News @ M-Media

Tag: US

  • နောက်ဆုံးအဆင့်လူနာများ ကိုယ်ပိုင်ဆန္ဒဖြင့် သေဆုံးခွင့်ပြုမည့် ဥပဒေကို ကယ်လီဖိုးနီးယား ပြဌာန်း

    နောက်ဆုံးအဆင့်လူနာများ ကိုယ်ပိုင်ဆန္ဒဖြင့် သေဆုံးခွင့်ပြုမည့် ဥပဒေကို ကယ်လီဖိုးနီးယား ပြဌာန်း

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    us
    ကင်ဆာနောက်ဆုံးအဆင့်ဖြင့် သေဆုံးခွင့်ရရန် အော်ရီဂွန်သို ပြောင်းရွှေ့ခဲ့သည့် ဘရစ်တနီ မေနာ့ဒ်၏ ဓာတ်ပုံကို မိသားစုဝင်များက သယ်ဆောင်လာစဉ်

    – နောက်ဆုံးအဆင့်လူနာများ ၎င်းတို့၏ ဆန္ဒရ တရားဝင်သေဆုံးခွင့်ပေးရေး ဥပဒေကို အမေရိကန်ပြည်ထောင်စုမှ ကယ်လီဖိုးနီးယားပြည်နယ်က အတည်ပြု ပြဌာန်းလိုက်သည်ဟု သိရသည်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းမှာ ထိုဥပဒေကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ထိုကဲ့သို့ သေဆုံးခွင့်ကို အသိအမှတ်ပြုသည့် ပဉ္စမမြောက်ပြည်နယ် ဖြစ်လာခဲ့သည်။

    ကယ်လီဖိုးနီးယားမှ ကင်ဆာနောက်ဆုံးအဆင့် ရောက်နေသည့် အမျိုးသမီး ဘရစ်တနီ မေနာ့ဒ်မှာ ၎င်းသေဆုံးခွင့်ရရန် အော်ရီဂွန်သို့ ပြောင်းရွှေ့ခဲ့မှုက ပြည်နယ်အတွင်း ထိုဥပဒေပြဌာန်းရေးအတွက် တွန်းအားဖြစ်စေခဲ့သည်။ ကုသမ၍ မရတော့သည့် လူနာများအား ၎င်းတို့၏ဆန္ဒဖြင့် သေဆုံးခွင့်ပေးရေး ဥပဒေကို ယခုနှစ်အတွင်း အမေရိကန်ရှိ အနည်းဆုံး ပြည်နယ် နှစ်ဒါဇင်ခဲ့က တင်သွင်းခဲ့သော်လည်း ဥပဒေဖြစ်လာခြင်း မရှိခဲ့ပေ။

    ဘာသာရေးအုပ်စုများက ထိုဥပဒေကို ဆန့်ကျင်ပြီး မိမိအလိုဆန္ဒအရ သတ်သေခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်သည်ဟု ပြောကြားခဲ့သည်။ ကက်သလစ်အသင်းတော်ကမူ ထိုဥပဒေကို ဗီတိုသုံး၍ ပယ်ချရေး အုပ်ချုပ်ရေးမှူး ဘရောင်းကို တိုက်တွန်းခဲ့သည်။

    မသန်းစွမ်းသူများအရေး လှုပ်ရှားဆောင်ရွက်သူများကလည်း ထိုဥပဒေက နောက်ဆုံးအဆင့်ရောက်နေသော လူနာများ သေဆုံးခြင်းကိုသာ ရွေးချယ်ရန်အတွက် ဖိအားပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး တစ်ချိန်က ဘုန်းကြီးတစ်ဦးဖြစ်ရန်ပင် ရည်ရွယ်ခဲ့ဖူးသော အုပ်ချုပ်ရေးမှူး ဘရောင်းက ထိုဥပဒေကို လက်မှတ်ထိုးရေး ဆုံးဖြတ်ချက်အတွက် သီတင်းပတ်အနည်းငယ် စဉ်းစားခဲ့ရသည်ဟု ဆိုသည်။

    “နောက်ဆုံးမှာတော့ သေဆုံးကာနီး ကျွန်တော်ဖြစ်နေမယ့် မျက်နှာကို မြင်ယောင်ခဲ့ပါတယ်။ တကယ်လို့များ ကျွန်တော်ဟာ နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရရင် ဘာလုပ်မိမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဒီဥပဒေက ပေးထားတဲ့ ရွေးချယ်မှုကို စဉ်းစားနိုင်ဖို့အတွက် သက်တောင့်သက်သာရှိမှုတစ်ခု ဖြစ်မယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

    ဥပဒေအရ နောက်ဆုံးအဆင့်ဝေဒနာကို ခံစားနေရသော လူနာတစ်ဦးမှာ သေဆုံးချင်ပါက အသက်ထွက်စေသည့် ဆေးဝါးကို အသုံးပြုရန်အတွက် ဆရာဝန်နှစ်ဦးက အတည်ပြုရမည်ဖြစ်ပြီး၊ ထိုဆေးဝါးကို အသုံးပြုနေစဉ်အတွင်း သက်သေ ၂ ဦး အနားတွင် ရှိရမည်ဖြစ်သည်။ လူနာမှာလည်း ရုပ်ပိုင်းဆိုင်ရာအရ ထိုဆေးဝါးအား ခံနိုင်သည့် အခြေအနေမျိုး ရှိရမည်ဖြစ်သည်။

    လူနာများ မိမိဆန္ဒအလျောက် သေဆုံးခွင့်ကို ခွင့်ပြုထားသည့် အခြားပြည်နယ်များမှာ အော်ရီဂွန်၊ ၀ါရှင်တန်၊ ဗာမောင့်နှင့် မွန်တားနားပြည်နယ်တို့ ဖြစ်ကြသည်။

    Ref: CNN

  • အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဖီးနစ်မြို့မှ အရှေ့ပိုင်း ဘော်စတွန်မြို့သို့ ယမန်နေ့က ပျံသန်းလာသည့် American Airlines မှ လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ်မှူး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

    ခရီးသည် ၁၄၇ ဦးနှင့် လေယာဉ်အမှူထမ်း ၅ ဦးကို တင်ဆောင်ကာ ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စတင်ထွက်ခွာလာသည့် အဆိုပါ Aribus A320 လေယာဉ် ပျံသန်းနေခိုက် လေယာဉ်မှူးမှာ လဲကျသွားသောကြောင့် နယူးယောက်ရှိ လေယာဉ်ကွင်းတစ်ခုတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။

    ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ လေယာဉ်မှူး၏အလောင်းအား ကနဦးစစ်ဆေးချက်အရ အဆိပ်အတောက်ဖြစ်မှုကို တွေ့ရှိခဲ့ရပြီး သာမန်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးများ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေမှာ ဖြစ်ခဲပြီး သေဆုံးမှုမှာမူ မရှိသလောက် ရှားပါးသည်။

    Ref: CNN

  • ကားများ၏ ကာဘွန်ထုတ်လွှတ်မှု စစ်ဆေးခြင်းကို အမေရိကန် ပိုမိုတင်းကြပ်မည်

    ကားများ၏ ကာဘွန်ထုတ်လွှတ်မှု စစ်ဆေးခြင်းကို အမေရိကန် ပိုမိုတင်းကြပ်မည်

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    car

    – ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေးမှ ၎င်းတို့ ဒီဇယ်ကားများ၏ ကာဘွန်ထုတ်လွှတ်မှုအတွက် ဓာတ်ခွဲခန်းစမ်းသပ်မှုတွင် ဆော့ဖ်ဝဲတစ်ခုသုံးကာ လိမ်ညာခဲ့သည့် ပြဿနာ ပေါ်ထွက်လာပြီးနောက် အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ EPA က ကားများ ကာဘွန်ထုတ်လွှတ်မှု စစ်ဆေးခြင်းကို ပိုမိုတင်းကြပ်လိုက်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “စမ်းသပ်မှုစနစ်ကို ကျွန်တော်တို့ လုံးဝ ပြောင်းလဲလိုက်ပါပြီ။ စမ်းသပ်တွက်ချက်မှုအသစ်တွေကို ကျွန်တော်တို့ ပေါင်းထည့်ခဲ့ပြီး ထုတ်လုပ်တပ်ဆင်ပြီးသွားတဲ့ ယာဉ်တွေ၊ ထုတ်လုပ်တပ်ဆင်ဆဲ ယာဉ်တွေနဲ့ အသုံးပြုနေတဲ့ယာဉ်တွေကိုပါ ဒီစနစ်နဲ့ စမ်းသပ်သွားမှာပါ” ဟု EPA ၏ သယ်ယူပို့ဆောင်ရေးနှင့် လေထုအရည်အသွေးဆိုင်ရာရုံးမှ ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာ ဂရန်ဒလာက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ တင်းကြပ်သော စမ်းသပ်မှုများကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းများမှာ ပိုမိုကုန်ကျမည်ဖြစ်သည်။ ဗောက်စ်ဝဂွန်ကားများ၏ ပြဿနာ ပေါ်လာပြီးနောက်ပိုင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များက ကားအားလုံး၏ ကာဘွန်ထုတ်လွှတ်မှုပမာဏကို မောင်းနှင်နေစဉ် ကြားဖြတ်စမ်းသပ်ရန် တိုက်တွန်းခဲ့ကြသည်။

    Ref: Channelnewsasia

  • အမေရိကန်ကောလိပ်တွင် သေနတ်ပစ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

    အမေရိကန်ကောလိပ်တွင် သေနတ်ပစ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    635793103457150409-Roseburg-News-Review-shooting-UCC

    – အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ရိုစီဘာ့ဂ်ရှိ Umpqua Community ကောလိပ်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတာဝန်ရှိသူက ပြောကြားခဲ့သည်။

    သေနတ်ဖြင့်ပစ်ခတ်သူမှာ အသက် ၂၆ နှစ်အရွယ် ခရစ်ဟာဘာ မာဆာရ်ဆိုသူဖြစ်ပြီး စာသင်ခန်းထဲသို့ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေနတ်သမားလည်း သေဆုံးခဲ့သည်။

    _85865311_88c8b19f-35b6-4475-83c4-68bd5ab2c3b5

    အိုဘားမားကမူ အမေရိကန်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် မည်သည်ကိုမှ မလုပ်နိုင်ဟု သတင်းထောက်များအား ဒေါသတကြီး ပြောကြားခဲ့ပြီး လက်နက်ထိန်းချုပ်မှုအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ၀မ်းနည်ကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း အမေရိကန်တစ်ဝှမ်း စာသင်ကျောင်းများနှင့် ကောလိပ်များ၌ သေနတ်ဖြင့်ပစ်ခတ်မှုမှာ ယခုအဖြစ်အပျက်နှင့် ဆိုလျှင် ၄၅ ခုမြောက် ရှိပြီဖြစ်သည်။

    Ref: Aljazeera

  • စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဆော်ဒီအစိုးရ ပါသည်ဆိုသော စွဲချက်ကို ကန်တရားရုံး ပယ်ချ

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုတွင် ဆော်ဒီအစိုးရ ပါသည်ဆိုသော စွဲချက်ကို ကန်တရားရုံး ပယ်ချ

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    us

    – ၉/၁၁ တိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးခဲ့သူများ၏ မိသားစုများက ဆော်ဒီအာရေဗျမှာ အလ်-ကိုင်းဒါး၏ ပြန်ပေးသမားများကို ထောက်ပံ့ပေးမှုများ ရှိခဲ့သည်ဆိုသော စွဲချက်ကို အမေရိကန်တရားရုံးက ပယ်ချလိုက်သည်။

    ထိုအဖြစ်ပျက်တွင် သေဆုံးသွားသူများမှ ၃၀၀၀ နီးပါး၏ မိသားစုများ၊ ပျက်ဆီးဆုံးရှုံးမှုများအတွက် နစ်နာကြေး ပေးရသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဆော်ဒီကို ထိုကဲ့သို့ စွပ်စွဲကာ နစ်နာကြေး ရယူလိုကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ မက်ဟက်တန်မှ ခရိုင်တရားသူကြီး ဂျော့ဂ်ျ ဒန်နီယဲလ် စွဲချက်ကို ပယ်ချခဲ့ခြင်းဖြစ်သည်။

    “စွဲချက်မှာပါဝင်တဲ့ ဒီစွပ်စွဲချက်တွေဟာ စွပ်စွဲခံရသူတွေအပေါ်မှာ တရားရေးအရ အခိုင်အမာဖြစ်ဖို့ဆိုတဲ့ ဒီတရားရုံးက အခြေခံတွေနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု ဒန်နီယဲလ်က ကြေညာချက်တွင် ရေးသားခဲ့သည်။

    ထိခိုက်ခံစားခဲ့ရသူများမှာ ထိုကဲ့သို့ ပယ်ချမှု ဖြစ်လာမည်ကို ရှောင်လွှဲရန်အတွက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သောကြောင့် အကျဉ်းကျခံနေရသည့် အလ်-ကိုင်းဒါးအဖွဲ့ဝင်ဟောင်း ဇာကာရီယက်စ် မူဆာအီ၏ ဖြောင့်ချက်ပေးမှု အပါအ၀င် စွပ်စွဲချက်အသစ်များဖြင့် တရားစွဲဆိုမှုအား ထပ်ဖြည့်ခဲ့ခြင်းဖြစ်သည်။

    ဒန်နီယဲလ်ကမူ တရားလိုများက ထိုကဲ့သို့ စွပ်စွဲချက်အသစ်များ ထပ်မံ ပေါင်းထည့်သော်လည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို အရပ်ဖက်၊ သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆို၍ မရဟူသော သတ်မှတ်ချက်ကို မကျော်နိုင်သောကြောင့် အချီးအနှီးသာ ဖြစ်သည်ဟု ဆိုသည်။

    ထိုစွဲချက်အတွက် ဆော်ဒီကို တရားရင်ဆိုင်သူအဖြစ်မှ ယခင်ကတည်း ပယ်ဖျက်ခဲ့သော်လည်း ဖက်ဒရယ် အယူခံခုံရုံးက ၂၀၁၃ ခုနှစ်တွင် ထိုအမှုအား ပြန်လည်အသက်ဝင်စေခဲ့ခြင်း ဖြစ်သည်။

    တရားလို ရှေ့နေအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အယူခံဆက်ဝင်သွားမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ရှေ့နေတစ်ဦးဖြစ်သူ စီယန်ကာတာရ်က ယခုကဲ့သို့ တရားရုံးက ပယ်ချမှုမှာ ၎င်းတို့အမှုအတွက် အထောက်အကူဖြစ်စေသော အထောက်အထားများကို လျှို့ဝှက်ထားရန် အမေရိကန်အစိုးရက ဆုံးဖြတ်ထားခြင်း၏ ရလဒ်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၉/၁၁ အဖြစ်အပျက်မှ ထိခိုက်ခံစားခဲ့ရသူများ၏ ဆွေမျိုးများက ဆော်ဒီအစိုးရမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် လေယာဉ်ပြန်ပေးသမားများကို အမေရိကန်တွင် နေထိုင်ခွင့်အပါအ၀င် အကူအညီများပေးခဲ့သည်ဟု စွပ်စွဲထားသည်။

    Ref: Aljazeera