News @ M-Media
Tag: US
  • အမေရိကန်တွင် အမျိုးသားရေးအစွန်းရောက် ခေါင်းထောင်လာမှုကို ဂျာမနီနှင့် အစ္စရေးတို့က အနီးကပ် စောင့်ကြည့်
    အမေရိကန်တွင် အမျိုးသားရေးအစွန်းရောက် ခေါင်းထောင်လာမှုကို ဂျာမနီနှင့် အစ္စရေးတို့က အနီးကပ် စောင့်ကြည့်
    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    – ဒီလအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တာကြောင့် အမေရိကန်မှာ လူဖြူ လူမျိုးကြီးဝါဒ ခေါင်းထောင်ထလာနေမှုအတွက် မိမိတို့အစိုးရက စိုးရိမ်မိပြီး အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ဂျာမနီအစိုးရရဲ့ အကြီးတန်း တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့ စနေနေ့ကလည်း ၀ါရှန်တန်က အိမ်ဖြူတော်နဲ့ အနည်းငယ်လောက်ပဲဝေးတဲ့ အဆောက်အဦးတစ်ခုမှာ နာဇီလက်သစ်တွေ၊ လူဖြူအမျိုးသားရေးဝါဒီတွေနဲ့ ဂျူးဆန့်ကျင်သူနဲ့ အခြားသူတွေပါဝင်တဲ့ အစွန်းရောက်လှုပ်ရှားမှု alt-right အဖွဲ့ဝင်တွေ စရုံးခဲ့ကြပြီး ထရမ့်အနိုင်ရမှုအတွက် အောင်ပွဲခံအခမ်းအနားပြုလုပ်တဲ့ ဗီဒီယိုတစ်ခုလည်း ပေါ်ထွက်လာခဲ့ပြီး ဒီအတွက်တော့ ဂျာမနီအစိုးရက တရားဝင်မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    ဒါပေမယ့် ၀န်ကြီးချုပ်မာကဲလ်နဲ့ နီးစပ်တဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ‘ထရမ့်ကိုဝန်းရံပါ’ လို့ ခေါင်းဆောင်က အော်ခဲ့ပြီး နောက်လိုက်တွေက နာဇီပုံစံနဲ့ အလေးပြုမှုတွေပါဝင်တဲ့ အဲဒီဗီဒီယိုဟာ ‘စက်ဆုပ်စရာနဲ့ စိုးရိမ်စရာ’ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    “ထရမ့်က ဒီလို အတွေးအခေါ်မျိုးကနေ လွတ်ကင်းပုံရတာကြောင့် ဒီလို ဆောင်ရွက်မှုက ထရမ့်ရဲ့ အယူအဆလို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ဒီလူတွေက စိန်နားဒေါင်းရောင်နဲ့ ပါးပြောင်နေကြတာပါ။ ဒီကိစ္စကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ အမည်မဖော်လိုတဲ့ အဲဒီတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
    အစ္စရေးလွှတ်တော်က နိုင်ငံခြားရေးနဲ့ ကာကွယ်ကော်မတီက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယီရ် လာပစ်ကတော့ အဲဒီဗီဒီယိုဟာ ရွံ့စရာကောင်းပြီး၊ သည်းခံလိုမရတဲ့ ဗီဒီယိုဖြစ်တယ်လို့ ဆိုပါတယ်။
    “လူသားတွေပြုလုပ်ခဲ့တဲ့ အမှားတွေထဲမှာ အကြီးမားဆုံးကတော့ ဖက်စစ်ဝါဒရဲ့ အန္တရာယ်ကို အချိန်မိ သတိမပြုမိတာနဲ့ တွန်းလှန်ဖို့ မလုပ်ဆောင်တာတွေပါပဲ။ ဒီဝါဒမျိုး သမိုင်းတစ်ပတ် ပြန်လည်လာတာကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး” လို့ လာပစ်က ပြောကြားခဲ့ပါတယ်။
    ထရမ့်ရဲ့ Trump-Pence အသွင်ကူးပြောင်းရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူကတော့ ထရမ့်ဟာ ‘ဘယ်လို လူမျိုးရေးခွဲခြားမှုမျိုးကိုမဆို ဆက်လက် ရှုတ်ချသွားမယ်’ လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး၊ သူဟာ အမေရိကန်နိုင်ငံသားတိုင်းအတွက် ရွေးချယ်ခံထားရတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ Twitter ကို ဆက်တိုက်သုံးနေတဲ့ ထရမ့်ဟာ ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ တိုက်ရိုက်မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အစွန်းရောက်လှုပ်ရှားမှုဖြစ်တဲ့ alt-right နဲ့ ဆက်နွယ်နေတဲ့ ၀ဘ်ဆိုက် အကြီးအကဲ စတီဗ် ဘန်နွန်ကို အိမ်ဖြူတော် အကြီးအကဲအဖြစ် ခန့်အပ်ခဲ့မှုအတွက် ဒီမိုကရက်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လူနည်းစုတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။
    alt-right အဖွဲ့တွေရဲ့ အဲဒီအခမ်းအနားမှာ လူဖြူအစွန်းရောက်ခေါင်းဆောင် ရစ်ချက် စပင်ဆာက အမေရိကန်ဟာ လူဖြူ တွေနဲ့သာ သက်ဆိုင်ပြီး လူဖြူတွေကလည်း နေမင်းရဲ့ သားသမီးတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့လှုပ်ရှားမှုကို ဝေဖန်သူတွေကိုလည်း ရှုတ်ချခဲ့ပြီး ကမ္ဘာကြီးပေါ်က စက်ဆုပ်ဖွယ်အကောင်ဆုံး သတ္တ၀ါတွေလို့လည်း ပြောကြားခဲ့ပါတယ်။
    “ထရမ့်ကို ၀န်းရံပါ။ ကျွန်တော်တို့လူမျိုးကို ၀န်းရံပါ။ အောင်မြင်မှုကို ဂုဏ်ပြုပါ” လို့ စပင်ဆာက ဟစ်ကြွေးခဲ့ပြီး အဲဒီအချိန်မှာ တက်ရောက်လာတဲ့ အဖွဲ့ဝင်တွေက နာဇီအလေးပြုနည်းအတိုင်း အလေးပြုခဲ့ကြပါတယ်။
    ဒါပေမယ့် ဒီအစည်းအဝေးကို ပြည်သူအချို့က ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့တာကြောင့် အစည်းအဝေးကျင်းပရာ ရော်နယ်ရေဂင် အဆောက်အဦးတစ်ဝိုက် ကားလမ်းတွေ ပိတ်ခဲ့ပါတယ်။
    ထင်ရှားအောင်လုပ်ရမယ်
    နယူးယောက်က အမေရိကန်ဂျူးကော်မတီ (AJC) ရဲ့ စီအီးအိုဖြစ်သူ ဒေးဗစ်ဟားရစ်ကတော့ အမေရိကန် ရွေးကောက်ပွဲအပြီးနောက်ပိုင်း ဂျူးဆန့်ကျင်ရေးဝါဒကို အားပေးတဲ့၊ လူနည်းစုတွေကိုပစ်မှတ်ထားတဲ့ အုပ်စုတွေ ပေါ်ထွက်လာမှုဟာ ၁၀ စုနှစ်တွေအတွင်း မမြင်ဖူးခဲ့တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
    “(စနေနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲ နဲ့ပတ်သက်ပြီး) ရွေးကောက်ခံသမ္မတက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အမေရိကန်အားလုံးရဲ့ သမ္မဖြစ်တယ်ဆိုတာကို ရှင်းလင်းထင်းရှားစေဖို့ အခြားနည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပြီး alt-right နဲ့ ဒီလှုပ်ရှားမှုရဲ့ ရပ်တည်ချက်တွေကို ရှုတ်ချရပါလိမ့်မယ်” လို့ ဟာရစ်က ပြောကြားခဲ့ပါတယ်။
    နာဇီတို့ရဲ့ သမိုင်းဆိုးတွေကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ လုံးလုံး ကြိုးစားချေဖျက်ခဲ့ရတဲ့ဂျာမနီမှာ ‘Heil Hitler’ ဆိုတဲ့ အလေးပြုမှုနဲ့ နာဇီ တံဆိပ်တွေဟာ တရားမ၀င်ဘဲ ၆ လအထိ ထောင်ကျနိုင်ပါတယ်။ သြစတြီးယားနဲ့ ပြင်သစ်အပါအ၀င် အခြားသော ဥရောပနိုင်ငံတွေမှာလည်း ဒီလို ဥပဒေတွေ ထုတ်ပြန်ထားပါတယ်။
    Ref : Reuters
  • အမျိုးသားရေးဝါဒနှင့် ထိုဝါဒီများကို ဒေါ်နယ်ထရမ့် ရှုတ်ချ
    အမျိုးသားရေးဝါဒနှင့် ထိုဝါဒီများကို ဒေါ်နယ်ထရမ့် ရှုတ်ချ
    နိုဝင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    trump-3
    – ၎င်း၏ ရွေးကောက်ပွဲအနိုင်ရမှုအတွက် အောင်ပွဲခံခဲ့သော လူဖြူးအမျိုးသားရေး အစွန်းရောက်အုပ်စုကို မိမိအနေဖြင့် မထောက်ခံဟု ရွေးကာက်တင်မြှောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
    နယူးယောက်တိုင်းမ် သတင်းစာနှင့် ယမန်နေ့အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီ မိမိ၏အနေဖြင့် နာဇီလက်သစ်များ၊ လူဖြူအမျိုးသားရေးသမားများနှင့် ဂျူးဆန့်ကျင်ရေးသမားများကို အားမကောင်းစေချင်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
    “သူတို့ကို ကျွန်တော် ရှုတ်ချတယ်။ လက်မခံဘူး။ ရှုတ်ချပါတယ်”
    စနေနေ့တွင် ၀ါရှန်ဒီစီ၌ ထရမ့်အနိုင်ရမှုကို အောင်ပွဲခံသည့် အခမ်းအနားကျင်းပမှုကို လူဖြူအမျိုးသားရေး အစွန်းရောက်များက ဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်များတွင် ဖြန်ဝေခဲ့သည်။
    အဆိုပါ ဗီဒီယိုတွင် လူဖြူအမျိုးသားရေး လှုပ်ရှားမှုခေါင်းဆောင် ရစ်ချက် ဘာထရန် စပင်ဆာက အမေရိကန်မှာ လူဖြူများနှင့်သာ သက်ဆိုင်ပြီး လူဖြူများမှာ နေမင်း၏ သားသမီးများဖြစ်သည်ဟု အခမ်းအနားသို့ တက်ရောက်လာကြသူများကို ပြောကြားခဲ့သည်။
    ထို့ပြင် ၎င်းတို့၏ အမျိုးသားရေးလှုပ်ရှားမှုအား ဝေဖန်သူများကိုလည်း ၎င်းက ပြစ်တင်ပြောဆိုခဲ့ပြီး ‘ကမ္ဘာမြေပေါ်တွင်ရှိသည့် စက်ဆုပ်ဖွယ်အကောင်းဆုံး သတ္တ၀ါများ’ ဟု တံဆိပ်ကပ်ခဲ့သည်။
    “ထရမ့်ကို ၀န်းရံပါ။ ကျွန်တော်တို့ လူမျိုးတွေကို ၀န်းရံပါ။ အနိုင်ရမှုအတွက် အောင်ပွဲခံပါ” ဟု စပင်ဆာက ဟစ်ကြွေးခဲ့ပြီး ပရိတ်သတ်များကလည်း ၎င်းတို့၏လက်ကို ဆန့်တန်းကာ နာဇီအလေးပြုသည့် ပုံစံအတိုင်း အလေးပြုခဲ့ကြသည်။
    ရော်နယ်ရေဂင်အဆောက်အဦးတွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ လာရောက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သောကြောင့် ကားလမ်းများ ပိတ်ဆို့ခဲ့သည်။
    “အဲဒီအုပ်စုတွေ ထကြွလာတာကို ကျွန်တော် မလိုချင်ပါဘူး။ ဒီအုပ်စုကို ထောက်လည်း မထောက်ခံပါဘူး။ သူတို့ ထကြွလာပြီဆိုရင်တော့ ဘာ့ကြောင့် ဒီလို ဖြစ်ရသလဲဆိုတာကို ဆန်းစစ်ချင်ပါတယ်” ဟု ထရမ့်က နယူးယောက်တိုင်းမ်စ်သို့ ပြောကြားခဲ့သည်။
    ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကလည်း ထရမ့်အနိုင်ရရှိမှုက လူဖြူလူမျိုးကြီးဝါဒကို အထောက်အကူဖြစ်မည်ဟု စိုးရိမ်မိကြောင်း ယမန်နေ့တွင် ပြောကြားခဲ့သည်။ သူမနှင့် နီစပ်သည့် အကြီးတန်း တာဝန်ရှိသူတစ်ဦးက လူဖြူအမျိုးသားရေးဝါဒီများ၏ အဆိုပါဗီဒီယိုက ‘အော့နှလုံးနာဖွယ်ကောင်းသော၊ စိုးရိမ်စရာကောင်းသော’ ဗီဒီယိုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    သို့သော်လည်း ထရမ့်က လူဖြူအစွန်းရောက် အတွေးအခေါ်များရှိသည်ဟု စွပ်စွဲခံထားရသည့် စတီဖင် ဘန်နွန်ကို အိမ်ဖြူတော် မဟာဗျူဟာမှူးအဖြစ် ခန့်အပ်ခဲ့မှုအတွက် ကာကွယ်ပြောဆိုခဲ့သည်။
    “ကျွန်တော် စတီဗ် ဘန်နွန်နဲ သိကျွမ်းခဲ့တာ ကြာပါပြီ။ သူဟာ လူမျိုးရေးခွဲခြားသူဖြစ်မယ်။ အမျိုးသားရေးဝါဒီဖြစ်မယ်ဆိုရင် သူ့ကိုခန့်ဖို့ စဉ်းစားမှာတောင် မဟုတ်ပါဘူး”
    နယူးယောက်တိုင်းမ်စ်နှင့် ပြုလုပ်ခဲ့သည့် အဆိုပါအင်တာဗျူးတွင် ထရမ့်မှာ ၎င်း၏ ပေါ်လစီများ၊ ခန့်အပ်မှုများနှင့်ပတ်သက်၍ အများအပြား ပြောကြားခဲ့ပြီး၊ ဟီလာရီကလင်တန်အား မနာကျင်စေချင်တော့ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
    “ကလင်တန်ကို ကျွန်တော် မနာကျင်စေချင်တော့ပါဘူး။ တကယ်ပါ။ သူ တော်တော်လေး ပင်ပန်းနေပြီး နည်းမျိုးစုံနဲ့ ထိခိုက်ခံစားခဲ့ရပါတယ်”
    Ref: BBC, The Guardian
  • IS မှာ ဘာသာရေးအသိ မရှိသူများကိုသာ အဓိကသိမ်းသွင်းကြောင်း ကန် စစ်ဖက်သုတေသနက ဖော်ပြ
    IS မှာ ဘာသာရေးအသိ မရှိသူများကိုသာ အဓိကသိမ်းသွင်းကြောင်း ကန် စစ်ဖက်သုတေသနက ဖော်ပြ
    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media
    is
    – အီရတ်နဲ့ ဆီးရီးယားက IS အပါအ၀င် အခြားသော အကြမ်းဖက်အဖွဲ့တွေထံ နိုင်ငံရပ်ခြားက ထောင်ပေါင်းများစွာသောသူတွေ သွားရောက်ပူးပေါင်းရာမှာ ဘာသာတရားက အဓိကမောင်းနှင်အား မဟုတ်ဘူးလို့ အမေရိကန် စစ်ဖက်ဆိုင်ရာ သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။
    အကြမ်းဖက်အဖွဲ့တွေရဲ့ ဂျီဟတ်ဝါဒဖြန့်မှုနဲ့ အယူအဆတွေကို ဝေဖန်သုံးသပ်နိုင်စွမ်းမရှိဘဲ၊ သူတို့ရဲ့ အကြမ်းဖက်မှုတွေ၊ အစ္စလာမ်ကို ပုံဖျက်ဟောကြားမှုတွေကို မျက်စိမှိတ်ယုံမယ့်သူတွေကိုသာ IS က ပိုပြီး လိုလားတယ်လို့လည်း CTC က ဆိုပါတယ်။
    သုတေသန ပညာရှင်တွေကတော့ အနောက်နိုင်ငံတွေကနေ စစ်သွေးကြွအဖွဲ့တွေကို သွားရောက်ပူးပေါင်းသူတွေဟာ ယဉ်ကျေးမှု၊ နိုင်ငံရေးခံယူချက်တွေကနေတဆင့် ဆွဲဆောင်ခံရတာဖြစ်ပြီး အစ္စလာမ်သာသနာကို ခုတုံးလုပ်ဆွဲဆောင်မှုက ဒုတိယအဆင့်ဖြစ်တာကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
    “စစ်သွေးကြွအုပ်စုတွေဟာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်နဲ့ ကမ္ဘာတစ်ဝှမ်း အခြေအနေတွေပေါ်မှာ မွတ်စလင်တွေ လက်ရှိကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကို အဓိကထားပြီး ဖန်တီးထားတဲ့ ဇာတ်လမ်းတွေကို အခြေခံကာ နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေကို စုဆောင်းတာဖြစ်ပါတယ်” လို့ CTC ရဲ့ အစီရင်ခံစာမှာ ဖော်ထြားပါတယ်။
    အမေရိကန်စစ်တက္ကသိုလ်မှာ ပြုလုပ်တဲ့ ဒီ သုတေသသနဲ့ သက်ဆိုင်တဲ့ IS ရဲ့ ၀င်ခွင့်ဖောင်ဟာ ဒီနှစ်အစောပိုင်းမှာ ပေါက်ကြားလာခဲ့ပြီး အဲဒီအဖွဲ့နဲ့ ပူးပေါင်းသူအများစုက ရရှီအာနဲ့ပတ်သက်တဲ့ သူတို့ရဲ့ အသိဟာ အခြေခံသာရှိတယ်လို့ ဖြည့်ခဲ့ကြပါတယ်။
    IS ဆီကို နိုင်ငံရပ်ခြားက တိုက်ခိုက်ရေးသမားတွေ သွားရောက်ပူးပေါင်းမှုဟာ ၂၀၁၃ ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ အမြင့်ဆုံး ဖြစ်ခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရပ်ခြားမှာ စစ်တိုက်ရေးအတွက် Amazon ကနေ Koran for Dummies နဲ့ Islam for Dummies တွေကို အော်ဒါမှာခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးလည်း ပါဝင်ခဲ့ပါတယ်။
    ကမ္ဘာတစ်ဝှမ်းက အစ္စလာမ့်အဖွဲ့အစည်းတွေဟာ IS ကို ရှုတ်ချခဲ့ပြီး သူတို့ရဲ့ဝါဒကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အဲဒီအထဲမှာ ဗြိတိန်မွတ်စလင်ကောင်စီလည်း ပါဝင်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းက ဗလီဝတ်ကျောင်းတော်တွေနဲ့ ပူးပေါင်းကာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အဲဒီအုပ်စုရဲ့ နားမလည်နိုင်တဲ့ လုပ်ရပ်တွေကို ရှုတ်ချခဲ့ကာ အစ္စလာမ်နဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
    အစွန်းရောက်တွေရဲ့ သိမ်းသွင်းမှုကို တိုက်ဖျက်ရာမှာ ဗလီဝတ်ကျောင်းတော်တွေကို အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်းအားပေးတဲ့ မဟာဗျူဟာတွေကို ဥရောပတစ်ဝှမ်းနဲ့ အမေရိကန်အစိုးရတို့က ဦးဆောင်ပြုလုပ်နေပြီး၊ CTC ကတော့ ဘာသာရေးဆရာတွေဟာ အစွန်းရောက်အောင် သိမ်းသွင်းမှု အခန်းကဏ္ဍမှာ မပါသလောက်ရှိပြီး၊ အစ္စလာမ့်အသိုင်းအ၀ိုင်းနဲ့ ဝေးကွာတဲ့သူတွေကိုသာ စစ်သွေးကြွတွေက အွန်လိုင်း၊ ဒါမှမဟုတ် သူငယ်ချင်းတွေကနေတစ်ဆင့် သိမ်းသွင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
    CTC ဟာ ၂၀၁၁ ခုနှစ်က ၂၀၁၅ ခုနှစ်အတွင်း ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ယူကေ၊ ဂျာမနီ၊ နယ်သာလန်နဲ့ အခြား နိုင်ငံပေါင်း ၂၅ နိုင်ငံကနေ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ စစ်သွေးကြွအုပ်စုတွေနဲ့ သွားရောက်ပူးပေါင်းဖို့ ကြိုးစားခဲ့ပြီး အသက်ရှင်ခဲ့သူတွေ၊ သေဆုံးခဲ့သူတွေကို သုတေသန လုပ်ခဲ့တာပါ။
    “နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေက တိုက်ခိုက်မှုတွေမှာ သိသိသာ ပါဝင်ရုံတင်မကဘဲ သေတာလည်း များကြပါတယ်” လို့ CTC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    သူတို့တွေထဲက အနည်းဆုံး ၇၄ ရာခိုင်နှုန်းဟာ တိုက်ပွဲတွေမှာ သေဆုံးခဲ့ပြီး ကျွမ်းကျင်သူတွေကတော့ သေဆုံးသွားတဲ့ နိုင်ငံခြားတိုက်ခိုက်ရေသမားတွေရဲ့ အမည်တွေဟာ တိုက်ခိုက်နေသူတွေထက် လူမြင်ကွင်းမှာ သေဆုံးသွားသူတွေ ပိုဖြစ်နိုင်တာကြောင့် ဒီအရေအတွက်ဟာ မှန်ကန်မှု မရှိနိုင်ဘူးလို့ သတိပေးထားပါတယ်။
    ဗြိတိန်က သွားရောက်ပူးပေါင်းသူတွေရဲ့ ၄ ပုံ ၃ ပုံဟာ သေဆုံးခဲ့ပြီး IS မှာ ၆၆ ရာခိုင်နှုန်း၊ အလ်ကိုင်းဒါးကို သစ္စာခံတဲ့ ဂျဘ်ဟတ် အလ်-နူဆရာမှာ ၇၇ ရာခိုင်နှုန်း သေဆုံးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အလ်-နူဆရာအဖွဲ့ဟာ ဂျဘ်ဟတ် ဖာတီ အလ်-ရှမ်လို့ အမည်ပြောင်းထားပြီး မိခင်အဖွဲ့အစည်းကနေ ခွဲထွက်လာပုံ ရပါတယ်။
    ဆီးရီးယားနဲ့ အီရတ်တို့မှာ သေဆုံးသူအရေအတွက်ကို အတည်ပြုဖို့ မဖြစ်နိုင်ဘဲ မြေပြင်မှာ သမာသမတ်ကျတဲ့ အာဏာပိုင်မျိုး မရှိတာနဲ့ နယ်မြေထိန်းချုပ်နိုင်ရေးကြိုးစားနေတဲ့ အုပ်စုတွေရဲ့ ဇာတိသွေးဇာတိမာန်တက်ကြွစေဖို့ ၀ါဒဖြန့်တာတွေကြောင့် ဖြစ်ပါတယ်။
    အခုနှစ် မေလအတွင်း ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က IS နဲ့ အလ်နူဆရာ အပါအ၀င် အာဆတ်ဆန့်ကျင်ရေးအဖွဲ့တွေအတွက် တိုက်ခိုက်ပေးခဲ့တဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမား သေဆုံးမှုဟာ ၄၇၀၀၀ ကျော်ရှိနေပြီး နိုင်ငံရပ်ခြား စစ်သွေးကြွအဖွဲ့တွေကို သွားရောက်ပူးပေါင်းတယ်လို့ အမေရိကန်ရဲ့ ခန့်မှန်းတွက်ချက်မှု ပမာဏထက်ကို ကျော်လွန်နေတာ ဖြစ်ပါတယ်။
    ပင်တဂွန်ကတော့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသားနဲ့ ဒေသခံတွေအပါအ၀င် IS တိုက်ခိုက်ရေးသမား ၄၅၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
    တိုက်ခိုက်ရေသမားအများစုဟာ အသက် ၂၀ ကျော်အရွယ်လေးတွေဖြစ်ပြီး အလုပ်လက်မဲ့တွေ၊ ကျောင်းသာတွေဖြစ်ကာ၊ ပြောင်းရွှေ့အခြေချ မိသားစုက လာတဲ့သူတွေလည်း ပါဝင်တယ်လို့ CTC က ဆိုပါတယ်။
    အရင်လေ့လာမှုတွေအရတော့ တိုက်ခိုက်ရေးသမား တော်တော်များများမှာ အရင်က ရာဇ၀တ်မှုကျူးလွန်ဖူးခဲ့တဲ့ မှတ်တမ်းတွေရှိနေပြီး ရာဇ၀တ်မှုကျူးလွန်တဲ့ ဂိုဏ်းအသေးစားလေးတွေလိုမျိုးဖြစ်ကာ စစ်သွေးကြွတွေက လျှို့ဝှက်ကွန်ယက်တွေအတွက် တန်ဖိုးရှိတဲ့ သူတို့ရဲ့ ကျွမ်းကျင်မှုတွေကို အမြတ်ထုတ်နိုင်ဖို့အတွက် လုပ်ကြံဇာတ်လမ်းတွေနဲ့ ဒီလူတွေကို အမဲဖမ်းကြတာ ဖြစ်ပါတယ်။
    အနောက်တိုင်းက သွားရောက်တဲ့ တိုက်ခိုက်ရေးသမားတွေဟာ သူတို့ရဲ့ကျွမ်းကျင်မှုကိုလိုက်ပြီး နေရာရကြတယ်လို့ CTC ကဆိုပြီး ပထမဆုံးရောက်လာတဲ့အချိန်မှာ လေ့ကျင့်ရေးစခန်းတွေကို ပို့ကြကာ နောက်ပိုင်းမှာတော့ စစ်သားတွေ၊ အသေခံဗုံးခွဲသမားတွေ၊ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ထောက်ပံ့ရေးသမားတွေအဖြစ် တာဝန်ပေး ခံရပါတယ်။
    နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေကို ၀ါဒဖြန့်လက်နက်အဖြစ်လည်း အသုံးပြုပြီး ဥပမာအားဖြင့် ဂျိမ်းစ်ဖိုလေးနဲ့ အခြား ဓားစားခံတွေကို သတ်ဖြတ်တဲ့ဗီဒီယိုတွေမှာ သရုပ်ဆောင်တဲ့ ဂျီဟာဒီဂျွန်လို့ သိကြတဲ့ ဗြိတိန်နိုင်ငံသား IS တိုက်ခိုက်ရေးသမား မိုဟာမက် အမ်ဝါဇီလိုမျိုး ဖြစ်ပါတယ်။
    IS ဟာ ကိုယ့်ရဲ့ဇာတိနိုင်ငံတွေမှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ လှုံ့ဆ်ာတဲ့ ဗီဒီယိုတွေကိုလည်း ဥရောပက တိုက်ခိုက်ရေးသမားတွေကိုသုံးကာ ဖန်တီးကြပြီး တိုက်ခိုက်ရေးသင်တန်းနဲ့ တိုက်ရည်ခိုက်ရည်ပြည့်ဝတဲ့ နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ ဇာတိနိုင်ငံကို ပြန်လာတဲ့အခါ IS က အဲဒီလူတွေကို အသုံးချနိုင်ချေ ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။
    “တစ်ချို့အတွက် အကြမ်းဖက်မှုတွေလုပ်တာဟာ သူတို့အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်ကိုးစားမှု ထင်ရှားတယ်ဆိုတာမျိုး ဖြစ်စေပါတယ်” လို့ CTC ကဆိုပါတယ်။
    “အခြားသူတွေအတွက်ကတော့ စစ်မြေပြင်က ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်အပျက်တွေဟာ အဖွဲ့အစည်းအပေါ်မှာ အယုံအကြည်မရှိဖို့အတွက် ပထမခြေလှမ်းဖြစ်ခဲ့ပါတယ်။ ပြန်လာတဲ့သူတွေထဲက ဘယ်သူတွေက သစ္စာခံသေးလဲ၊ ဘယ်သူတွေက စိတ်ပျက်နေလဲဆိုတာ ခွဲခြားဖို့၊ ဒီနှစ်ခုစလုံးကို ဘာလုပ်ရမလဲဆိုတာကိုတွေအတွက် လုံးပမ်းနေရတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး တိုက်ခိုက်ရေးသမားတွေ ပြန်လာမှု မြင့်တက်လာတာနဲ့ အစိုးရက ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ ရုန်းကန်နေရတာတွေကြောင့် ဒီစိန်ခ်ါမှုဟာ ပိုပြီး ကြီးထွားလာမှာ ဖြစ်ပါတယ်”
    IS ရဲ့ သိမ်းသွင်းမှုကို ခံရပြီး ဥရောပကို မနှစ်က ပြန်ရောက်လာခဲ့တဲ့အထဲမှာ ဟယ်ရီဆာဖိုဆိုသူတစ်ဦးလည်း ပါဝင်ပါတယ်။ သူဟာ ယူကေမှာ ကြီးပြင်းကာ ဓားပြတိုက်မှုတစ်ခုအတွက် ထောင်ကျနေစဉ်အတွင်း အစွန်းရောက် တရားဟောဆရာတစ်ဦးနဲ့တွေ့ဆုံပြီးတဲ့နောက် ဆီးရီးယားမှာ IS နဲ့ သွားပေါင်းခဲ့တာ ဖြစ်ပါတယ်။
    လက်ရှိ ထောင်ကျနေတဲ့ ဟယ်ရီက ခဲပေါက်သက်တာ၊ ခေါင်းဖြတ်တာ၊ ပစ်သတ်တာ၊ သတ်ဖြတ်တာ၊ ကလေးစစ်သားတွေ အသုံးပြုတာတွေ၊ အစ္စလာမ်နဲ့ဆန့်ကျင်တဲ့ အယူအဆတွေကို တွေ့ခဲ့ရပြီးတဲ့နောက်မှာ အမိမြေကိုပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
    “ကျွန်တော့်ရဲ့ အဆိုးဝါးဆုံးအတွေ့အကြုံဟာ ရိုင်ဖယ်နဲ့ လူ ၆ ယောက်ကို ခေါင်းတွေချည်းပစ်သတ်တဲ့ အဖြစ်အပျက်ပါ။ လက်ကိုခုတ်ဖြတ်ပြီး လက်ပြတ်ကြီးကို အခြားလက်တစ်ဖက်နဲ့ ကိုင်ခိုင်းတာမျိုးလည်း ရှိပါတယ်။ IS အဖွဲ့ဟာ အစ္စလာမ်နဲ့ ဆန့်ကျင်တဲ့အဖွဲ့ဖြစ်ပြီး လူမဆန်တဲ့ အဖွဲ့တစ်ခုပါပဲ။ သူလျှိုဆိုပြီး ညီအစ်ကိုချင်း ပြန်သတ်တာတွေရှိပါတယ်။ သူတို့ကလည်း အဲဒီလိုပြန်သတ်ဖို့ အမိန့်ပေးတယ်။ မိတ်ဆွေတွေ အချင်းချင်း သတ်ဖြတ်ခိုင်းတာလည်း ရှိပါတယ်” လို့ ဟယ်ရီက ပြောကြားခဲ့ပါတယ်။
    CTC ကတော့ အစွန်းရောက်အဖွဲ့တွေနဲ့ဆက်သွယ်ပြီး ပြန်လာတဲ့သူတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်က သူတို့ အဲဒီမှာဆက်နေရင် နောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်ရမယ့် အန္တရာယ်မျိုး ရှိနေလို့ ပြန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
    အနောက်နိုင်ငံတွေကို ပြန်ရောက်လာတဲ့ စစ်သွေးကြွ ၉၀ ရာခိုင်နှုန်းနီးပါးကို ဖမ်းဆီးထားခဲ့ပေမယ့် လစ်ဟာမှုတွေကြောင့် လွတ်သွားသူတွေလည်းရှိနေပြီး သူတို့တွေဟာ ကြောက်စရာ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။
    ၂၀၁၄ ခုနှစ်မှာ ဘယ်လ်ဂျီယံက ဂျူးပြတိုက်ကို တိုက်ခိုက်မှု၊ ၂၀၁၅ ခုနှစ်မှာ ပဲရစ်တိုက်ခိုက်မှု၊ အခုနှစ်အစောပိုင်းက ဘရပ်ဆဲလ်ဗုံးခွဲမှုတွေရဲ့ နောက်ကွယ်မှာ IS ရဲ့ လေ့ကျင့်ပေးမှုကို ခံခဲ့ရသူတွေ ပါဝင်နေပြီး အခြားတိုက်ခိုက်မှုတွေကို စီစဉ်ပြီး အထမမြောက်တာတွေလည်း ရှိခဲ့ပါတယ်။ နောက်ပြီး ဒီအဖွဲ့ရဲ့ ၀ါဒဖြန့်မှုတွေကြောင့် နိုဝင်ဘာမှာ လူ ၈၀ ကျော်လောက်ကို သတ်ပစ်ခဲ့တဲ့ တစ်ကိုယ်တော် တိုက်ခိုက်ရေးသမားတွေလည်း ပေါ်ထွက်လာခဲ့ပါသေးတယ်။
    “ပြန်လာပြီး ချက်ခြင်းတိုက်ခိုက်မှုပြုလုပ်နိုင်တယ်ဆိုတာက အဓိကကျတဲ့ စိုးရိမ်မှုတစ်ခု ဖြစ်ပေမယ့် ကျွန်တော်တို့မှာရှိတဲ့ အချက်အလက်တွေအရ ဒါဟာ စိုးရိမ်မှုတစ်ခုအဆင့်လောက် မရှိဘူးဆိုတာကို ပြသနေပါတယ်။ အကြောင်းမလှတာက ဆီးရီးယားနဲ့ အီရတ်တို့ကို နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ သွားရောက်မှုဟာ တစ်ဦးတစ်ယောက်အနေနဲ့ ဒီလို ဝေလံလှတဲ့ဒေသက လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ သွားရောက်တိုခိုက်ဖို့အတွက် နောက်ဆုံးချမှတ်တဲ့ ဆုံးဖြတ်ချက်မျိုး မဖြစ်နိုင်ဘူးဆိုတာ သမိုင်းက ပြောပြနေပါတယ်”
    Ref: Independent
    (Isis: Islam is ‘not strongest factor’ behind foreign fighters joining extremist groups in Syria and Iraq – report ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • ထရမ့်၏ရေနံပေါ်လစီ ကောင်းကျိုးရှိမည်မဟုတ်ဟု ဆော်ဒီသတိပေး
    ထရမ့်၏ရေနံပေါ်လစီ ကောင်းကျိုးရှိမည်မဟုတ်ဟု ဆော်ဒီသတိပေး
    နိုဝင်ဘာ ၁၉၊ ၂၀၁၆
    M-Media
    oil
    – မိမိတို့ဆီမှ ရေနံဝယ်ယူမှုကို လျှော့ချမည်ဆိုသည့် ပြောစကားအတွက် ဆော်ဒီအာရေဗျက ဒေါ်နယ်ထရမ့်ကို သတိပေးလိုက်ပြီး ကမ္ဘာစီးပွားရေးကို ကမောက်ကမဖြစ်စေမည်ဟု ပြောကြားလိုက်သည်။
    ထရမ့်က IS အဖွဲ့ကို မြေပြင်တပ်များဖြင့် တိုက်ခိုက်ခြင်း၊ အမေရိကန်က ထိုအဖွဲ့အား တိုက်ခိုက်မှုအတွက် ကုန်ကျစားရိတ်အား ပြန်ပေးခြင်းတို့ မပြုလုပ်ပါက ဆော်ဒီနှင့် အခြားသော အာရပ်နိုင်ငံများမှ ရေနံတင်သွင်းမှုကို ရပ်တန့်မည်ဟု ယခုနှစ်အစောပိုင်းက ပြောကြားခဲ့သည်။
    ထို့ပြင် နောက်ပိုင်း စွမ်းအင်နှင့်ပတ်သက်၍ ၎င်း၏ပေါ်လစီအား ပြောကြားရာတွင် အမေရိကန်အနေဖြင့် ရန်သူများနှင့် ရေနံအင်အားကြီးနိုင်ငံများမှ စွမ်းအင်ဆိုင်ရာ မီခိုနေရမှုကို လုံးဝ လွတ်လပ်အောင် ဆောင်ရွက်မည်ဟုလည်း ဆိုသည်။
    ဆော်ဒီစွမ်းအင်ဝန်ကြီး ခါလစ် အလ်-ဖာလီဟ်ကမူ ဆော်ဒီမှ ရေနံတင်သွင်းမှုကို ပိတ်ပင်ပါက ဆိုးရွားသည့်နောက်ဆက်တွဲနှင့် ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။
    “သူကတော့ အကျိုးရှိမယ်လို့ ထင်မှာပေါ့လေ။ ဘယ်လိုရေနံထွက်ကုန်မျိုးမဆို ပိတ်ပင်တာက အခြေအနေကေင်းမှာ မဟုတ်ဘူးဆိုတာကို ရေနံလုပ်ငန်းက သူ့ကို သင်ပေးသွားမယ်လို့ ကျွန်တော် ထင်ပါတယ်”
    ထို့ပြင် အလ်-ဖာဟီလ်က စွမ်းအင်မှာ ကမ္ဘာ့စီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့လွတ်လပ်စွာကုန်သွယ်မှုမှတစ်ဆင့် အမေရိကန်မှာ အားလုံးထက်ပို၍ အမြတ်ထွက်နေသည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
    ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခဖြစ်ပြီး အိုဘားမား၏ စွမ်းအင်ဆိုင်ရာ အကြံပေးဟောင်းဖြစ်သူ ဂျေဆန် ဘောဒေါ့ဖ်က ယနေ့ကဲ့သို့ ခွဲခြား၍မရတော့သည့် ကမ္ဘာ့ရေနံဈေးကွက်တွင် မည်သည့်နိုင်ငံမှမဆို အမေရိကန်သို့ ရေနံတင်သွင်းမှု ပိတ်ပင်ခြင်းမှာ လက်တွေ့မကျဟုဆိုပြီး၊ နိုင်ငံတစ်ခုကို သံတမန်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အန္တရာယ်ဖြစ်အောင် ဆောင်ရွက်ခြင်းမှာ အမေရိကန်၏ လွတ်လပ်ပြီး ပွင့်လင်းသော စွမ်းအင်ဈေးကွက်ဖြစ်ရေး ကတိက၀တ်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း သတိပေးခဲ့သည်။
    အမေရိကန်မှာ ပြည်တွင်းရေနံထုတ်လုပ်မှု မြင့်တက်လာသော်လည်း နိုင်ငံ၏ ကြီးမားသော စီးပွားရေး အလျင်မီစေရန်အတွက် အိုပက်နိုင်ငံများမှ ရေနံတင်သွင်းမှုကို အဓိကထားနေရသည်။
    Ref: CNN
  • အီရန်နှင့် နျူသဘောတူညီချက်ကို ချိုးဖောက်သည့် မူကြမ်းတစ်ခုကို ကန်အတည်ပြု
    အီရန်နှင့် နျူသဘောတူညီချက်ကို ချိုးဖောက်သည့် မူကြမ်းတစ်ခုကို ကန်အတည်ပြု
    နိုဝင်ဘာ ၁၈၊ ၂၀၁၆
    M-Media
    – အီရန်နိုင်ငံအား ခရီးသည်တင်လေယာဉ်များ ရောင်းချမှုကို ပိတ်ပင်မည့် ဥပဒေမူကြမ်းတစ်ခုကို အမေရိကန် အောက်လွှတ်တော်က ယမန်နေ့တွင် အတည်ပြုလိုက်ပြီး အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ကြား ရရှိထားသည့် သဘောတူညီချက်ကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။
    ရီပက်ဘလစ်ကန်များ ကြီးစိုးသည့် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၂၄၃၊ ကန့်ကွက်မဲ ၁၇၄ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဆိုပါ မူကြမ်းမှာ အိုဘားမားအစိုးရက Boeing နှင့် Airbus တို့ အီရန်ထံ စီးပွားရေးသုံးလေယာဉ်များ ရောင်းချရန် သဘောတူညီချက်ကို ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။
    ထိုကုမ္ပဏီ ၂ ခုမှာ အီရန်ကို လေယာဉ်အစင်းရေ ၂၀၀ ကျော် ရောင်းချရန် သဘောတူထားခြင်းဖြစ်ပြီး အီရန်နိုင်ငံ၏ လေကြောင်းလိုင်းကို အဆင့်မြှင့်ရန်ဖြစ်သည်။ Airbus မှာ ပြင်သစ်နိုင်ငံတွင် အခြေစိုက်သော်လည်း အမေရိကန်ထုတ် အစိတ်အပိုင်း ၁၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် အမေရိကန်ဘဏ္ဍာရေးဌာန၏ အတည်ပြုချက် လိုအပ်ခြင်းဖြစ်သည်။
    ယခုမူကြမ်းက စီးပွားရေးသုံး လေယာဉ်များ ရောင်းဝယ်ရာတွင် လိုအပ်မည့် ငွေကြေးဆိုင်ရာ ကိစ္စများအတွက် အမေရိကန်ဘဏ်များကို ဘဏ္ဍာရေးဌာနက လိုင်စင်ထုတ်ပေးမှုကို တားမြစ်ထားသည်။
    မူကြမ်းအတွက် အချို့သောအမတ်များက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ထိုသို့ ရောင်းချမှုပိတ်ပင်ခြင်းမှာ အလုပ်အကိုင် ဆုံးရှုံးနိုင်သည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း အီရန်နှင့် နျူသဘောတူညီချက်ကို လုံးဝဆန့်ကျင်သည့် ရီပက်ဘလစ်ကန်အမတ်များကမူ အီရန်အနေဖြင့် အဆိုပါ ခရီးသည်တင်လေယာဉ်များကို အမေရိကန်စစ်သားများအား တိုက်ခိုက်ရန် သို့မဟုတ် ဆီးရီးယားရှိ မဟာမိတ်များကို တိုက်ခိုက်ရန်အတွက် စစ်သားများပို့ခြင်းကဲ့သို့ စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်သည်ဟု ထောက်ပြခဲ့ကြသည်။
    အထက်လွှတ်တော်တွင် အတည်ပြုပြီးမှ အဆိုပါမူကြမ်းက ဥပဒေဖြစ်လာမည်ဖြစ်ပြီး အထက်လွှတ်တော်တွင်မူ ဒီမိုကရက်တစ်အမတ်များ၏ ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ခံရမည်ဖြစ်သည်။
    အိုဘားမားအစိုးရကမူ အဆိုပါဥပဒေမှာ အီရန်အနေဖြင့် နျူလုပ်ငန်းကို ရပ်ဆိုင်းပေးပါက စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဆိုသည့် နျူသဘောတူညီချက်ကို ချိုးဖောက်ရာကျသည်ဟု ယူဆနေပြီး အိုဘားမားကလည်း အထက်လွှတ်တော်မှ အတည်ပြုပါက ဗီတိုသုံး၍ ပယ်ချဖွယ် ရှိနေသည်။
    Ref: reuters