News @ M-Media

Tag: US

  • ထရမ့်၏ အမုန်းအခြေခံဝါဒ ဂျူးများကို စိုးရိမ်ဖွယ်ရာ ရိုက်ခတ်

    ထရမ့်၏ အမုန်းအခြေခံဝါဒ ဂျူးများကို စိုးရိမ်ဖွယ်ရာ ရိုက်ခတ်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၇
    M-Media

    – အမေရိကန်က ဂျူးအသင်းအဖွဲ့တွေဟာ ၂၀၁၇ ခုနှစ်အတွင်း ဗုံးနဲ့ တိုက်ခိုက်မယ်လို့ အကြိမ် ၅၀ နီးပါးလောက် ခြိမ်းခြောက်ခံခဲ့ရပြီး ဒါဟာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး မြင့်တက်လာမှု သရုပ်သကန်လည်း ဖြစ်ပါတယ်။

    “ဒီလိုခြိမ်းခြောက်မှုတွေက အခုအချိန်မှာ ပုံမှန်လိုလိုဖြစ်နေတယ်။ အကြိမ်အရေအတွက် များလာတယ်။ ပြီးတော့ ခြိမ်းခြောက်တဲ့ပမာဏကလည်း ကြီးလာပါတယ်” လို့ Anti-Defamation League က ဥပဒေစိုးမိုးရေး သက်ရောက်မှုနဲ့ လူ့အဖွဲ့အစည်းလုံခြုံရေး ဒါရိုက်တာ အီလီစီ ဂျာဗစ်က ပြောကြားခဲ့ပါတယ်။

    ဒီလိုခြိမ်းခြောက်မှုတွေဟာ အစုလိုက်အပြုံလိုက် ရောက်လာတာဖြစ်တယ်လို့ ဂျာဗစ်က ဆိုပြီး ဇန်န၀ါရီ ၃၁ ရက်နေ့က ဂျူးလူ့အဖွဲ့အစည်းစင်တာ ၁၄ ခုလောက်ကို အရေးပေါ်ကယ်ဆယ်မှုတွေ လုပ်ခဲ့ရပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့တုန်းကလည်း ဒီလို အဖြစ်အပျက်မျိုး ဖြစ်ခဲ့ပါသေးတယ်။

    အခုအချိန်အထိ ဒီခြိမ်းခြောက်မှုတွေဟာ ဆက်လက်တည်ရှိနေပြီး ရဲတပ်ဖွဲ့က သံသယရှိသူ တစ်ဦးကိုမှ ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

    အမည်မဖော်ပြတဲ့ ဂျူးစင်တာတစ်ခုကို ဖုန်းနဲ့ ခြိမ်းခြောက်ခဲ့တဲ့ အသံဖိုင်ကို ဒီတစ်ပတ်အတွင်းမှာ Jewish Journal က ရရှိခဲ့ပြီး၊ နည်းပညာနဲ့ အသံပြောင်းထားတယ်လို့ ယူဆရတဲ့ ဖုန်းခေါ်သူက

    “ယမ်းတွေအများကြီးပါတဲ့ C4 ဗုံးတစ်ခုကို ပလက်စတစ်အိတ်နဲ့ ထုပ်ထားတယ်။ သိပ်မကြာခင်မှာ ဂျူးတော်တော်များများ သေကြရတော့မယ်။ သူတို့ရဲ့ ခေါင်းတွေက ယမ်းဆံတွေကြောင့် ပေါက်ကွဲကုန်လိမ့်မယ်။ ယမ်းတွေအများကြီး ရှိတယ်နော်။ သွေးပင်လယ်ကြီး မကြာခင်ဖြစ်တော့မှာ။ ဒီလောက်ဆိုတော်ပြီ။ ကျုပ်သွားတော့မယ်” လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန် ဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေက နိုဝင်ဘာရွေးကောက်ပွဲမှာ ထရမ့်အနိုင်ရပြီးနောက်ပိုင်း မွတ်စလင် ဆန့်ကျင်ရေး၊ မက္ကဆီကန်ဆန့်ကျင်ရေး၊ လူမည်းဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်ရေးတွေ များပြားလာသလို နိုင်ငံတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး လုပ်ရပ်တွေ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

    ဒီလိုခြိမ်းခြောက်တဲ့သူတွေကို ဖော်နိုင်ခြင်းမရှိသေးတာကြောင့် ဒီကိစ္စဟာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်တယ်ဆိုပြီး မပြောချင်ကြောင်း၊ နောက်ကွယ်မှာ ဘယ်သူပဲရှိရှိ ဒါဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ကိစ္စဖြစ်ကြောင်း ဂျာဗစ်က ပြောကြားခဲ့ပါတယ်။

    FBI နဲ့ တရားရေးဌာနကကတော့ ဒီလိုခြိမ်းခြောက်မှုတွေဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်မှုရှိလားဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

    Ref : The Guardian

  • ထရမ့်၏ လူဝင်မှုအမိန့်ကို တရားရေးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပယ်ဖျက်

    ထရမ့်၏ လူဝင်မှုအမိန့်ကို တရားရေးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာယီပယ်ဖျက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၇
    M-Media

    – ဒုက္ခသည်များ၊ မွတ်စလင်အများစုရှိရာ ၇ နိုင်ငံမှ နိုင်ငံသားများကို ယာယီဝင်ခွင့်ပိတ်သည့် သမ္မတထရမ့်၏ အမိန့်ကို ပြည်ထောင်စု တရားသူကြီးတစ်ဦးက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပယ်ဖျက်လိုက်သည်ဟု သိရသည်။

    ဆီယက်တဲလ်မှ ခရိုင်တရားသူကြီး ဂျိမ်းစ် ရိုဘာ့တ်က ယမန်နေ့တွင် အဆိုပါအမိန့်ကို ယာယီပယ်ဖျက်သည့်အမိန့်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၀ါရှင်တန်မှ ရှေ့နေချုပ် ဘော့ဘ် ဖာဂူဆန်က တိုင်ကြားချက်ကို အပြည့်အ၀ သုံးသပ်ပြီးသည်အထိ အတည်ဖြစ်မည်ဖြစ်သည်။

    “ဒီနေ့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်တဲ့နေ့ပါ။ ဘယ်သူမှ ဥပဒေရဲ့အထက်မှာ မရှိရပါဘူး။ သမ္မတတောင်မှ မရှိရပါဘူး။ ဒါဟာ တရားရုံးထဲမှာပဲ ကြားရတဲ့ အသံမျိုးမဟုတ်ဘဲ ဒါဟာ အခြေခံဥပဒေဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောလိုပါတယ်” ဟု ဖာဂူဆန်က ပြောကြားခဲ့သည်။

    ထရမ့်၏ အဆိုပါ လူဝင်မှုအမိန့်ကို ပိတ်ပင်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့သည့် တစ်ပတ်ကလည်း ပြည်ထောင်စုတရားသူကြီးတစ်ဦးက ယာယီပယ်ဖျက်ခဲ့ဖူးသည်။

    ပြည်တွင်းလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂီလီယန် ခရစ္စတန်ဆန်က အဆိုပါ ယာယီအမိန့်အတွက် မှတ်ချက်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဖာဂူဆန်ကမူ ယခုကဲ့သို့ ယာယီပယ်ဖျက်လိုက်ခြင်းကြောင့် တရားဝင်ဗီဇာရရှိသူများကို လူဝင်မှုနှင့် နယ်စပ်ဒေသ ထိန်းသိမ်းရေးဌာန (CBP) က ၀င်ရောက်ခွင့်ပေးရမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စရေးကျူးကျော်အိမ်ယာက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု အိမ်ဖြူတော် ပြော

    အစ္စရေးကျူးကျော်အိမ်ယာက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်သည်ဟု အိမ်ဖြူတော် ပြော

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င်အိမ်ယာများ အစ္စရေးက ဆောက်လုပ်နေခြင်းကြောင့် ပါလက်စတိုင်းများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် မျှော်လင့်နိုင်မည်မဟုတ်ဟု အိမ်ဖြူတော်က ပြောကြားလိုက်သည်။

    “အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ဆန္ဒက နှစ်ပေါင်း ၅၀ လောက် အပြောင်းအလဲ မရှိခဲ့ပါဘူး။ တရားမ၀င်အိမ်ယာတွေ တည်ရှိနေခြင်းက ငြိမ်းချမ်ရေးအတွက် အဆီးအတားဖြစ်နေပြီး အိမ်ယာသစ်တွေဆောက်လုပ်တာ ဒါမှမဟုတ် တိုးချဲ့တာတွေဟာ ငြိမ်းချမ်းရေး ရည်ရွယ်ချက် အောင်မြင်ဖို့ အထောက်အကူဖြစ်မှာ မဟုတ်ပါဘူး” ဟု ယမန်နေ့ညပိုင်းက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတစ်ဝှမ်းတွင် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ကြောင်း၊ တရားမ၀င်အိမ်ယာများအတွက် သမ္မတက တရားဝင် ရပ်တည်မှု မပြုသေးဘဲ ယခုလနှောင်းပိုင်းတွင် တွေ့ဆုံရန်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။

    ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒါနွန်က အိမ်ဖြူတော်၏ ယခုကြေငြာချက်မှာ အစ္စရေး၏ တရားမ၀င်အိမ်ယာများ ဆောက်လုပ်ခြင်းအပေါ် မည်သို့ သက်ရောက်မည်ဆိုသည်နှင့်ပတ်သက်၍ ပြောရန် စောနေသေးသည်ဟု တုန့်ပြန်ခဲ့သည်။

    အမေရိကန်အစိုးရက မိမိတို့နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်မှာ ကြာသာပတေးနေ့က နေတန်ယာဟုနှင့် ဖုန်းပြောဆိုခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး၊ ယခုကြေငြာချက်အကြောင်း ဆွေးနွေးခဲ့သလားဆိုသည်ကို သိရှိရခြင်း မရှိပေ။
    နေတန်ယာဟုမှာ အမေရိကန်သို့လာရောက်ကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထရမ့်နှင့် တွေ့ဆုံရန် ရှိနေသည်။

    အစ္စရေးမှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းကျိန်ပြီးကတည်းက ပါလက်စတိုင်းပိုင်နက်များဖြစ်သော အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်တို့တွင် ကျူးကျော်အိမ်ယာများ ထောင်နှင့်ချီဆောက်လုပ်ရန် ခွင့်ပြုခဲ့သည်။

    Ref: Haaretz

  • နျူကိစ္စဆက်လုပ်ပါက ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    နျူကိစ္စဆက်လုပ်ပါက ပြင်းပြင်းထန်ထန် တုန့်ပြန်မည်ဟု မြောက်ကိုရီးယားကို ကန်သတိပေး

    ဖေဖော်ဝါရီ ၃၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားအနေဖြင့် ၎င်းတို့၏ နျူလက်နက်အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက ပြင်းပြင်းထန်ထန်နှင့် ထိထိရောက်ရောက် တုန့်ပြန်ခံရမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ် မာတစ်က ပြောကြားလိုက်သည်။

    တောင်ကိုရီးယားသို့ ၂ ရက်ကြာလည်ပတ်မှုအတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး တောင်ကိုရီးယားကိုလည်း အပြည့်အ၀ ထောက်ခံသွားမည်ဟု ထပ်လောင်း ပြောဆိုခဲ့သည်။

    “အမေရိကန် ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးမဆို ချေမှုန်းသွားမှာပါ။ ပြီးတော့ နျူလက်နက် ဘယ်လိုအသုံးပြုမှုမျိုးကိုမဆို ပြင်းပြင်းထန်ထန်နဲ့ ထိထိရောက်ရောက် တုန့်ပြန်မှုကို ခံရပါလိမ့်မယ်” ဟု မာတစ်က တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို စမ်းသပ်ရန် အဆင်သင့်ဖြစ်နေသည်ဆိုသည့် စိုးရိမ်မှုများ ရှိနေသည့်အချိန်တွင် မာတစ်၏ ထိုကဲ့သို့ မှတ်ချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။

    မြောက်ကိုရီးယားမှာ ယောင်ဗြွန်း နျူကလီးယားစက်ရုံမှ ဓာတ်ပေါင်းဖိုတစ်ခုကို စတင်လည်ပတ်နေပြီး အဆိုပါစက်ရုံမှာ နျူလက်နက်အစီအစဉ်တွင် အသုံးပြုနိုင်မည့် ပလူတိုနီယမ်ကို ထုတ်လုပ်နိုင်မည်ဟု အမေရိကန်ရှိ တတ်သိပညာရှင်များအဖွဲ့ 38 North က ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ထိုခြိမ်းခြောက်မှုကြောင့် တောင်ကိုရီးယားတွင် ယခုနှစ်နှောင်းပိုင်း၌ အမေရိကန်မှ လေကြောင်းရန် ကာကွယ်ရေးစနစ် THAAD ကို ထားရှိရန်အပါအ၀င် အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ကာကွယ်ရေးဆိုင်တာ အစီအစဉ်များကို တိုးမြှင့် ပြုလုပ်လာခဲ့ရသည်။

    Ref: CNA

  • ထရမ့်၏ ခွဲခြားမှုပေါ်လစီကို ခရစ်ယာန်ခေါင်းဆောင်များ ရှုတ်ချ

    ထရမ့်၏ ခွဲခြားမှုပေါ်လစီကို ခရစ်ယာန်ခေါင်းဆောင်များ ရှုတ်ချ

    ဖေဖော်ဝါရီ ၂၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်းယုံကြည်သော ခရစ်ယာန်သာသနာ၏ သွန်သင်မှုများကို လေးစားရန် ခရစ်ယာန်ခေါင်းဆောင် ၈၀၀ ကျော်က တောင်းဆိုလိုက်ပြီး ထရမ့်၏ ဒုက္ခသည်ပိတ်ပင်ရေး အမိန့်ထုတ်မှုကို တုန့်ပြန်လိုက်ခြင်းလည်းဖြစ်သည်။

    ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြုလုပ်မည့် National Prayer Breakfast အခမ်းအနားမတိုင်ခင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက လက်မှတ်ရေးထိုးထားပြီး ထရမ့်သို့ လိပ်မူသော စာတစ်စောင်တွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး အဖိနှိပ်ခံ နင်းပြားများနှင့် ပြောင်းရွှေ့အခြေချသူများကို ကာကွယ်ရန် တိုက်တွန်းခဲ့သည်။

    “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ရွှေပုံပေါ်မှာစံဖို့ မဟုတ်ပါဘူး။ ဆင်းရဲသူဆင်းရဲသားတွေအတွက် သတင်းကောင်းပါ။ အဲဒီ ဆင်းရဲသားတွေထံမှာ ကျွန်တော်တို့ဟာ ခရစ်တော်ကို တွေ့ရှိခဲ့တာပါ” ဟု အဆိုပါစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    National Prayer Breakfast အခမ်းအနားတွင် ထရမ့်အပါအ၀င် နိုင်ငံရေးသမားများ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ပြီး ၁၉၅၃ ခုနှစ်က စတင်ခဲ့သည့် ထိုအခမ်းအနားကို သမ္မတအဆက်ဆက် တက်ရောက်ခဲ့ကြသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးသမားများအချင်းချင်း ဘာသာရေးဆိုင်ရာ ခံယူချက်ကို မျှဝေရန်ဖြစ်သည်။

    ကယ်လီဖိုးနီးယားရှိ Saddleback ဘုရားကျောင်းမှ သင်းအုပ်ဆရာ ရစ်ဝါရန်က မိမိအနေဖြင့် ထိုအခမ်းအနားတွင် မိန့်ခွန်းပြောမည်ဟု အင်္ဂါနေ့က Facebook ၌ လွှင့်တင်ခဲ့သည့် ဗီဒီယိုတွင် ပြောကြားခဲ့သည်။

    “ပြီးခဲ့တဲ့နှစ်က ကိစ္စတွေနောက်ပိုင်း အခုအချိန်မှာ ဒီအခမ်းအနားဟာ အရေးပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲနဲ့ မဲဆွယ်မှုတွေက အမေရိကကို သွေးကွဲစေခဲ့ပါတယ်” ဟု ၀ါရန်ကဆိုပြီး သမ္မာကျမ်းစာက ခရစ်ယာန်များကို ငြိမ်းချမ်းရေး ဆောင်ရွက်သူအဖြစ် သွန်သင်ထားကြောင်း၊ သဘောထားမတိုက်ဆိုင်သူများကို ရင်ကြားစေ့ရေးအလုပ် လုပ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထရမ့်မှာ အာဏာရပြီးကတည်းက တိုင်းပြည်အား စည်းလုံးရန် လုပ်ဆောင်မှု မရှိသေးဘဲ ပထမတစ်ပတ်အတွင်းမှာပင် မွတ်စလင်နှင့် ဒုက္ခသည်မျာကို ပစ်မှတ်ထားသော အမိန့်၊ နယ်စပ်ခြံစည်းရိုးကာရန် အမိန့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဖျက်သိမ်းသည့် အမိန့်များကို လက်မှတ်ရေးထိုးခဲ့သည်။

    National Prayer Breakfast အခမ်းအနားတွင် ဘာသာရေးခေါင်ဆောင်များမှာ ဘာသာရေးဆိုင်ရာ အမှန်တရားများကို ပြောကြားလေ့ရှိခြင်းကြောင့် ထရမ့်မှာ ထိုအခမ်းအနားတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်ရနိုင်သည်။

    Ref: Huffingtonpost