News @ M-Media

Tag: US

  • တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အမေရိကန် ဆက်လက်အလေးထားမည်

    တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အမေရိကန် ဆက်လက်အလေးထားမည်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    – အမေရိကန်နိုင်ငံက ကာလကြာရှည် လက်ခံထားခဲ့သည့် ‘တရုတ်တစ်နိုင်ငံတည်း ပေါ်လစီ’ ကို မိမိအစိုးရကလည်း အလေးထားသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယမန်နေ့ ဖုန်းခေါ်ဆိုမှုအတွင်း ပြောကြားလိုက်သည်။

    ထရမ့်မှာ ဒီဇင်ဘာလက ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သမ္မတနှင့် ဖုန်းပြောဆိုခဲ့ပြီး မိမိတို့အနေဖြင့် တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို လက်ခံစရာမလိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး တင်းမာခဲ့သည်။

    “တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို အလေးထားဖို့ သမ္မတရှီရဲ့ မေတ္တာရပ်ခံမှုကို သမ္မတထရမ့်က သဘောတူခဲ့ပါတယ်” ဟု ယမန်နေ့ည ခေါင်းဆောင်နှစ်ဦး ဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ထရမ့်နှင့် ရှီတို့မှာ အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပြီး ရလဒ်များ အလွန်ကောင်းမွန်ကြောင်း ယခု စကားပြောဆိုမှုမှာ အလွန်ပင် အားရစရာကောင်းကြောင်း အိမ်ဖြူတော်က ထည့်သွင်း ပြောဆိုခဲ့သည်။

    တရုတ်နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်သွားခဲ့သည့် ကြေငြာချက်တွင် ရှီက ထရမ့်၏ ထိုရပ်တည်ချက်ကို ကြိုဆိုကြောင်း၊ မိမိတို့မှာ ပူးပေါင်းဆောင်ရွက်နိုင်မည့် မိတ်ဖတ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ယခုကဲ့သို့ တရုတ်တစ်နိုင်ငံတည်းပေါ်လစီကိစ္စကို ဖြေရှင်းနိုင်ခဲ့ခြင်းက အမေရိကန်နှင့် တရုတ်တို့မှာ ပုံမှန်ဆက်ဆံရေး ပိုကောင်းလာနိုင်မည့် လက္ခဏာလည်း ဖြစ်သည်။

    Ref: Aljazeera

  • ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို ဆက်လက်ဆိုင်းငံ့ထားရန် တရားရုံး ဆုံးဖြတ်

    ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို ဆက်လက်ဆိုင်းငံ့ထားရန် တရားရုံး ဆုံးဖြတ်

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်များ၊ မွတ်စလင် ၇ နိုင်ငံမှ နိုင်ငံသားများအတွက် လူဝင်မှုပိတ်ပင်သည့် သမ္မတဒေါ်နယ်ထရမ့်၏အမိန့် ပြန်လည် အသက်ဝင်စေရန် တောင်းဆိုမှုကို အမေရိကန် ဖက်ဒရယ် အယူခံတရားရုံးက ယမန်နေ့တွင် ထပ်မံပယ်ချလိုက်သည်။

    ထရမ့်၏ ထိုအမိန့်အား ဆီယက်တဲလ်မှ ဖယ်ဒရယ်တရားသူကြီးတစ်ဦးက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ယာယီ ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရက ပြန်လည်အသက်ဝင်စေရန် 9th US Circuit Court တရားရုံးတွင် အယူခံလျှောက်ထားခဲ့ပြီး ယမန်နေ့က တရားသူကြီး ၃ ဦးပါဝင်သည့်အဖွဲ့က အယူခံအား တစ်ညီတစ်ညွတ်တည်း ပယ်ချခဲ့သည်။

    တရားသူကြီးများက တိုင်းပြည်မှာ ဘာသာရေးခွဲခြားမှုဆိုင်ရာ ဆိုးဆိုးဝါးဝါး စွပ်စွဲမှုများကို ရင်ဆိုင်နေရသည်ဟု မှတ်ချက်ပြုခဲ့ပြီး တရားရုံးချုပ်သို့ အယူခံလျှောက်ထားနိုင်သည်ဟု ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အိမ်ဖြူတော်က မည်သည့်မှတ်ချက်မှ မပေးခဲ့ဘဲ၊ ထရမ့်ကမူ တရားရုံးချုပ်တွင် ထပ်တွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ လုံခြုံရေးမှာ ဆုံးရှုံးရမည်အခြေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : CNA

  • အနာဂတ် ကမ္ဘာ့စီးပွားရေးကို တရုတ်က လွှမ်းမိုးတော့မည်

    အနာဂတ် ကမ္ဘာ့စီးပွားရေးကို တရုတ်က လွှမ်းမိုးတော့မည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – လာမည့်နှစ် ၃၀ အတွင်း ကမ္ဘာ့စီးပွားရေးကို တရုတ်နိုင်ငံက လွှမ်းမိုးသွားလိမ့်မည်ဖြစ်ပြီး အမေရိကန်စီးပွားရေးမှာ ရပ်တန့်သွားကာ အိန္ဒိယနိုင်ငံ၏အနောက်သို့ပင် ရောက်သွားမည်ဟု လန်ဒန်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော PricewaterhouseCoopers (PwC) က ခန့်မှန်းပြောကြားလိုက်သည်။

    The long view: how will the global economic order change by 2050? ဟု မည်ပေးထားသည့် PwC ၏ အစီရင်ခံစာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ရုရှားကမူ ဂျာမနီ၊ ယူကေ၊ အီတလီတို့ကို ကျော်ကာ ကန်ဒေါ်လာ ၇ ထရီလီယံဖြင့် ဥရောပစီးပွားရေးကို ဦးဆောင်မည်ဟုလည်း ဆိုသည်။

    နိုင်ငံပေါင်း ၃၂ နိုင်ငံ၏ Purchasing Power Parity (PPP) ကို အခြေခံသော ဂျီဒီပီတိုးတက်မှုနှုန်းဖြင့် အဆင့်သတ်မှတ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှာ ၂၀၅၀ ခုနှစ်တွင် ဂျီဒီပီ ဒေါ်လာ ၅၈.၅ ထရီလီယံ၊ အိန္ဒိယက ၄၄ ထရီလီယံကျော်၊ အမေရိကန်မှာ ၃၄.၁ ထရီလီယံခန့် ရှိမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ဒီတိုးတက်မှုက G7 ဖြစ်တဲ့ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်တို့ရဲ့ ဂျီဒီပီတိုးတက်မှု ၁.၆ ရာခိုင်နှုန်းနဲ့ ယှဉ်ရင် နောက်ထပ် ၃၄ နှစ်အတွင်းမှာ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်း ၃.၅ ရာခိုင်နှုန်း ရှိလာမယ့် E7 စီးပွားရေးတွေဖြစ်တဲ့ ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ အိုဒိုနီးရှား၊ မက္ကဆီကို၊ ရုရှားနဲ့ တူရကီတို့နဲ့အတူ ကြီးထွား၊ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေရဲ့ မောင်းနှင်အားကြောင့် ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။

    ဂျီဒီပီ ၅ ရာခိုင်နှုန်းအထိ တက်လာမည့် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် နိုက်ဂျီးရီးယားနိုင်ငံတို့မှာ ဂျီဒီပီတိုးတက်မှုတွင် အကြီးမားဆုံးဖြစ်မည်ဟုလည်း ခန့်မှန်ထားသည်။

    အမေရိကန်နှင့် ဥရောပတို့၏ ဂျီဒီပီမှာမူ ကျုံ့သွားမည်ဟု မျှော်လင့်ထားပြီး တရုတ်နှင့် အိန္ဒိယတို့၏ စီးပွားရေးမှာ သိသိသာသာ တိုးတက်မည်ဟု ဆိုသည်။

    Ref: RT

  • ထရမ့်၏ လူဝင်မှုပိတ်သည့်အမိန့်အတွက် ကုမ္ပဏီ ၉၇ ခုက တရားရုံးတွင် ကန့်ကွက်

    ထရမ့်၏ လူဝင်မှုပိတ်သည့်အမိန့်အတွက် ကုမ္ပဏီ ၉၇ ခုက တရားရုံးတွင် ကန့်ကွက်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၇
    M-Media

    – Apple နှင့် Zynga တို့အပါအ၀င် အမေရိကန်ရှိ ထိပ်တန်း စီးပွားရေးလုပ်ငန်း ၉၇ ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှု ပိတ်ပင်သည့် အမိန့်ကို ရှုတ်ချပြီး၊ ဆိုးကျိုးများကို ထောက်ပြထားသည့် ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက် တစ်ခုကို တရားရုံးသို့ တင်သွင်းလိုက်သည်ဟု သိရသည်။

    အယူခံခုံရုံးတစ်ခုဖြစ်သော Ninth Circuit Court of Appeals သို့ တနင်္ဂနွေနေ့ ညနေပိုင်းက တင်သွင်းလိုက်ခြင်းဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတွင် ပြောင်းရွှေ့အခြေချသူများ၏ အရေးပါမှုကိုလည်း အဆိုပါ အကြံပြုချက်တွင် ထောက်ပြထားသည်။

    ထိုကုမ္ပဏီများမှာ ယခုတစ်ပတ်မှသာ ထိုအကြံပြုချက်ကို တင်သွင်းရန် စီစဉ်ထားသော်လည်း ထရမ့်၏ လူဝင်မှုအမိန့်နှင့်ပတ်သက်၍ တရားရေးပိုင်းဆိုင်ရာအရ အခြားစိန်ခေါ်မှုများ ရှိလာခဲ့ပြီးနောက် ယခုကဲ့သို အလျင်အမြန် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ထိုကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    လက်မှတ်ထိုးခဲ့သည့် ကုမ္ပဏီ ၉၇ ခုတွင် Airbnb၊ Facebook၊ Google၊ Intel၊ Netflix၊ Snap နှင့် Uber Technologies ကဲ့သို့ နည်းပညာကုမ္ပဏီများ ပါဝင်ပြီး Levi Strauss & Co နှင့် ဒိန်ချဉ် ထုတ်လုပ်ဖြန့်ဖြူးသည့် Chobani ကုမ္ပဏီလည်း ပါဝင်ခဲ့သည်။

    “ပြောင်းရွှေ့အခြေချသူတွေက ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြီးအကျယ်ဆုံး ဖော်ထုတ်တွေ့ရှိမှုတွေကို လုပ်ပေးခဲ့တာပါ။ ပြီးတော့ တိုင်းပြည်ရဲ့ တီထွင်ဆန်းသစ်မှုအရှိဆုံး၊ အထင်ပေါ်ဆုံး ကုမ္ပဏီအချို့ကိုလည်း တည်ထောင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကို နာကျင်အောင်လုပ်မယ့် သူတွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်ရေး အရေးကြီးမှုကို အမေရိကန်က သိထားတာ ကြာလှပါပြီ။ ဒါပေမယ့် ပြောင်းရွှေ့အခြေချသူတွေကို ကြိုဆိုရေးဆိုတဲ့ ကျွန်တော်တို့ရဲ့ အခြေခံ ကတိက၀တ်ကို ထိန်းသိမ်းရင်း ကျွန်တော်တို့တိုင်းပြည်ကို ၀င်ဖို့ ကြိုးစားသူတွေရဲ့ နောက်ကြောင်း စစ်ဆေးတာတွနဲ့ အခြားထိန်းချုပ်မှုတွေကနေတစ်ဆင့် ဒါကို လုပ်သွားရမှာပါ။ ” ဟု တရားရုံးသို့ တင်ပို့ခဲ့သည့် အကြံပြုချက်တွင် ဖော်ပြထားသည်။

    ဒုက္ခသည်များအား ကန့်သတ်ကာ မွတ်စလင်အများစုရှိရာ နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများကို ပြည်ဝင်ခွင့် ပိတ်ပင်သည့် ထရမ့်၏ အဆိုပါအမိန့်ကြောင့် လေဆိပ်များတွင် ကသောင်းကနင်းဖြစ်သွားခဲ့ကာ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။

    ပြီးခဲ့သည့် သောကြာနေ့က ခရိုင်တရားသူကြီးတစ်ဦးမှာ ထရမ့်၏ ထိုအမိန့်ကို ယာယီပယ်ဖျက်ခဲ့သည်။

    Bloomberg News သတင်းဌာနကမူ Microsoft နှင့် Alphabet တို့ကဲ့သို့ ထိပ်တန်း နည်းပညာကုမ္ပဏီများမှာ အဆိုပါ လူဝင်မှုပိတ်ပင်သည့်အမိန့်အတွက် စိုးရိမ်မိပြီး ထိုအမိန့်နှင့် အခြားသော ပေါ်လစီမျာကိုပြင်ဆင်ရာ ကူညီပေးမည်ဟု ကမ်းလှမ်းမှုပါဝင်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို သမ္မတထရမ့်ထံ ပေးပို့ရန် စီစဉ်နေသည်ဟု ဖော်ပြခဲ့သည်။

    Ref: Independent

  • ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့် အာဏာသက်ရောက်စေရန်ကြိုးစားမှု ထပ်မံရှုံးနိမ့်

    ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့် အာဏာသက်ရောက်စေရန်ကြိုးစားမှု ထပ်မံရှုံးနိမ့်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – သမ္မတဒေါ်နယ်ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို တရားရေးက ယာယီ ပယ်ဖျက်ထားမှုအား ဖယ်ရှားပေးရန် အမေရိကန်အစိုးရ၏ လျှောက်ထားမှုကို ဆန်ဖရန်စစ္စရှိ အယူခံတရားရုံးက ပယ်ချလိုက်သည်ဟု သိရသည်။

    သမ္မတထရမ့်မှာ ပြီးခဲ့သည်လက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ဖြင့် ဒုက္ခသည်များအား ၀င်ရောက်ခွင့် ယာယီပိတ်ပင်ခြင်း၊ မွတ်စလင် ၇ နိုင်ငံမှ နိုင်ငံသားများအား ယာယီဗီဇာ ပိတ်ပင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုအမိန့်က အမေရိကန်ပြည်သူများကို အခက်အခဲတွေ့စေသောကြောင့် သောကြာနေ့တွင် ခရိုင်တရားသူကြီးတစ်ဦးက ထိုအမိန့်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပယ်ဖျက်ရန် အမိန့်ပေးခဲ့သည်။

    ထိုအတွက် ထရမ့်ဦးဆောင်သည့် အစိုးရက မကျေမနပ်ဖြစ်ခဲ့ပြီး ခရိုင်တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ကာ လူဝင်မှုပိတ်ပင်သည့်အမိန့်ကို ပြန်လည်ကျင့်သုံးရန် တရားရေးဌာနမှတစ်ဆင့် အယူခံတရားရုံး၌ အရေးပေါ်တောင်းဆိုခဲ့ကာ တရားရုံးကမူ ဖေဖော်ဝါရီ ၄ ရက်နေ့ညပိုင်းတွင် ထိုတောင်းဆိုမှုအား ပယ်ချခဲ့သည်။

    ထို့ကြောင့် တရားရေးဘက်မှ သုံးသပ်မှု မပြီးမချင်း ထရမ့်၏ လူဝင်မှုပိတ်ပင်သည့်အမိန့်မှာ အာဏာသက်ရောက်မည်မဟုတ်ပေ။

    အမေရိကန်ပြည်သူများကလည်း ထိုကဲ့သို့ လူဝင်မှုပိတ်ပင်ခြင်းကို မကျေနပ်သောကြောင့် နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    Ref: Aljazeera