မံ အာမခံပေးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က အိမ်ဖြူတော်၌ တွေ့ဆုံမှုအတွင်း ထရမ့်က ယခုကဲ့သို့ အာမခံပေးခဲ့ခြင်းဖြစ်ပြီး၊ တွေ့ဆုံမှုပြီးနောက် ထုတ်ပြန်သော ပူးတွဲကြေငြာချက်တွင် အမေရိကန်အနေဖြင့် သာမန် စစ်အင်အား၊ နျူကလီးယား စစ်အင်အားတို့မှတစ်ဆင့် ဂျပန်နိုင်ငံကာ ကာကွယ်ရေး ကတိက၀တ်ကို ထပ်မံ အတည်ပြုသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် အဆိုပါ ဆန်ကာကူကျွန်းအား ဂျပန်၏ ထိန်းချုပ်စီမံမှုကို ပျက်စီးစေမည့် မည်သည့် တစ်ဖက်သက် လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ကြောင်းလည်း ကြေငြာချက်တွင် ဖော်ပြထားကာ တရုတ်နိုင်ငံအား ဒေါသထွက်စေမည်ဖြစ်သည်။

    ရှင်ဇိုအာဘေး၏ အမေရိကန်သို့ ၂ ရက်တာ ခရီးစဉ်မှာ တရုတ်က ကြီးထွားလာနေသော်လည်း အမေရိကန်နှင့် ဂျပန်တို့အကြား ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် မဟာမိတ်ဖြစ်မှုမှာ မပျက်သုဉ်းနိုင်ဆိုသည့် သတင်းစကားကို ပြသလိုခြင်း ဖြစ်သည်။

    ထရမ့်ကလည်း အမေရိကန်နှင့် ဂျပန်တို့အကြား မဟာမိတ်ဖြစ်မှုမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါကြောင်း ပြောကြားခဲ့ပြီး ထိုစကားက ဂျပန်အနေဖြင့် အမေရိက်တပ်ဖွဲ့များအတွက် အကုန်အကျခံပေးရမည်ဆိုသည့် ရွေးကောက်ပွဲကတိစကား ပျက်ပြယ်သွားခြင်းလည်းဖြစ်သည်။

    Ref: Aljazeera