News @ M-Media

Tag: US

  • ချီကာဂိုတွင် မိသားစုတစ်စု သေနတ်ပစ်ခံရ

    ချီကာဂိုတွင် မိသားစုတစ်စု သေနတ်ပစ်ခံရ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    chicago

    – အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမြို့တွင် သေနတ်ပစ်မှုတစ်ခု ယမန်နေ့ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    သေဆုံးသွားသူများမှာ ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အသက် ၁၁ လအရွယ် ကလေးငယ်တစ်ဦး၏ အဖွားဖြစ်ပြီး၊ ထိုကလေးငယ်နှင့်အတူ အခြား အမျိုးသားနှစ်ဦးမှာလည်း ဒဏ်ရာရခဲ့သည်။

    ၎င်းတို့မိသားစုမှာ အပျော်ခရီးမှ ပြန်လာပြီး ပါကင်ထိုးထားသောကားမှ မိသားစုလိုက် ထွက်လာစဉ် အမည်မသိသူများက ကားတစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ ခြေထောက်နှင့် တစ်ဦးမှာ ၀မ်းဗိုက်တို့အား သေနတ်မှန်ခဲ့ပြီး ကလေးငယ်မှာလည်း ပုံမှန်အနေအထား ရှိနေပြီဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    ချီကာဂိုတွင် သေနတ်ပစ်မှုမှာ ပုံမှန်လိုလို ဖြစ်ပွားနေပြီး ယမန်နှစ်က ယခုအချိန်နှင့် နှိုင်းယှဉ်ပါက သေနတ်ပစ်ခတ်မှုမှာ ၂၀ ရာခိုင်နှုန်း တိုးလာသည်ဟု ရာဇ၀တ်မှု မှတ်တမ်းများအရ သိရသည်။

    Ref: PressTV

  • ကုလညီလာခံတွင် အိုဘားမားနှင့် ပူတင်တို့ အပြန်အလှန် ပြစ်တင်ခဲ့ကြ

    ကုလညီလာခံတွင် အိုဘားမားနှင့် ပူတင်တို့ အပြန်အလှန် ပြစ်တင်ခဲ့ကြ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် တစ်ဦးနှင့်တစ်ဦး ပြစ်တင်ပြောဆိုခဲ့ကြပြီး ဆီးရီးယားစစ်ပွဲ ကိစ္စနှင့်ပတ်သက်၍မူ နှစ်ဦးစလုံးက ညှိနှိုင်းဆွေးနွေးလိုသည့် သဘောမျိုး ရှိနေသည်။

    ယမန်နေ့က ကုလသမဂ္ဂ ညီလာခံ ပထမဆုံးနေ့တွင် အိုဘားမားနှင့် ပူတင်တို့အပါအ၀င် ဘရာဇီးလ်၊ တရုတ်၊ အီရန်၊ ပြင်သစ်တို့မှ ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ အိုဘားမားကမူ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခြင်းက ရုရှားကို ပို၍ အထီးကျန်စေပြီး၊ ပို၍ ဆင်းရဲသွားစေကာ ရုရှားနိုင်ငံသားများကလည်း နိုင်ငံအား စွန့်ခွာသွားခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “ရုရှားဟာ စစ်မှန်တဲ့ သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်မယ်ဆိုရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ကြပါ”

    ပူတင်ကလည်း အမေရိကန်ဦးဆောင်ကာ အီရတ်သို့ ကျူကျော်သိမ်းပိုက်မှု၊ လစ်ဗျားတွင် အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် သူပုန်ထမှုတို့က ဒေသအတွင်း အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုနှင့် လူမှုရေး ဖြစ်ရပ်ဆိုးများ ဖြစ်စေကာ ဒုကက္ခသည်အမြောက်အများမှာလည်း ဥရောပသို့ စီးဆင်းလာကြသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားကိစ္စတွင်လည်း ပူတင်က အာဆတ်တပ်ဖွဲ့များမှာ IS နှင့် အခြားသော အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်နေပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိဟု ပြောဆိုခဲ့သည်။

    1. အိုဘားမားကမူ အာဆတ်နှုတ်ထွက်ရန် ပြတ်ပြတ်သားသား ပြောကြားခဲ့ခြင်းမရှိဘဲ၊ ၎င်း၏ အုပ်ချုပ်အောက်မှ ကင်းလွတ်ရေး အသွင်ကူးပြောင်းမည့် လုပ်ငန်းများကို လုပ်ဆောင်ရမည်ဟု အကြံပြုခဲ့သည်။

    Ref: Aljazeera

  • ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုစိတ်မထားရန် ပုပ်ရဟန်းမင်းကြီးက အမေရိကကို တိုက်တွန်း

    ပြောင်းရွှေ့အခြေချသူများအပေါ် ရန်လိုစိတ်မထားရန် ပုပ်ရဟန်းမင်းကြီးက အမေရိကကို တိုက်တွန်း

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    pope

    – အမေရိကန်နိုင်ရှိ စပိန်စကားပြောသူများနှင့် အခြားသော ပြောင်းရွှေ့အခြေချသူများကို မိမိအနေဖြင့် ထောက်ခံပြီး၊ ၎င်းတို့အပေါ် ရန်လိုမှုများကို လက်မခံဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။

    ဖီလာဒဲလ်ဖီးယားကို ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အမေရိကန်၏ အခြေခံ လွတ်လပ်မှုများကို အတည်ပြုခဲ့ပြီး ဗြိတိန်ထံမှ လွတ်လပ်ရေးကို ကြေငြာခဲ့သည့် ၁၈ ရာစု သမိုင်းဝင်အဆောက်အဦးဖြစ်သော လွတ်လပ်ရေးခန်းမ အပြင်ဘက်တွင် ယမနေ့က မိန့်ခွန်းပြောကြားစဉ် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    စပိန်စကားဖြင့် ပြောကြားသော ပုပ်ရဟန်းမင်းကြီး၏ အဆိုပါ မိန့်ခွန်းကို လူပေါင်း ၄၀၀၀၀ ကျော် လာရောက်နားထောင်ခဲ့ပြီး စပိန်စကားပြောသူများနှင့် ရွှေ့ပြောင်းအခြေချသူများစွာ တက်ရောက်ခဲ့ကြသည်။

    “ဘယ်လိုမျိုး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ခင်ဗျားတို့ ရင်ဆိုင်ရပါစေ၊ အားမလျော့ကြပါနဲ့” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပြီး အဆိုပါ ပြောင်းရွှေ့အခြေချသူများအပေါ် ဂရုဏာသက်မိသည်ဟုလည်း ဆိုသည်။

    ကမ္ဘာတစ်ဝှမ်း သန်းပေါင်း ၁၂၀၀ ပမာဏာရှိသော ခရစ်ယာန်ကက်သလစ်ဘာသာဝင်များ၏ အကြီးအကဲဖြစ်သူ ပုပ်ရဟန်းမင်းကြီးမှာ အမေရိကန်သို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး ကွန်ဂရက်၌ ကြာသာပတေးနေ့က ပြောကြားသော သမိုင်းဝင်မိန့်ခွန်းတွင် ပြောင်းရွှေ့အခြေချသူများအပေါ် “ရန်လိုသည့် စိတ်ဓာတ်များ” ထားရှိခြင်းမပြုရန် အမေရိကန်များကို တိုက်တွန်းခဲ့သည်။

    အမေရိကန်ရှိ နိုင်ငံရေးသမားအချို့မှာ စပိန်စကားပြောသူများနှင့် နိုင်ငံအတွင်းရှိ ပြောင်းရွှေ့ခြေချသူများအပေါ် စော်ကားဆန့်ကျင်သည့် စကားများကို မကြာသေးမီက ပေါ်ပေါ်ထင်ထင်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

    ပုပ်ရဟန်းမင်းကြီးက ပြောင်းရွှေ့ခြေချသူများမှာ နိုင်ငံအသစ်အတွက် လက်ဆောင်များစွာ ယူဆောင်လာသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကြောင့် ရှက်စရာမလိုပါဘူး။ ထပ်ပြောချင်တာက ခင်ဗျားတို့ရဲ့ ဘ၀အစိတ်အပိုင်း ဖြစ်နေတာတွေအတွက် မရှက်ရွံ့ပါနဲ့”

    ထို့ပြင် အမေရိကန်သမိုင်း၌ ၁၈၆၀ ပြည့်နှစ်များတွင် ကျွန်စနစ် အဆုံးသတ်မှု ပါဝင်ပြီး၊ လူမျိုးရေးခွဲခြားမှုနှင့် ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန် တစ်ဖြည်းဖြည်း ကြိုးပမ်းအားထုတ်ကာ ခေတ်သစ်အမေရိကန် မျိုးဆက်ကို ဦးတည်နိုင်ခဲ့သည်ဟု ပုပ်ရဟန်းမင်းကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမျှတသော လူ့အဖွဲ့အစည်းထူထောင်ရန် အမေရိကန်ကို ပုပ်ရဟန်းမင်း တိုက်တွန်း

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမျှတသော လူ့အဖွဲ့အစည်းထူထောင်ရန် အမေရိကန်ကို ပုပ်ရဟန်းမင်း တိုက်တွန်း

    စက်တင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    us

    – လူ့သမိုင်းတစ်လျှောက်တွင် အရေးပါဆုံးဖြစ်သည့် ယခုအချိန်တွင် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အမေရိကန်သမ္မတ အိုဘားမားအား တိုက်တွန်းပြောကြားလိုက်ပြီး အမေရိကန်များအနေဖြင့် စစ်မှန်သည့် သည်းခံမှုရှိကာ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းတစ်ခု ထူထောင်ရန်လည်း ဆော်သြခဲ့သည်။

    အမေရိကန်သို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီးအား ယမန်နေ့က အိမ်ဖြူတော်တွင် ကြိုဆိုသည့် အခမ်းအနား မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး လေထုညစ်ငြမ်းမှုကို လျှော့ချရေး သမ္မတအိုဘားမား၏ အားထုတ်မှုများကိုလည်း ချီးကျူးခဲ့သည်။

    ထိုအခမ်းအနားသို့ တက်ရောက်သူပေါင်း ၁၅၀၀၀ ခန့် ရှိခဲ့ပြီး သမ္မတအိုဘားမားက ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီးမှာ ၎င်း၏ မိန့်ခွန်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။

    အမေရိကန်၏ အကျော်ကြားဆုံး လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်းကို ပုပ်ရဟန်းမင်းကြီးက ချီးကျူးခဲ့သည်။ အရင်းရှင်ဝါဒ၏ အမြတ်ထုတ်မှုများကြောင့် ကမ္ဘာ့ဆင်းရဲသူ၊ ဆင်းရဲသားများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာရမှုအတွက် မကြာခဏ ဝေဖန်လေ့ရှိသည့် ပုပ်ရဟန်းမင်းကြီးမှာ ယခုနှစ်အတွင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ရာသီဥတု ပြောင်းလဲမှုအတွက် အလျင်အမြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

    ကြိုဆိုသည့် အခမ်းအနားပြီးနောက် အိုဘားမားနှင့် ပုပ်ရဟန်းမင်းကြီးတို့မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရာသီဥတုပြောင်းလဲမှုနှင့် ဆင်းရဲသားများအား ကာကွယ်ပေးရေးတို့ကဲ့သို့ ပြဿနာများတွင် ၎င်းတို့နှစ်ဦးမှာ တူညီသော သဘောထားများ ရှိသော်လည်း ကလေးဖျက်ချခွင့် အခွင့်အရေးနှင့် လိင်တူလက်ထပ်မှုများတွင်မူ ကွဲလွဲခဲ့ကြသည်။

    “အမေရိကန်က ကက်သလစ် ဘာသာဝင်တွေဟာ စစ်မှန်တဲ့၊ သည်းခံမှုရှိပြီး အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့၊ လူတစ်ဦးချင်းစီနဲ့ လူ့အဖွဲ့အစည်း တစ်ခုချင်းစီရဲ့ အခွင့်အရေးကို ရပ်တည်ကာကွယ်ပေးဖို့၊ ပြီးတော့ တရားမဲ့တဲ့ ခွဲခြားဆက်ဆံမှုတိုင်းကို ဆန့်ကျင်ဖို့ တာဝန်ရှိပါတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    အမေရိကန်တွင် ၆ ရက်တာ နေထိုင်မည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှာ ဖီလာဒဲလ်ဖီးယားပြည်နယ်သို့ သွားရောက်၍ ကက်သလစ်ဘာသာဝင်များနှင့် တွေ့ဆုံရန် ရှိနေသည်။

    Ref: Channelnewsasia

  • ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

    ဆီးရီးယားမှအပါအ၀င် နှစ်စဉ် ဒုက္ခသည် တစ်သောင်းခွဲကို အမေရိကန် ထပ်တိုးလက်ခံမည်

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    syria

    – အမေရိကန်မှာ ဒုက္ခသည်များအား လက်ခံမှုအရေအတွက်ကို လာမည့် ၂ နှစ်အတွင်း တစ်နှစ်လျှင် ၁၅၀၀၀ စီ တိုးမြှင့်လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်ရောက်ပါက တစ်နှစ်လျှင် စုစုပေါင်း တစ်သိန်းအထိ လက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်သည်။

    အမေရိကန်မှာ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်ပေါင်း ၇၀၀၀၀ ကို လက်ခံနေကြ ဖြစ်သော်လည်း လာမည့်နှစ်တွင် စုစုပေါင်း ၈၅၀၀၀ ကို လက်ခံသွားမည်ဟု ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များအကြောင်းကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဖရန့်က် ဝေါလ်တာ စတိုင်မီယာနှင့် ယမန်နေ့က ဆွေးနွေးမှုအတွင်း ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

    ထပ်တိုးခေါ်ယူမည့် ဒုက္ခသည်များတွင် အများစုမှာ ဆီးရီးယားမှ ဖြစ်ပြီး၊ ကျန်သူများမှာ ပဋိပက္ခများ ဖြစ်ပွားနေသော အာဖရိကနိုင်ငံများ ဖြစ်မည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကမူ မိမိတို့အနေဖြင့် လာမည့် တစ်နှစ်အတွင်း ဆီးရီးယားဒုက္ခသည် တစ်သောင်းခန့်ကို ခေါ်ယူမည်ဟု စောစောပိုင်းက ကြေငြာထားသည်။

    ဂျွန်ကယ်ရီက ထပ်တိုးခေါ်ယူမည့် ဒုက္ခသည် ၁၅၀၀၀ တွင် ဆီးရီးယားမှ အရေအတွက် မည်မျှ လက်ခံမည်ကို အတိအကျ ပြောကြားခဲ့ခြင်းမရှိချေ။ သို့သော်လည်း အမေရိကန်အနေဖြင့် ကူညီရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

    “ကွန်ဂရက်နဲ့ ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးပြီး အဲဒီ ဒုက္ခသည်တွေကို တိုးမြှင့်လက်ခံဖို့ နည်းလမ်းတွေကို ရှာဖွေသွားမှာဖြစ်ပြီး လုံခြုံရေးကိုလည်း တောင့်တင်းအောင် ဆောင်ရွက်သွားမှာပါ။ လိုအပ်ချက်က ကြီးမားတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဂျွန်ကယ်ရီက စတိုင်မီယာနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် နိုင်ငံရေးအရ အဖြေရရန် ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်စတင်ရေး ယခုသီတင်းပတ်တွင် နယူးယောက်၌ ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သီးသန့် ဆွေးနွေးသွားမည်ဟု ဂျွန်ကယ်ရီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera