News @ M-Media

Tag: US

  • ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေငြာထားရ

    ကယ်လီဖိုးနီးယားတွင် တောမီးကြောင့် အရေးပေါ်အခြေအနေ ကြေငြာထားရ

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    us

    – တောမီးလောင်မှု မြင့်တက်လာသောကြောင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းဒေသများကို အရေးပေါ်အခြေအနေ ကြေငြာလိုက်သည်ဟု သိရသည်။

    အဆိုပါ တောမီးကြောင့် မီးသတ်သမား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး လူပေါင်း ၃၀၀၀ ခန့်ကို အရေးပေါ် ပြောင်းရွှေ့ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရကာ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက ယမန်နေ့တွင် ယခုကဲ့သို့ အရေပေါ်အခြေအနေ ကြေငြာခဲ့ခြင်းဖြစ်သည်။

    ဒဏ်ရာရရှိသော မီးသတ်သမားများမှာ ဒုတိယအဆင့် မီးလောင်ကျွမ်းဒဏ်ရာများဖြင့် ဆေးရုံတင်ထားရသည်။ တောမီးလောင်မှုမှာ ယမန်နေ့က ဆန်ဖရန်စစ္စကို မြောက်ပိုင်း လိခ်ကောင်တီခရိုင်ကိုပါ ကူးစက်ခဲ့ပြီး အိမ်ယာ ၄၀ ခန့်မှာ လုံးဝ မီးလောင်ကျွမ်းသွားခဲ့သည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။

    ပြည်နယ်အာဏာပိုင်များက မီးလောင်မှုကြောင့် အနည်းဆုံး လူပေါင်း ၅၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်ဟု ပြောကြားခဲ့ပြီး၊ နေထိုင်သူအများစုကလည်း ၎င်းတို့မှာ ရေမရရှိဟု ဆိုသည်။ သို့သော်လည်း မီးသပ်တပ်ဖွဲ့ တာဝန်ရှိသူများကမူ မီးလောင်ကျွမ်းသွားသည့် အဆောက်အဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

    ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းသည့်နေရာမှာ ၁၃ နေရာ ရှိနေပြီး တနင်္ဂနွေနေ့အထိ မီးသတ်တပ်ဖွဲ့က ၂၀ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်သည်။

    Ref: Aljazeera

  • တရုတ်နိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုမှာ လက်ခံနိုင်စရာမဟုတ်ဟု အိုဘားမားပြော

    တရုတ်နိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုမှာ လက်ခံနိုင်စရာမဟုတ်ဟု အိုဘားမားပြော

    စက်တင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    – တရုတ်နိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုများမှာ လက်ခံနိုင်စရာမဟုတ်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေး ပြောကြားလိုက်ပြီး တရုတ်သမ္မတ ဇီကျင်ပင်း အိမ်ဖြူတော်သို့ လာရောက် လည်ပတ်သည့်အချိန်တွင်လည်း ထိုကိစ္စကို ပြောကြားသွားမည်ဟု ဆိုသည်။

    ယမန်နေ့က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှု အရှိန်မြင့်လာခြင်းကို တားဆီးရန်အတွက် နိုင်ငံတော်တာဝန်ရှိသူများက စည်းမျဉ်းစည်းကမ်းများကို သဘောတူညီရမည်ဟု အိုဘာမားက ထည့်သွင်းပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုဟာ အမျိုးသားလုံခြုံရေးကို အဓိကခြိမ်းခြောက်မှုလို့ ကျွန်တော်တို့ယူဆတဲ့ အခြေနေမျိုးကို ရောက်လာပါပြီ။ အဲဒီအခြေအနေအတိုင်း တုန့်ပြန်သွားမှာပါပဲ။ တရုတ်နိုင်ငံသားတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်းပြောခဲ့တာက သူတို့ပါဝင်နေတဲ့ လုပ်ရပ်တွေလို့ ကျွန်တော်တို့ သိတာတွေဟာ တရုတ်နိုင်ငံကနေပြီး စလာတာပါ။ ပြီးတော့ ဒါဟာ လက်မခံနိုင်စရာပါပဲ” ဟု အိုဘားမားက ပြောကြားခဲ့သည်။

    အမေရိကန်ကုမ္ပဏီများနှင့် အမေရိကန်အစိုးရ၏ ကွန်ပျူတာစနစ်များအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများမှာ ယခုနှစ်များအတွင်း ပိုမို မြင့်တက်လာခဲ့ပြီး၊ အမေရိကန်က ထိုတိုက်ခိုက်မှုများအတွက် တရုတ်နိုင်ငံကို အပြစ်တင်ထားသည်။ အစိုးရတာဝန်ရှိသူများကမူ တရုတ်ကုမ္ပဏီများနှင့် အချို့သူများမှာ ထိုတိုက်ခိုက်မှုအတွက် ပိတ်ဆို့မှုကို ခံရနိုင်သည်ဟု ပြောကြားမှုများလည်း ရှိခဲ့သည်။

    အမေရိကန် အစိုးရ၀န်ထမ်းများ၏ အချက်အလက်များကို သိမ်းဆည်းထားသည့် ကွန်ပျူတာစနစ် တိုက်ခိုက်ခံရမှုတွင် ထိပ်တန်းတာဝန်ရှိသူများအပါအ၀င် ၀န်ထမ်း သန်းပေါင်းများစွာ၏ အချက်အလက်များ ဖောက်ထွင်းယူဆောင်ခြင်း ခံခဲ့ရသည်။

    အမေရိကန် ထောက်လှမ်းရေးကလည်း တရုတ်နိုင်ငံမှ အချက်အလက်များကို ရရှိရန် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီမှ ၀န်ထမ်းဟောင်း အပ်ဒ၀ပ်စနိုးဒင်၏ ဖော်ထုတ်မှုများအရ သိရသည်။

    Ref: Alarabiya

  • လက်စ်ဗီးဂက်စ်တွင် ဗြိတိန် ခရီးသည်တင်လေယာဉ်တစ်စီး မီးလောင်

    လက်စ်ဗီးဂက်စ်တွင် ဗြိတိန် ခရီးသည်တင်လေယာဉ်တစ်စီး မီးလောင်

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media

    – ဗြိတိသျှလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ယမန်နေ့က အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရှိ မက်ကာရန် လေဆိပ်တွင် မီးလောင်ကျွမ်းခဲ့ပြီး ခရီးသည် ၁၄ ဦးခန့် ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါလေယာဉ်မှာ ဘိုးအင်း ၇၇၇ လေယာဉ်ဖြစ်ပြီး၊ ခရီးသည် ၁၅၉ ဦးနှင့် လေယာဉ်အမှုထမ်း ၁၃ ဦးတို့ လိုက်ပါလာကာ ဒေသစံတော်ချိန် ညနေ ၄ နာရီကျော်ခန့်၌ လန်ဒန်သို့ ပျံသန်းရန် ဆောင်ရွက်နေစဉ် ပြေးလမ်းမပေါ်၌ ဘယ်ဘက်အင်ဂျင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

    ကလာ့က်ကောင်တီ မီးသတ်ဌာနမှ ဒုတိယအကြီးအကဲ ဂျွန်ကလာဆန်ကမူ ဒဏ်ရာရသူများမှာ လေယာဉ်ပေါ်မှ အရေးပေါ် လေထိုးလျှောဖြင့် ဆင်းစဉ် ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဒဏ်ရာရရှိသူများတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ခရီးသည် ဂျေး ဂျန်နင်းကမူ လေယာဉ်ပျံသန်းရန် အဆင်သင့်ဖြစ်နေစဉ် ခပ်အုပ်အုပ်အသံတစ်ခု ကြားသောကြောင့် ပြတင်းပါက်ဖွင့်၍ ကြည့်ရှုခဲ့ရာ အင်ဂျင်မီးလောင်နေသည်ကို တွေ့ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် လေယာဉ်မှူးက အရေးပေါ်အခြေအနေဖြစ်နေ၍ ခရီးသည်များအား ကယ်ထုတ်ရမည်ဟု စကားပြောစက်မှတစ်ဆင့် ပြောကြားခဲ့ပြီး လေယာဉ်အမှုထမ်းများက ခရီးသည်များအား ဘေးလွတ်ရာသို့ ရောက်ရှိရန် ညွှန်ကြားနိုင်ခဲ့သည်ဟု ဆိုသည်။

    ထိုအဖြစ်အပျက်အတွက် ဘိုးအင်းကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လက်စ်ဗီးဂက်စ်ရှိ မက်ကာရန်လေဆိပ်တွင် ဖြစ်ပျက်ခဲ့သော ထိုအဖြစ်အပျက်ကို မိမိတို့က သိရှိပြီး သတင်းအချက်အလက်များ ပိုမိုစုဆောင်းရန် အဖွဲ့တစ်ခုကို စေလွှတ်ထားကြောင်း ဖော်ပြခဲ့သည်။

    Ref: CNN

  • ISNA ညီလာခံတွင် သစ်လွင်မွတ်စလင်များက အတွေ့အကြုံ မျှဝေခဲ့ကြ

    ISNA ညီလာခံတွင် သစ်လွင်မွတ်စလင်များက အတွေ့အကြုံ မျှဝေခဲ့ကြ

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    isna

    – မြောက်အမေရိက၏ အကြီးဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်သော ISNA ၏ ချီကာဂိုမြို့တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် ညီလာခံတွင် သစ်လွင်မွတ်စလင်များက ၎င်းတို့၏ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ခဲ့သည့်အကြောင်းကို မျှဝေခဲ့ကြသည်။

    “ကျွန်မဟာ ရိုမန်ကက်သလစ်အဖြစ် မွေးဖွားကြီးပြင်းခဲ့တာပါ။ အဲဒီလူ့အဖွဲ့အစည်းဟာ ကျွန်မအပေါ်မှာ ကျေးဇူးအများကြီး ရှိပါတယ်။ ကျွန်မကို သွန်သင်ပေးတဲ့ သီလရှင်တွေဟာ လူမှု တရားမျှတရေးနဲ့ တက်ကြွလှုပ်ရှားမှုတွေမှာ စိတ်အားထက်သန်သူပါ။ အသင်းတော်နဲ့ ကျွန်မရဲ့ ပြဿနာက ကက်သလစ် သဘောတရားရေးရာတွေပါပဲ” ဟု ISNA ၏ ဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဒေါက်တာ အင်ဂရစ်
    မတ်ဆန်က ၎င်း၏ အစ္စလာမ်သို့ သက်ဝင်ယုံကြည်မှုအကြောင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

    ထို့ပြင် ပဲရစ်၌ ဆီနီဂေါကျောင်းသားများနှင့် တွေ့ဆုံပြီးနောက် အစ္စလာမ်နှင့် ထိတွေ့ခဲ့မှုကိုလည်း ဒေါက်တာ မတ်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။

    “တက္ကသိုလ်နောက်ဆုံးနှစ်မှာ ကျွန်မ ပဲရစ်ကို လေ့လာဖို့ သွားခဲ့တယ်။ အဲဒီမှာ ဆီနီဂေါတစ်ချို့နဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ ဒီလို သိကျွမ်းခြင်းကပဲ ကုရ်အာန်ကျမ်းတော်မြတ်နဲ့ အစ္စလာမ်အကြောင်း စလေ့လာဖြစ်ခဲ့တာပါ။ အဲဒီ ဆီနီဂေါသူငယ်ချင်းတွေဟာ ကျွန်မအတွက်တော့ မွတ်စလင်ဆိုတာရဲ့ အကောင်းဆုံး ပြယုဂ်ပါပဲ။ သူတို့ရဲ့ ကိုယ်ကျင့်သိက္ခာ၊ သူတို့ရဲ့ ရက်ရောမှုနဲ့ သူတို့ရဲ့ လိုက်လျောညီထွေ ရှိမှုတွေပေါ့။ ဒါတွေက ကျွန်မရဲ့ ဘ၀မှာ မှတ်ကျောက်ဖြစ်ခဲ့ပါတယ်” ဟု သူမက ဆိုသည်။

    အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ပြီးနောက် ဖြစ်လာသည့် မလုံခြုံဟု ခံစားရမှုနှင့် သံသယများ၊ သစ်လွင်မွတ်စလင်များ ကြုံတွေ့ရလေ့ရှိသော မွတ်စလင်လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်ခံရမှုများ အကြောင်းကိုလည်း သူမက ပြောကြားခဲ့သည်။

    ဒေါက်တာ မတ်ဆန်အပြင် အခြားသော သစ်လွင်မွတ်စလင်များကလည်း ၎င်းတို့၏ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လာမှု အကြောင်းနှင့် တွေ့ကြုံခံစားရမှုများအကြောင်းကို မျှဝေခဲ့ကြသည်။

    ISNA ၏ နှစ်ပတ်လည် ညီလာခံကို စက်တင်ဘာ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ၄ ရက်တာကျင်းခဲ့သည်။ ခေါင်းစဉ်မှာ Stories of Resilience: Strengthening the American Muslim Narrative ဖြစ်ပြီး အမေရိကန်မွတ်စလင်များ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအကြောင်း၊ ထိုစိန်ခေါ်မှုများကို မည်ကဲ့သို့ ဖြေရှင်းရမည်ဆိုသည်နှင့် ပတ်သက်၍ ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

    ထိုပြင် အခြားကဏ္ဍအများအပြား ပါဝင်ခဲ့ကာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွင်း အမေ့ခံသူရဲကောင်းများ အကြောင်း ဖော်ပြမှုလည်း ပါဝင်သည်။ ISNA မှာ မြောက်အမေရိကတွင် အကြီဆုံး မွတ်စလင်အဖွဲ့အစည်းဖြစ်ကာ ပရဟိတလုပ်ငန်များကိုလည်း ဦးဆောင် ပြုလုပ်နေသည်။

    Ref: Onislam

  • နီပေါငလျင် ကူညီရေး သွားသည့် အမေရိကန်အမျိုးသမီးတစ်ဦး အသတ်ခံရ

    နီပေါငလျင် ကူညီရေး သွားသည့် အမေရိကန်အမျိုးသမီးတစ်ဦး အသတ်ခံရ

    စက်တင်ဘာ ၇၊ ၂၀၁၅
    M-Media

    nepal

    – နီပေါငလျင်ကြောင့် အတိဒုက္ခရောက်နေသူများအား ကူညီရန် သွားရောက်ခဲ့သည့် အမေရိကန်အမျိုးသမီးတစ်ဦးမှာ ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု နီပေါ ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    သေဆုံးသွားသည့် အမေရိကန်အမျိုးသမီးမှာ အသက် ၂၅ နှစ်အရွယ် ဒဟ်လီယာ ယီဟီယာဆိုသူဖြစ်ပြီး ငလျင်ဒဏ် ခံစားခဲ့ရသူများကို ကူညီရန် ဇူလိုင် ၂၀ ရက်နေ့တွင် ပိုခါရာဒေသသို့ ရောက်ရှိခဲ့သည်။ ထိုဒေသတွင်ပင် နာရာယန် ပူဒဲလ်ဟုခေါ်သည့် ကျောင်းဆရာတစ်ဦးက ယီဟီယာအား ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ခရိုင်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ပူဒဲလ်မှာ ယီဟီယာအား သတ်ဖြတ်ကာ အိတ်ထဲသို့ထည့်၍ မြစ်ထဲတွင် မျှောချခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ သတ်ဖြတ်သည့်အကြောင်းအရင်းကို မသိရှိရသေးဘဲ၊ အလောင်းကိုလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

    ယီဟီယာနှင့် ပူဒဲလ်တို့မှာ ခရီးသွားများနှင့် ဒေသခံများကို ချိတ်ဆက်ပေးသော Couchsurfiig ၀ဘ်ဆိုက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ပူဒဲလ်မှာ သြဂုတ်လ ၄ ရက်နေ့က ထိုလူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

    ယီဟီယာ၏ မိသားစုများနှင့် သူငယ်ချင်းများမှာ ၎င်းအတွက် စိုးရိမ်၍ နီပေါရှိ အမေရိကန်သံရုံးကို ဆက်သွယ်ခဲ့ကြသည်။ ဒေသခံအာဏာပိုင်များကမူ ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    ဧပြီ ၂၅ ရက်နေ့က ခတ္တာမန်ဒူမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော နီပေါငလျင်ကြောင့် လူပေါင်း ၈ ထောင်ကျော် သေဆုံးခဲ့ပြီ၊ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: CNN