News @ M-Media

Tag: US

  • အမေရိကန်တွင် စိတ်ဝေဒနာသည် အကျဉ်းသားကို သတ်ဖြတ်သည့် ထောင်ဝန်ထမ်းများကို ဖမ်းဆီး

    အမေရိကန်တွင် စိတ်ဝေဒနာသည် အကျဉ်းသားကို သတ်ဖြတ်သည့် ထောင်ဝန်ထမ်းများကို ဖမ်းဆီး

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    us

    – စိတ်ဝေဒနာခံစားနေရသည့် အကျဉ်းသားတစ်ယောက်ကို လုပ်ပိုင်ခွင့်သုံး၍ သတ်ဖြတ်ခဲ့သည့်အမှုဖြင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာကောင်တီမှ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးကို ဖမ်းဆီးလိုက်သည်ဟု ကောင်တီ အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

    အဆိုပါအကျဉ်းသားမှာ ပြင်းထန်သည့်ဒဏ်ရာ အများပြားနှင့် ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကောင်တီအုပ်ချုပ်ရေးမှူး လော်ရီစမစ်ကမူ မိမိခံစားရသည့် စိတ်ပျက်မှုနှင့် စက်ဆုပ်မှုတို့မှာ ဖော်ပြ၍ပင်မရဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထောင်ဝန်ထမ်းများမှာ ကာကွယ်ရန် အပ်နှံခြင်းခံခဲ့ရသည့် လက်နက်မဲ့သူတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဖမ်းဆီးခံခဲ့ရသည့် ထောင်အရာရှိများမှာ အသက် ၂၇ နှစ်အရွယ် ရာဖေးလ် ရော်ဒရီဂက်စ်၊ အသက် ၂၈ နှစ်အရွယ် ဂျီရီ လူဘရင်နှင့် အသက် ၂၇ နှစ်အရွယ် မက်သယူး ဖာရစ်တို့ ဖြစ်ကြပြီး လူသတ်မှု၊ တာဝန်ကိုအသုံးချ၍ လက်ရောက်ကျူးလွန်မှုနှင့် လုပ်ကြံပြောဆိုမှုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရကာ အာမခံ မပေးခဲ့ပေ။

    သေဆုံးသွားသူ အကျဉ်းသားမှာ အသက် ၃၁ နှစ်အရွယ် မိုက်ကယ် ဂျိမ်းစ် တိုင်ရီဆိုသူဖြစ်ပြီး၊ ဆန်တာကလာရာကောင်တီ၏ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူ ဒေါက်တာ ဂျိုးဆက်ပ် အိုဟာရာကမူ တိုင်ရီ၏ သေဆုံးမှုမှာ လူသတ်မှုဖြစ်ပြီး ၎င်း ရရှိခဲ့သောဒဏ်ရာများမှာ အခြာလူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တိုင်ရီကို ၎င်း၏ အကျဉ်းခန်းထဲတွင် ကြာသာပတေးနေ့မနက်၌ သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး၊ ဗုဒ္ဓဟူးနေ့ညကတည်းက သေဆုံးခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြသည်။ ၎င်းမှာ စိတ်ကျန်းမာရေး မကောင်းသူများ ထားသည့်နေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ခံထားရသူဖြစ်သည်။

    Ref: RT

  • အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    အီရန်၏ နျူသဘောတူညီချက်အတွက် အထက်လွှတ်တော်တွင် အိုဘားမား ဗီတိုသုံး၍ ရပြီ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    obama

    – အီရန်နှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့ ရခဲ့သည့် နျူအရေး သဘောတူညီချက်အား အထက်လွှတ်တော်မှ ဆန့်ကျင်မှုကို ဗီတိုသုံး၍ ပယ်ချရန် အမေရိကန်သမ္မတ အိုဘားမားမှာ လုံလောက်သည့် ထောက်ခံမှုကို ရရှိခဲ့သည်ဟု သိရသည်။

    မေရီလန်းပြည်နယ်မှ အထက်လွှတ်တော်အမတ် ဘာဘရာ မီကူလ်စကီးမှာ အဆိုပါ နျူအရေးသဘောတူညီချက်ကို ထောက်ခံကြောင်း ယမန်နေ့က ပြောဆိုခဲ့ပြီး သဘောတူညီချက်ကို ထောက်ခံသည့် ၃၄ ဦးမြောက် အထက်လွှတ်တော်အမတ်လည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် အထက်လွှတ်တော်မှာ အဆိုပါ သဘောတူညီချက်ကို ပယ်ချနိုင်တော့မည်ဟုတ်ပေ။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သည့် နျူအရေးသဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားစီအစဉ် တိုးတက်အောင် လုပ်ဆောင်မှုကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံများကလည်း အီရန်အပေါ် ပြုလုပ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများအားလုံးကိုလည်း ဖယ်ရှားပေးရမည်ဖြစ်သည်။

    ထိုသဘောတူညီချက်အား အမေရိကန်အထက်လွှတ်တော်နှင့် အီရန်ပါလီမန်တို့က အတည်ပြုရမည်ဖြစ်ကာ ထို့နောက်တွင်မှ သက်ရောက်မှုရှိမည်ဖြစ်သည်။ အထက်လွှတ်တော်တွင် အများစုဖြစ်သော ရီပက်ဘလစ်ကန်များကမူ အီရန်မှာ နျူးကလီးယားဗုံး လုပ်ရန်အတွက် ယခုနည်းလမ်းဖြင့် လိမ်ညာခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။ အီရန်ကမူ ယခင်ကတည်းက ၎င်းတို့၏
    နျူအစီအစဉ်မှာ အရက်ဖက်အတွက် အသုံးပြုရန်ဖြစ်သည်ဟု တစ်စိုက်မတ်မတ် ပြောဆိုထားသည်။

    အမေရိကန် အထက်လွှတ်တော်အနေဖြင့် အဆိုပါသဘောတူညီချက်ကို လက်မခံလျှင် အိုဘားမားက ဗီတိုသုံး၍ ငြင်းဆိုမှုကို ပယ်ချနိုင်သော်လည်း ဗီတိုအသုံးပြုရန်အတွက် အထက်လွှတ်တော် အမတ်များမှ ၃ ပုံ ၂ ပုံ၏ ထောက်ခံမှုကို လိုအပ်သည်။ မီကူလ်စကီး၏ ထောက်ခံမှုကြောင့် အိုဘားမားလိုအပ်သော အမတ်အရေအတွက်မှာ ပြည့်သွားပြီဖြစ်သည်။ အထက်လွှတ်တော်မှာ ထိုသဘောတူညီချက်နှင့်ပတ်သက်၍ ယခုလနှောင်းပိုင်းတွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref: Aljazeera

  • ကြောင်စာထုတ်လုပ်ရာတွင် ကျွန်ပြုခံလုပ်အား ပါဝင်သည့်ကိစ္စကြောင့် Nestle ကို စားသုံးသူများ တရားစွဲ

    ကြောင်စာထုတ်လုပ်ရာတွင် ကျွန်ပြုခံလုပ်အား ပါဝင်သည့်ကိစ္စကြောင့် Nestle ကို စားသုံးသူများ တရားစွဲ

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    fish

    – ကြောင်စာထုတ်လုပ်သည့် လုပ်ငန်း၏ ကွင်းဆက်တွင် ကျွန်ပြုခိုင်းစေမှုများ ရှိနေသောကြောင့် ကမ္ဘာကျော် အစားအသောက်ထုတ်လုပ်သည့် Nestle ကုမ္ပဏီအား ကယ်လီဖိုးနီးယားရှိ စားသုံးသူများက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    Fancy Feast တံဆိပ်ဖြင့် ထုတ်လုပ်သည့် ကြောင်စာဖြစ်ပြီး အဆိုပါ ကြောင်စာထုပ်လုပ်ရန်အတွက် ကုန်ကြမ်းရရှိမှု ကွင်းဆက်တွင် ကျွန်ပြုခံလုပ်သားများ သုံးစွဲမှုရှိသည်ဟု တရားလိုများ၏ စုံစမ်းမှုအရ သိရသည်။

    ထိုကြောင်စာထုတ်လုပ်ရန်အတွက် ထိုင်းနှင့် အင်ဒိုနီးရှားအကြားရှိ ပင်လယ်ပြင်များမှ ဖမ်းယူရရှိသော ပင်လယ်စာများကို အသုံးပြုထားပြီး ကယ်လီဖိုးနီးယား အလယ်ပိုင်းခရိုင် တရားရုံးသို့ ယခုသီတင်းပတ်အတွင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    “Nestel ဟာ အခုအချိန်မှာ သူတို့ဆီကိုလာတဲ့ ရင်းမြစ်တွေက ငါးဖမ်းသင်္ဘောတွေဆီ ငါးရောက်တဲ့လမ်းကြောင်းကို မလိုက်နိုင်ပါဘူး။ ပြီးတော့ အဲဒီငါးတွေဟာ ကျွန်ပြုခိုင်းစေခံရတဲ့ လုပ်သားတွေဆီကနေ ရတာမဟုတ်ဘူးလို့လည်း သူတို့ သေချာမပြောနိုင်ပါဘူး။ အခုအချိန်မှာ Nestle ဟာ ငါးတွေဖမ်းပေးတဲ့ ကျွန်ပြုခံ လုပ်သားတွေရဲ့ လုပ်အားကို အမြတ်ထုတ်နေပြီး ဒါဟာ ရှက်စရာပါပဲ” ဟု တရားရုံးသို့ တင်သွင်းသော ဖိုင်တွဲတွင် ရေးသားဖော်ပြထားသည်။

    အဆိုပါ အိမ်မွေးတိရစ္ဆာန်အစာများကို အမေရိကန်သို့ တင်သွင်းရန်အတွက် Nestle မှာ ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Thai Union Frozen Products PCL နှင့် ပူးပေါင်းဆောင်ရွက်ရပြီး၊ အမေရိကန်တွင်ရောင်းချနေရသည့် ထိပ်တန်း တံဆိပ်များမှ အချို့အတွက် အဆိုပါ ထိုင်းကုမ္ပဏီမှာ ပြီးခဲ့သည့်နှစ်အတွင်း ပင်လယ်စာအခြေပြု အိမ်မွေးတိရစ္ဆာန်အစားအစာ ပေါင်ချိန် ၈ သန်းကျော်
    ပို့ပေးခဲ့သည်ဟု တရားလိုများက ထည့်သွင်းပြောကြားခဲ့သည်။

    တိရစ္ဆာန်အစားအစာများ ပြုလုပ်ရန်အတွက် ငါးဖမ်းရာတွင် အဆိုပါထိုင်းကုမ္ပဏီမှာ ကျွန်ပြုခိုင်းစေသည့် လုပ်သားများအပေါ်တွင် မှီခိုနေပြီး မိမိတို့အနေဖြင့် Nestle ၏ တိရစ္ဆာန်အစားအစာများကို ၀ယ်ယူတော့မည်မဟုတ်ဟု တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    Nestle အား တရားစွဲဆိုသူများမှာ နယူးယောက်တိုင်းမ်သတင်းစာမှ မကြာသေးမီက ဖော်ပြခဲ့သော အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ငါးဖမ်းလုပ်ငန်းများ၌ ကျွန်ပြုခံ ကမ္ဘောဒီးယားနှင့် မြန်မာလုပ်သားများအကြောင်းကို ကိုးကားခဲ့သည်။

    “အမေရိကရဲ့ အကြီးဆုံးနဲ့ အကျိုးအမြတ်အများဆုံးရတဲ့ ကုမ္ပဏီကြီးအနေနဲ့ သူတို့ရဲ့ ကုန်ကြမ်းကွင်းဆက်ရဲ့ ဘယ်နေရာမှာမဆို ကျွန်ပြုခံလုပ်အားကိစ္စကို ငြိမ်မနေသင့်ပါဘူး” ဟု စားသုံးသူများက ပြောကြားခဲ့ပြီး Nestle မှာ ကယ်လီဖိုးနီးနယား၏ အစားသောက်ဆိုင်ရာ ကျင့်ဝတ်များကို ချိုးဖောက်သည်ဟုလည်း ဖော်ပြထားသည်။

    Nestle က ပေးပို့သောအီးမေလ်းတွင် အဆိုပါ တရားစွဲဆိုမှုအကြောင်းကို ဖော်ပြထားခြင်းမရှိဘဲ မိမိတို့၏ ကုန်ကြမ်းထောက်ပံ့မှု ကွင်းဆက်တွင် ကျွန်ပြုခိုင်းစေမှုအတွက် နေရာမရှိစေရဟု ရေးသားထားကြောင်း Bloomberg ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    Ref: RT

  • စိန့်လူးဝစ်တွင် လူမည်းလူငယ်တစ်ဦး ရဲတပ်ဖွဲ့၏ ပစ်သတ်မှု ခံရပြန်

    စိန့်လူးဝစ်တွင် လူမည်းလူငယ်တစ်ဦး ရဲတပ်ဖွဲ့၏ ပစ်သတ်မှု ခံရပြန်

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်တောင်စု မစ်ဇူရီပြည်နယ် စိန့်လူးဝစ်တွင် အာဖရိကန်-အမေရိကန်တစ်ဦးကို ရဲတပ်ဖွဲ့က ထပ်မံပစ်သတ်ခဲ့ပြီး ပြည်သူများအကြားတွင် တင်းမာမှုများ မြင့်တက်လာကာ ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ရဲတပ်ဖွဲ့မှာ ဖမ်းဝရမ်းဖြင့် အိမ်တစ်အိမ်တွင် ၀င်ရောက်ရှာဖွေစဉ် လူမည်းလူငယ်နှစ်ဦးမှာ နောက်ဖေးပေါက်မှ ထွက်ပြေးရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စိန့်လူးဝစ် ရဲတပ်ဖွဲ့အကြီးအကဲ ဆမ် ဒေါ့ဆန်က ပြောကြားခဲ့သည်။ စိန့်လူးဝစ်မှာ လွန်ခဲ့သည့်တစ်နှစ်က လူမည်းငယ် မိုက်ကယ်ဘရောင်း ရဲတပ်ဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်မှုကို ခံရသော ဒေသလည်းဖြစ်သည်။

    ရဲတပ်ဖွဲ့မှာ ၎င်းတို့နှစ်ဦးအား ရပ်တန့်ရန် ပြောကြားခဲ့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးက ရဲတပ်ဖွဲ့ဝင်များထံသို့ သေနတ်ဖြင့် ချိန်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များက လေးချက် ပစ်ခတ်ခဲ့ပြီး အဆိုပါ လူမည်းလူငယ်ကို သေဆုံးစေခဲ့သည်ဟု ဒေါ့ဆန်က ထည့်သွင်း ပြောကြားခဲ့သည်။

    သေဆုံးသွားသူမှာ အသက် ၁၈ နှစ်အရွယ်ရှိ မန်ဆူရ် ဘောလ်ဘေးဆိုသူ ဖြစ်သည်။ အဆိုပါဖြစ်ရပ် ဖြစ်ပွားပြီးနောက် စိန့်လူးဝစ်ရှိ ပြည်သူများမှာ လမ်းပေါ်သို့ ထွက်လာကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး လမ်းဆုံလမ်းခွများအား ပိတ်ဆို့ခဲ့ကြသည်။

    ထို့ပြင် ဆန္ဒပြသူများမှာ ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း ၎င်းတို့အား မျက်ရည်ယိုဗုံးများဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ ဆန္ဒပြသူများထဲမှ အနည်းဆုံး ၉ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

    လွန်ခဲ့သည့် ၁၀ ရက်ကလည်း စိန့်လူးဝစ်ဆင်ခြေဖုံး ဖာဂူဆန်ဒေသရှိ လမ်းမများပေါ်တွင် အသက် ၁၈ နှစ်အရွယ် လူမည်းလူငယ် မိုက်ကယ်ဘရောင်းအား ရဲတပ်ဖွဲ့က ပစ်သတ်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူများက ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    Ref: PressTV

  • IS အကြောင်းပြ၍ အမေရိကန်စစ်တပ်များ အီရတ်သို့ ပြန်ရောက်လာနိုင်

    IS အကြောင်းပြ၍ အမေရိကန်စစ်တပ်များ အီရတ်သို့ ပြန်ရောက်လာနိုင်

    သြဂုတ် ၁၄၊ ၂၀၁၅
    M-Media

    us

    – IS အဖွဲ့ကို ချေမှုန်းရန်အတွက် အမေရိကန်မှာ အီရတ်သို့ စစ်သားများစေလွှတ်ရန် စဉ်စားနေပြီး အချိန်ကျသည့်အခါ ထိုကိစ္စအား သမ္မတ ဘာရက်အိုဘားမားထံသို့ တင်သွင်းသွားမည်ဟု အငြိမ်းစား အမေရိကန် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရေး အိုဒီယာနိုက ပြောကြားလိုက်သည်။

    “(အီရတ်စစ်တပ်နဲ့) စစ်သားအချို့ကို ပေါင်းပေးဖို့ ကျွန်တော်တို့ အသေအချာကို စဉ်းစားကောင်းစဉ်းစားမှာပါ။ ပြီးတော့ ထူးခြားမှုရှိလားဆိုတာကို ကြည့်ရမှာပေါ့” ဟု ဗိုလ်ချုပ် ရေး အိုဒီယာနိုက ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် ၎င်း၏ နောက်ဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်စစ်တပ်တွင် နှစ်ပေါင်း ၄၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ယနေ့တွင် အနားယူသွားခဲ့သည်။

    အီရတ်စစ်ပွဲတစ်လျှောက်လုံးနီးပါးတွင် အိုဒီယာနိုမှာ အမေရိကန်တပ်ဖွဲ့များအား ညွှန်ကြားခဲ့သူဖြစ်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အီရတ်တွင် ထိပ်တန်းတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ အီရတ်သို့ ထပ်မံသွားရောက်ရန်မှာ တိုက်ခိုက်ရေးအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အီရတ်စစ်တပ်များအား အားပေးကူညီရန်နှင့် ၎င်းတို့နှင့်အတူ ရွေ့လျားရန်ဖြစ်သည်ဟု အိုဒီယာနိုက ထည့်သွင်းပြောကြားခဲ့သည်။

    “(အမေရိကန်စစ်သားတွေ အီရတ်ကိုလွှတ်တာဟာ) ရွေးချယ်မှုတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ အချိန်ကျရင် (သမ္မတအိုဘားမားဆီကို) ကျွန်တော်တို့ တင်သွင်းသွားမှာပါ”

    အမေရိကန်မှာ ဆက်ဒမ်ဟူစိန်အစိုးရတွင် ဖျက်အားပြင်းလက်နက်များရှိသည်ဟု အကြောင်းပြကာ အီရတ်နိုင်ငံသို့ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး၊ မည်သည့်ဖျက်အားပြင်းလက်နက်မှလည်း တွေ့ရှိခဲ့ခြင်း မရှိချေ။ ထို့နောက်ပိုင်းတွင် အီရတ်နိုင်ငံမှာ တည်ငြိမ်မှုပျက်ပြားခဲ့ပြီး အကြမ်းဖက် IS အဖွဲ့လည်း ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် IS အဖွဲ့မှာ နိုင်ငံ၏ ၃ ပုံ ၁ ပုံကို သိမ်းပိုက်ထားသည်။

    Ref: RT