News @ M-Media
Tag: US
  • IS အကြောင်းပြ၍ အမေရိကန်စစ်တပ်များ အီရတ်သို့ ပြန်ရောက်လာနိုင်
    IS အကြောင်းပြ၍ အမေရိကန်စစ်တပ်များ အီရတ်သို့ ပြန်ရောက်လာနိုင်
    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media
    us
    – IS အဖွဲ့ကို ချေမှုန်းရန်အတွက် အမေရိကန်မှာ အီရတ်သို့ စစ်သားများစေလွှတ်ရန် စဉ်စားနေပြီး အချိန်ကျသည့်အခါ ထိုကိစ္စအား သမ္မတ ဘာရက်အိုဘားမားထံသို့ တင်သွင်းသွားမည်ဟု အငြိမ်းစား အမေရိကန် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရေး အိုဒီယာနိုက ပြောကြားလိုက်သည်။
    “(အီရတ်စစ်တပ်နဲ့) စစ်သားအချို့ကို ပေါင်းပေးဖို့ ကျွန်တော်တို့ အသေအချာကို စဉ်းစားကောင်းစဉ်းစားမှာပါ။ ပြီးတော့ ထူးခြားမှုရှိလားဆိုတာကို ကြည့်ရမှာပေါ့” ဟု ဗိုလ်ချုပ် ရေး အိုဒီယာနိုက ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ နောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်တပ်တွင် နှစ်ပေါင်း ၄၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့တွင် အနားယူသွားခဲ့သည်။
    အီရတ်စစ်ပွဲတစ်လျှောက်လုံးနီးပါးတွင် အိုဒီယာနိုမှာ အမေရိကန်တပ်ဖွဲ့များအား ညွှန်ကြားခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အီရတ်တွင် ထိပ်တန်းတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ အီရတ်သို့ ထပ်မံသွားရောက်ရန်မှာ တိုက်ခိုက်ရေးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အီရတ်စစ်တပ်များအား အားပေးကူညီရန်နှင့် ၎င်းတို့နှင့်အတူ ရွေ့လျားရန်ဖြစ်သည်ဟု အိုဒီယာနိုက ထည့်သွင်းပြောကြားခဲ့သည်။
    “(အမေရိကန်စစ်သားတွေ အီရတ်ကိုလွှတ်တာဟာ) ရွေးချယ်မှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အချိန်ကျရင် (သမ္မတအိုဘားမားဆီကို) ကျွန်တော်တို့ တင်သွင်းသွားမှာပါ”
    အမေရိကန်မှာ ဆက်ဒမ်ဟူစိန်အစိုးရတွင် ဖျက်အားပြင်းလက်နက်များရှိသည်ဟု အကြောင်းပြကာ အီရတ်နိုင်ငံသို့ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး၊ မည်သည့်ဖျက်အားပြင်းလက်နက်မှလည်း တွေ့ရှိခဲ့ခြင်း မရှိချေ။ ထို့နောက်ပိုင်းတွင် အီရတ်နိုင်ငံမှာ တည်ငြိမ်မှုပျက်ပြားခဲ့ပြီး အကြမ်းဖက် IS အဖွဲ့လည်း ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် IS အဖွဲ့မှာ နိုင်ငံ၏ ၃ ပုံ ၁ ပုံကို သိမ်းပိုက်ထားသည်။
    Ref: RT
  • မိုက်ကယ်ဘရောင်းနှစ်ပတ်လည်တွင် ဆန္ဒပြသူများ အပစ်ခံရ
    မိုက်ကယ်ဘရောင်းနှစ်ပတ်လည်တွင် ဆန္ဒပြသူများ အပစ်ခံရ
    သြဂုတ် ၁၀၊ ၂၀၁၅
    M-Media
    us
    – လက်နက်မဲ့ လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က ပစ်သတ်မှု တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု မစ်ဇူရီပြည်နယ်တွင် ပြုလုပ်သော ဆန္ဒပြမှုအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် လူ ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
    ဖာဂူဆန်မြို့ရှိ အခင်းဖြစ်ပွားခဲ့သော နေရာတွင် ဆန္ဒပြသူများက စုပြုံပိတ်ဆို့ကာ လမ်းတစ်လျှောက်ရှိ ပြတင်းပေါက်များအား ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး အဆိုပါလူအုပ်ကြီးအား ရဲတပ်ဖွဲ့က လူစုခွဲရန် ကြိုးစားစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    မိုက်ကယ်ဘရောင်းကွယ်လွန်မှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သည့် အဆိုပါ ဆန္ဒပြပွဲကို ယမန်နေ့က ၀မ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်တာ ငြိမ်သက်ပြီးနောက် ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်ခြင်းဖြင် စတင်ခဲ့ခြင်းဖြစ်သည်။
    နောက်ပိုင်းတွင် ဆန္ဒပြသူများမှာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး စိန့်လူးဝစ်ကောင်တီ ရဲတပ်ဖွဲ့က ထုတ်ပြန်သောကြေညာချက်၌ ၎င်းတို့မှာ အဆိုပါ လူအုပ်စုကြီးအား ဖြိုခွဲရန်အတွက် အမျိုးသားတစ်ဦးအား ဖမ်းဆီးရန်ကြိုးစားစဉ် ၎င်းက စတင်ပစ်ခတ်မှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    သေနတ်ဖြင့် ပစ်ခတ်ခံရသော အဆိုပါအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။
    ရဲတပ်ဖွဲ့မှာ အချက်များစွာ ပစ်ခတ်ခဲ့ပြီး အစောပိုင်းက လူ ၂ ဦး ဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ကာ ဒဏ်ရာရရှိသူမှာ တစ်ဦးတည်းသာဖြစ်သည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref: Aljazeera
  • တောင်တရုတ်ပင်လယ်အတွင်း ကန့်သတ်မှုကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော
    တောင်တရုတ်ပင်လယ်အတွင်း ကန့်သတ်မှုကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော
    သြဂုတ် ၇၊ ၂၀၁၅
    M-Media
    us
    – ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းတုများ ဖန်တီးနေမှုအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နိုင်ငံအား သတိပေးလိုက်ပြီး ထိုပင်လယ်အတွင်း မည်သည့်ကန့်သတ်မှုကိုမှ အမေရိကန်က လက်ခံမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သော အရှေ့တောင်အာရှနိုင်ငံများ ဒေသတွင်း ဖိုရမ်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ကျွန်းတုများဆောက်လုပ်ခြင်းဖြင့် ဒေသတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် လေယာဉ်ပျံသန်းမှုတို့အား တရုတ်နိုင်ငံက နှောက်ယှက်လိမ့်မည်ဟု ဆိုသည်။
    “လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ လေကြောင်းပျံသန်းခွင့်တို့ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေရဲ့ အရေးပါတဲ့ မဏ္ဍိုင်တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလွတ်လပ်ခွင့်ကို လေးစားတယ်ဆိုတဲ့ အာမခံချက်တွေ ရှိနေပေမယ့် ပြီးခဲ့တဲ့လတွေအတွင်းမှာ သတိပေးခံရတာတွေ၊ ကန့်သတ်ဖို့ကြိုးစားတာတွေကို တွေ့ခဲ့ရပါတယ်။ ရှင်းရှင်းပြောရရင် ရေကြောင်းသွားလာမှုနဲ့ လေကြောင်းပျံသန်းခွင့်ကို ကန့်သတ်တာ၊ ပင်လယ်ပြင်ကို အခြားသော ဘောင်ဝင်တဲ့ပုံစံနဲ့ အသုံးပြုတာတွေကို ကန့်သတ်တာမျိုးတွေကို
    အမေရိကန်က လက်ခံမှာ မဟုတ်ပါဘူး” ဟု ကယ်ရီက ၎င်း၏ မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
    တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်နက်များအား ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်၊ ဖိလစ်ပိုင်နှင့် အခြား လေးနိုင်ငံက ဆယ်စုနှစ်များစွာကြာ အငြင်းပွားနေကြပြီး၊ စပရက်တလေကျွန်းစုတွင် တရုတ်က ကျွန်းတုများ ဖန်တီးနေကာ စိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။
    အမေရိကန်ကမူ တရုတ်၏ ထိုလုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေနှင့် စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။
    ကယ်ရီမှာ ဗုဒ္ဓဟူးနေ့ကလည်း အဆိုပါဖိုရမ်သို့ တက်ရောက်လာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်၏ စိုးမိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စစ်ရိပ်စစ်ငွေ့ပါသည့် လုပ်ဆောင်မှုများကြောင့် တင်းမာမှုများ မြင့်တက်လာသည်ကို အမေရိကန်က စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ပြဿနာဖြစ်စေမည့် ကိစ္စရပ်များကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
    Ref: PressTV
  • အီရန်နျူသဘောတူညီချက်အား ပယ်ချပါက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်လာမည်ဟု အိုဘားမားသတိပေး
    အီရန်နျူသဘောတူညီချက်အား ပယ်ချပါက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲဖြစ်လာမည်ဟု အိုဘားမားသတိပေး
    သြဂုတ် ၆၊ ၂၀၁၅
    M-Media
    obama
    – အီရန်နျူသဘောတူညီချက်အား အထက်လွှတ်တော်က ပယ်ချယ်ပါက အရှေ့အလယ်ပိုင်းတွင် စစ်ပွဲတစ်ခု ဖြစ်လာနိုင်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သတိပေးပြောကြားလိုက်သည်။
    ရီပက်ဘလစ်ကန်ဦးဆောင်သည့် အထက်လွှတ်တော်အနေဖြင့် အဆိုပါ သမိုင်းဝင်သဘောတူညီချက်အား ပယ်ချရေး တိုက်တွန်းရန် အမေရိကန်ဂျူးများကို လှုံ့ဆော်သည့် လှုပ်ရှားမှုကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် စတင်ခဲ့ပြီးနောက် ၀ါရှင်တန်ရှိ တက္ကသိုလ်တစ်ခုတွင် ပြုလုပ်သော မိန့်ခွန်း၌ အိုဘားမားက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “ဒါဟာ အင်မတန်ကောင်းတဲ့ သဘောတူညီချက်ပါ။ အစ္စရေးအစိုးရကလွဲလို့ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းဟာ ဒါကို ထောက်ခံခဲ့ကြပါတယ်။ ၀န်ကြီးချုပ်နေတန်ယာဟုရဲ့ တော်တော်လေး သဘောမတူညီမှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ သူ့ရဲ့ ရိုးသားမှုကို ကျွန်တော် သံသယမရှိပါဘူး။ ဒါပေမယ့် သူ မှားနေတယ်လို့တော့ ကျွန်တော်ယုံကြည်ပါတယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။
    အဆိုပါ သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ပေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ်ပြုလုပ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကိုလည်း အနောက်နိုင်ငံများက ဖယ်ရှားပေးရမည်ဖြစ်သည်။
    အိုဘားမားကမူ ဇူလိုင် ၁၄ ရက်နေ့က ရရှိခဲ့သော ထိုသဘောတူညီချက်အား ပယ်ချပါက အီရန်၏ နျူဗုံးဆီသို့သွားရာလမ်းကြောင်းမှာ အရှိန်မြင့်လာမည်ဖြစ်ပြီး၊ အီရန်အပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဟုသည့် အချက်များကို လိုက်နာရန် ငြင်းဆိုပါကလည်း ကမ္ဘာတစ်ဝှမ်းတွင် အမေရိကန်အပေါ် ယုံကြည်မှုမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ထိုသဘောတူညီချက်မှာ ခက်ခက်ခဲခဲဖြင့် ရရှိခဲ့သည့် သံတမန်ရေး ဖြေရှင်းချက်ဖြစ်ပြီး တစ်ကမ္ဘာလုံးနီးနီးက တစ်ညီတစ်ညွတ်တည်း ထောက်ခံထားသော အဆိုပါသဘောတူညီချက်ကို ပယ်ချပါက အခြားရွေးချယ်စရာ စစ်ရေးအရေးယူမှုမှာ နောက်ထပ် အထိနာစရာဖြစ်မည်ဟုလည်း အိုဘားမားက ဆိုသည်။
    “အီရတ်စစ်ပွဲကို လက်မခံကြတဲ့ လူတွေတော်တော်များများကပဲ အီရန် နျူသဘောတူညီချက်ကို ဆန့်ကျင်နေကြပါတယ်” ဟု အိုဘားမားကဆိုပြီး အီရန်၏ ကာကွယ်ရေး အသုံးစားရိတ်မှာ အမေရိကန်ပင်လယ်ကွေ့နိုင်ငံများ၏ ကာကွယ်ရေးအသုံးစာရိတ်များထက် ၈ ဆ နည်းပါးသည်ဟုလည်း ထောက်ပြခဲ့သည်။
    Ref: Aljazeera
  • အသံထက်မြန်သည့် F35 တိုက်လေယာဉ် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်ပြီဟု အမေရိကန်ကြေညာ
    အသံထက်မြန်သည့် F35 တိုက်လေယာဉ် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်ပြီဟု အမေရိကန်ကြေညာ
    သြဂုတ် ၁၊ ၂၀၁၅
    M-Media
    jet
    – မကြာခဏ ပြဿနာများနှင့် ရင်ဆိုင်နေရသည့် F35B တိုက်လေယာဉ်များထဲမှ ၁၀ စင်းမှာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်ဟု အမေရိကန်မရိန်းတပ်ဖွဲ့မှ ပြောကြားလိုက်သည်။
    အဆိုပါ တိုက်လေယာဉ်များမှာ မရိန်းတပ်ဖွဲ့၏ ကိုယ်ပိုင် တိုက်လေယာဉ်များဖြစ်ပြီး စစ်သင်္ဘောနှင့် လေယာဉ်တင်သင်္ဘောများမှ ပျံတက်နိုင်ကာ ရဟတ်ယာဉ်ကဲ့သို့ ဆင်းသက်နိုင်သည့် လေယာဉ်မျိုး ဖြစ်သည်။
    ထိုလေယာဉ်များ အဆင်သင့်ဖြစ်ကြောင်းကို ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန အကြီးဆုံး လက်နက်အစီအစဉ်အတွက် အဓိက သမိုင်းမှတ်တိုင်လည်း ဖြစ်သည်ဟု ပင်တဂွန်က ပြောကြားခဲ့သည်။ ထိုအစီအစဉ်အတွက် ကန်ဒေါ်လာ ဘီလီယံ ၄၀၀ နီးပါး ကုန်ကျခဲ့ပြီး လွန်ခဲ့သည့် ၁၅ နှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
    ထို့ပြင် အသံထက်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည့် F-35 ၏ ကနဦး စစ်ဆင်နိုင်စွမ်းရှိသော ပထမဆုံး စစ်ဘက်ဌာနခွဲအဖြစ် မရိန်းတပ်ဖွဲ့က ကြေညာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မရိန်းတပ်ဖွဲ့မှာ F-35 တိုက်လေယာဉ်များ၏ B မော်ဒယ်နှင့် C မော်ဒယ် စုစုပေါင်း အစင်း ၄၂၀ ကို ၀ယ်ယူရန်လည်း စီစဉ်ထားသည်။
    ပထမဆုံး F-35B လေယာဉ်အုပ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီတွင် ဂျပန်နိုင်ငံ အီဝါကူနီသို့ စေလွှတ်ရန် မရိန်းတပ်ဖွဲ့က စီစဉ်ထားသည်။ သို့သော်လည်း အဆိုပါ တိုက်လေယာဉ်များမှာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ဖြစ်ပွားသော ပြဿနာများကို တုန့်ပြန်နိုင်သည်ဟု မရိန်းတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။
    လွန်ခဲ့သည့် နှစ်များအတွင်း အဆိုပါ တိုက်လေယာဉ်များမှာ ပြန်လည်ပြင်ဆင်မှုနှင့် နှောင့်နှေးမှု မြောက်များစွာ ရှိခဲ့သည်။
    Ref: RT